Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား လွတ်ငြိမ်းချမ်းသားပေးခြင်းသည် သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ ကူးပြောင်းရေး ကတိကဝတ် လက္ခဏာ တရပ်အား မြန်မာအစိုးရ ပြသခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်း များနှင့် ပြည်တွင်း သတင်းစာဆရာများက ပြောဆိုကြသည်။
နိုင်ငံတော်လျှို့ဝှက်ဥပဒေဖြင့် ထောင် ၇ နှစ်စီပြစ်ဒဏ်ချခံထားရသည့် ၎င်းတို့အနေဖြင့် ယနေ့ပေးအပ်သည့် သမ္မတ၏ လွတ်ငြိမ်းချမ်းသားခွင့်တွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရချိန်မှစတင်၍ ၁ နှစ်နှင့် ၅ လနီးပါးကြာ အကျဉ်းထောင်တွင် နေ ထိုင်ခဲ့ရသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံး က “တရားရုံးချုပ်မှ နောက်ဆုံး ဆုံးဖြတ်ချက်ချပြီး ရက်အနည်းငယ်အကြာတွင် ၎င်းတို့ နှစ်ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းသည် အစောပိုင်း တရားစီရင်ရေးတွင် လိုအပ်ချက်ရှိနေသည်ကို မြန်မာအစိုးရက နားလည် သဘောပေါက်ပြီး တရားဥပဒေ စိုးမိုးရေးကို အားပေးသည့် အစိုးရ၏ ကတိကဝတ်နှင့်အညီ လုပ်ဆောင် လိုက်ခြင်းဖြစ်သည်” ဟု ထုတ်ပြန်ထားသည်။
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဖော်ထုတ်ခဲ့သည့် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနီး ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရမှု အပေါ် တပ်မတော်က ဝန်ခံခဲ့ရပြီး ပါဝင်ပတ်သက်ခဲ့သည့် အရာရှိ/စစ်သည် ၇ ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခအပေါ် တပ်မတော်၏ကိုင်တွယ်ပုံနှင့် သတင်းထောက်များအား ဖမ်းဆီးခြင်းတို့ အပေါ် နိုင်ငံတကာမှ ဝေဖန်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် မေးခွန်းထုတ်ခဲ့ကြသည်။
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ သတင်းစုံစမ်းဖော်ထုတ်ရေးသားမှုကြောင့် ကမ္ဘာ့စာနယ်ဇင်းလောကတွင် အမြင့်ဆုံးဖြစ် သည့် ပူလစ်ဇာဆုရရှိခဲ့သည့်အပြင် UNESCO ကပေးအပ်သည့် Guillermo Cano Press Freedom ဆုကိုလည်း ချီးမြှင့်ခံထားရသူများဖြစ်သည်။
ဧရာဝတီ သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်ဇော် က “သူတို့ကို ဒီထက်ပိုစောပြီး လွတ်ပေးခဲ့ရင် ကျနော်တို့တိုင်းပြည် အတွက် ကျဆင်းနေခဲ့တဲ့ ပုံရိပ်အတွက် ပိုပြီးတော့ အကျိုးရှိနိုင်ပါတယ်၊ ဒါပေမယ့် အခုလိုလွတ်မြောက်လာတာ သတင်း ကောင်းပါပဲ၊ သူတို့ဟာ အစကတည်းက ထောင်ထဲမှာမရှိသင့်တဲ့ လူတွေပါ” ဟု သုံးသပ်ပြောကြားသည်။
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အနေဖြင့် ပြစ်ဒဏ်ချမှတ်မှုအပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ အယူခံတင်ပြခဲ့ သော်လည်း ဧပြီ ၂၃ ရက်နေ့တွင် ပလပ်ခံခဲ့ရပြီးနောက် သမ္မတ၏ ယခုနှစ်အတွင်း တတိယ အသုတ်အဖြစ် ပေးအပ်သည့် လွတ်ငြိမ်းချမ်းသာခွင့်ရသူ ၆၅၀၀ ကျော်နှင့်အတူ ပြန်လည် လွတ်မြောက်လာခြင်းလည်းဖြစ်သည်။
ကယားပြည်နယ် ရောက်ရှိနေသည့် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က “ကျော်စိုးဦးနဲ့ဝလုံးတို့ မိသားစုတွေက ပြီးခဲ့တဲ့ မဏ္ဏိုင်လေးရပ် ဆွေးနွေးပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတတို့ဆီ စာပို့ပါတယ်၊ ပို့လာတဲ့အပေါ် လူကြီးတွေက နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွား အတွက် မျှော်တွေးပြီးတော့ Reuters သတင်းထောက် နှစ်ယောက်ကို ပြန်လွတ်ပေးခဲ့ တာဖြစ်ပါတယ်”ဟု မီဒီယာများအား ရှင်းပြသည်။
Reuters သတင်းထောက်များအပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မီဒီယာများအပေါ် တပ်မတော်၏ တရားစွဲဆိုမှုများ ဆက်လက်မြှင့်တက်လျှက်ရှိရာတွင် ပြီးခဲ့သည့်ဧပြီလ အတွင်းကလည်း RFA၊ The Irrawaddy တို့အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်လည်းကောင်း၊ ရခိုင်အခြေစိုက် DMG သတင်းဌာနအား မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၂) ဖြင့်လည်းကောင်း အမှုဖွင့် တရားစွဲဆိုမှုများပြုလုပ်ထားသည်။
ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော် က “တချိန်တည်းမှာပဲ အခုဆိုရင် မီဒီယာတွေကို ဖမ်းဆီးခြိမ်းခြောက် တရားစွဲတာတွေ များလာတာဟာ စိုးရိမ်စရာကောင်းပါတယ်၊ လွတ်လပ်ပြီး professional ဖြစ်တဲ့ မီဒီယာတွေရှိတာဟာ နိုင်ငံရဲ့ ပုံရိပ်အတွက်ရော နိုင်ငံတကာအမြင်မှာပါ ပိုကောင်းပါတယ်၊ အစိုးရအနေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေ ရှင်သန်အောင် ပျိုးထောင်ရမယ့် တာဝန်ရှိသလို သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်လည်း ရှိပါတယ်” ဟု ပြောသည်။
နိုင်ငံတော် သမ္မတ အနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအား အဓိကထားသည့် အနေဖြင့်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့မှ တင်ပြခဲ့သည့် တပ်ဖွဲ့ဝင် ၂၃ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ကြောင်း ဦးဇော်ဌေးက ပြောသည်။
ကုလသမဂ္ဂနှင့် ဗြိတိသျှတို့အနေဖြင့်လည်း Reuters သတင်းထောက်နှစ်ဦးအား ပြန်လည်လွတ်ပေးခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ ခက်ခဲရှုပ်ထွေးလှသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်တို့အတွက် ကူညီထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားကြသည်။
ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့၏ သတင်းစုံစမ်းဖော်ထုတ်ရေးသားမှုကြောင့် ကမ္ဘာ့စာနယ်ဇင်းလောကတွင် အမြင့်ဆုံးဖြစ် သည့် ပူလစ်ဇာဆုရရှိခဲ့သည့်အပြင် UNESCO ကပေးအပ်သည့် Guillermo Cano Press Freedom ဆုကိုလည်း ချီးမြှင့်ခံထားရသူများဖြစ်သည်။