ရန်ကုန် အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို ဆက်သွယ်မည့် ရန်ကုန် မိုးပျံ ရထားလမ်းပိုင်း (၁) တည်ဆောက်ရန် သိမ်း ဆည်းမည့် မြေနေရာများကို လျော်ကြေး အပြင် နစ်နာကြေးပါ ပေးရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၃ရက်နေ့က ရန်ကုန် မြို့ပြ လူထု ရထား ပို့ဆောင်ရေး စီမံကိန်း (YUMRT) တည်ဆောက်ရန် လှိုင် သာယာ-ပါရမီ လမ်းပိုင်း၌ မြေသိမ်းဆည်းခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက (YCDC) ထုတ်ပြန်ထားသည်။
ရန်ကုန် မိုးပျံရထားလမ်း စီမံကိန်းတွင် ရန်ကုန်မြို့ အရှေ့-အနောက်ပိုင်းကို လှိုင်သာယာ- တောင်ဒဂုံမြို့နယ် တိုးကြောင် ကလေးနှင့် ရန်ကုန်မြို့ တောင်-မြောက်ပိုင်းကို ဒလ မြို့နယ်- ဘူတာကြီး- မင်္ဂလာဒုံ လေဆိပ် လမ်းပိုင်း နှစ်ခု အဖြစ် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ရထားလမ်း အပိုင်း (၁)မှာ လှိုင်သာယာ ဘူတာမှ စ၍ ပါရမီ ဘူတာ အထိ ၁၈ ကီလိုမီတာ (၁၁ မိုင်ကျော်) ရှိ မည် ဖြစ်ပြီး ရထားလမ်း အတွက် မြေသိမ်းရန် လိုအပ်သော လမ်းအကျယ်မှာ ရန်ကုန်-ပုသိမ် လမ်းပိုင်းတွင် ၂၉ မီတာနှင့် ပါရမီ လမ်းပိုင်း အတွက်၂၂ မီတာ ရှိမည် ဖြစ်ကြောင်း YCDC ထုတ်ပြန်ချက်တွင် ပါရှိသည်။
မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက “ကျနော်တို့တွေ အစည်းအဝေးတွေမှာ ဆွေးနွေး ပြောဆိုကြတဲ့ အခါ အစိုးရက မြေသိမ်းတဲ့ ကိစ္စတွေကို လျော်ကြေး အပေါင်း နစ်နာကြေး ဆိုပြီး ပေးမယ်လို့ ပြောထားတဲ့ အပြင် ပြည်သူတွေ လက်ခံနိုင်တဲ့ အနေအထား အထိ လုပ်ပေးမယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြော သည်။
အဆိုပါ ရထားလမ်းပိုင်း အတွက် မြေသိမ်းမှုများသည် ဧက အလိုက် အများအပြား သိမ်းဆည်းမည့် ပုံစံမျိုး မဟုတ်ဘဲ လမ်းပိုင်း အတွက် မလွတ်သော နေအိမ်များ၏ အရှေ့အနား အစပ်များသာ ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။
မြေသိမ်းဆည်းရာတွင် လှိုင်သာယာ ဘူတာ ပရဝုဏ် အတွင်း မြေ ၅၄ ဧကကျော်၊ ရန်ကုန်-ပုသိမ်လမ်း တလျှောက်တွင် ရထားလမ်း အလယ်မျဉ်းမှ ဘေးတဖက် တချက်ဆီသို့ ၁၄ မီတာခွဲ (၄၇ ပေခွဲ) ပါရမီလမ်းဘေး တဖက်စီတွင် ၁၁ မီတာ (၃၆ ပေ) ပါဝင်မည် ဖြစ်သည်။
အဆိုပါ စီမံကိန်း အကောင်အထည် ဖော်ရန် တိုင်းဒေသကြီး အစိုးရက ပြန်လည် နေရာချထားရေး၊ ပံ့ပိုး ကူညီမှုများ ပေး အပ်နိုင်စေရေး စီမံကိန်း အတွက် အကျုံးဝင်သည့် နောက်ဆုံးနေ့ (Cut off Date) ကို မေလ ၆ ရက် အဖြစ် သတ်မှတ် ထားပြီး၊ ယင်း နေ့ နောက်ပိုင်း လျော်ကြေးပေးမည့် မြေနေရာများတွင် တည်ဆောက်ထားသော အဆောက်အအုံများ ကို ပြုပြင်တည်ဆောက်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ အဆောက်အအုံ အသစ် တည်ဆောက်ခြင်း၊ မြေယာ လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်ပါက မြေယာ လျော်ကြေး၊ ပြန်လည် နေရာချထားရေးနှင့် ဂရုဏာကြေးများ ရရှိမည် မဟုတ် ကြောင်းလည်း ကြေ ညာထားသည်။
လှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “ဘူတာရုံတွေ တည်ဆောက်တဲ့ နေရာ တွေ လောက်ပဲ မြေသိမ်း ကိစ္စတွေ များနိုင်တယ်။ လမ်းပိုင်း အတွက်က တချို့နေအိမ်တွေက လမ်းမြေကို ကျူးပြီး တည် ဆောက်ထားမှုတွေ ရှိတော့ လမ်းနယ်နိမိတ် အတိုင်း ဆိုရင် ရလောက်တယ်။ ငြိလည်း နည်းနည်းပါးပါးပဲ ရှိနိုင်တယ်” ဟု ပြောသည်။
ရန်ကုန် မိုးပျံ ရထားလမ်း စီမံကိန်းကို ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ ဖွံ့ဖြိုးမှု ချေးငွေ (ODA) နှင့် တည်ဆောက်သွားမည် ဖြစ်ပြီး၊ ယခု အပိုင်း (၁) စီမံကိန်း အတွက် စီမံကိန်း သက်ရောက်မည့် ဧရိယာ တခုလုံးကို သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်မှု ဆန်းစစ် လေ့လာချက် (EIA/SIA) များကို မေလ ၆ ရက်မှ စ၍ ဇွန်လ ၃၀ ရက် အထိ စစ်တမ်း ကောက်ယူသွားမည် ဖြစ်သည်။
ရန်ကုန် မိုးပျံ ရထားလမ်းနှင့် ပတ်သက်၍ ဒေသခံများ အနေဖြင့် စီမံကိန်း အကောင်အထည်ဖော်မည့် ကိစ္စများကိုသာ ကြားသိရသေးပြီး မည့်သည့် နေရာများသည် မြေသိမ်းခံမည့် ဧရိယာထဲတွင် ပါဝင်နေကြောင်းကို မသိရှိသေးကြောင်း လှှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်လမ်းပိုင်း အနီး နေထိုင်သူများက ဆိုသည်။
အဆိုပါ စီမံကိန်း အတွက် JICA က ၂၀၁၂ ခုနှစ်မှ စတင် ကာ လေ့လာ ဆန်းစစ်မှုများ လုပ်ဆောင်ခဲ့ပြီး ၂၀၃၅ ခုနှစ်တွင် စီမံကိန်းကြီး တခုလုံး ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။