မပြေမလည်ဖြစ်နေသည့် ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ရွှေ့ ပြောင်းနိုင်ရေး ကိစ္စကို ယခုမေလအတွင်း အပြီးပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ် ရုပ်တု ရွှေ့ပြောင်းရေးနှင့် ပတ်သက်၍ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကယား ပြည်နယ် အစိုးရအဖွဲ့နှင့် ကရင်နီပြည် လူငယ်များ အင်အားစု သပိတ်ကော် မတီတို့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲအပြီး ယင်းသို့ရလဒ်ထွက်ခဲ့ကြောင်း သပိတ်ကော်မတီမှ ခွန်းသောမတ်စ်က ဧရာဝတီကို ပြော သည်။
ခွန်းသောမတ်စ်က “သူ့ (ပြည်နယ်ဝန်ကြီးချုပ်) တဦးတည်းဆို ရွှေ့ပြောင်းနိုင်တဲ့ အလားအလာ အများကြီး ရှိပါတယ်။ အဓိကကတော့ ရွှေ့ ပြောင်းရေး လမ်းစကို တွေ့တယ်။ ဘယ်လို ရွှေ့ကြမလဲဆိုတဲ့ အသေးစိတ်ကို ထပ်ပြီးကြိုးစားမယ်။ ဒီတလအတွင်းမှာတော့ ဒီကိစ္စတွေ(ရွှေ့ပြောင်းရေး)ကို ပြတ်အောင် လုပ်ကြမယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက ကြေးရုပ်ရွှေ့ပြောင်းရေး ကိစ္စနှင့် ပတ်သက်၍ ကြားခံစေ့စပ် အကောင်အထည်ဖော်မည့် လွှတ်တော် ကိုယ်စားလှယ်၊ လက်နက်ကိုင်အဖွဲ့အစည်း၊ ဘာသာရေးခေါင်းဆောင်နှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၈ ဦး ပါဝင်သော ကော်မတီ တခုကို ဖွဲ့လိုက်နိုင်ကြောင်း၊ ကြေးရုပ်ရွှေ့ပြောင်းရေး ကိစ္စနှင့်ပတ်သက်၍ မေလ ၁၄ ရက်တွင် ပြည် နယ်အစိုးရ နှင့် ထပ်မံ တွေ့ဆုံသွားမည် ဖြစ်ကြောင်း ရှင်းပြသည်။
အဆိုပါ ၄ ပွင့်ဆိုင် တွေ့ဆုံပွဲကို ယနေ့ (မေ ၇ ရက်)တွင် လွိုင်ကော်မြို့ ကိန္နရာဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေး ပထမပိုင်း မိန့်ခွန်းပြောအပြီး ခဏနားချိန်တွင် NRPC မှ တာဝန်ရှိသူများ နေပြည်တော်သို့ ပြန်လည် ထွက် ခွာသွားခဲ့ကြပြီး KNPP ကိုယ်စားလှယ်များလည်း ပြန်လည်ထွက်ခွာသွားကြရာ ကျန်သည့် ပြည်နယ်အစိုးရအဖွဲ့နှင့် ကြေးရုပ် ကန့်ကွက်သည့် သပိတ်ကော်မတီတို့သာ မွန်းလွဲပိုင်းတွင် ဆက်လက်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ဆွေးနွေးပွဲသို့ အသိသက်သေအနေဖြင့် တက်ရောက် ပါဝင်ခဲ့သူ ကယန်းအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ခွန်ဘီထူးက “လောလောဆယ်တော့ ကြေးရုပ်ရွှေ့ပြောင်းနိုင်ရေးဘက်ကို ရောက်သွားပြီ။ အစကတော့ အစိုးရဘက်ကလည်း လုံးဝ မ ရွှေ့နိုင်ဘူး။ သပိတ်ကော်မတီကလည်း လုံးဝ ရွှေ့ရမယ်ဆိုပြီး ပြောနေတဲ့ အနေအထားကနေ ကြေးရုပ်ရွှေ့နိုင်ရေးကိစ္စကို အဖြေရှာကြမယ်ဆိုတဲ့ ရလဒ်နဲ့ ပြီးသွားတယ်။ နည်းနည်း တိုးတက်လာတယ်လို့ မြင်တယ်” ဟု မှတ်ချက်ပြုသည်။
ဆက်လက်၍ ၎င်းက ပြည်နယ်အစိုးရဘက်မှ ကြေးရုပ်ရွှေ့ပြောင်းနိုင်ရေး ကိစ္စကို အချိန်ယူ ဆောင်ရွက်မည့် သဘောရှိရာ လာမည့် မေ ၁၄ ရက်တွင် ပြန်လည်တွေ့ဆုံမည်ဖြစ်ကြေင်း၊ ယင်းနေ့တွင် ယတိပြတ်ရလဒ်မထွက်ဘဲ ထပ်မံ အဖြေရှာရန် လိုအပ်ပါက မေ ၃၀ တွင် တွေ့ဆုံမည်ဟု သဘောတူညီမှု ရရှိခဲ့ရာ အပြုသဘောဆောင်သည့် ရလဒ်ဖြစ်သည်ဟု ဆိုသည်။
ခွန်းသောမတ်စ် က “ပြည်နယ်ဝန်ကြီးချုပ်က ကျနော်တို့ကို မေတ္တာရပ်ခံထားတာ တခုက ကျနော်တို့ကို အချိန်တခုလေး တောင်းတယ်။ သူကတော့ ကြေးရုပ်ရွှေ့ပြောင်းရေးကိစ္စကို အဓိက ကြိုးစားမယ်။ ဒါပေမယ့် ကြေးရုပ်ကို ထောက်ခံတဲ့ အုပ် စုလည်း ရှိနေတော့ သူက အဲဒီလူတွေကို နားလည်အောင် ရှင်းပြရမယ်လို့ ပြောတယ်။ ဆိုတော့ သူက အချိန်ယူတဲ့ ပုံစံမျိုး ပါပဲ” ဟု ပြောသည်။
ယနေ့ တွေ့ဆုံပွဲတွင် သပိတ်ကော်မတီမှ တောင်းဆိုထားသည့် ရွှေ့ပြောင်းရေးကိစ္စကို ပြည်နယ်အစိုးရကိုယ်တိုက် လမ်း ကြောင်း ဖွင့်ပေးလိုက်သည့်အတွက် တိုးတက်မှုရှိသည်ဟု သတ်မှတ်ကြောင်း ၎င်းက ဆိုသည်။
ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းအောင်က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို တစုံတဦးကသော်လည်း ကောင်း၊ တဖွဲ့ကသော်လည်းကောင်း ဖြုတ်ချပစ်မည်၊ ဖယ်ရှားပစ်မည် ဆိုပါက လုံးဝ သဘောမတူနိုင်ကြောင်း မတ်လအ တွင်းက ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအပြီးတွင် ဧရာဝတီကို ပြောဆိုထားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကရင်နီပြည် လူငယ်များ အင်အားစု သပိတ်ကော်မတီဘက်မှလည်း ဗိုလ်ချုပ်ကြေးရုပ်ကို ပြည်နယ် ပြင်ပသို့ ရွှေ့ပြောင်းရန်၊ ပြည်နယ်ပြင်ပသို့ ရွှေ့ပြောင်းပေးရန် အဆင်မပြေပါက အများနှင့် မသက်ဆိုင်သည့် နေရာ (NLD ရုံး၊ ပရဟိတရုံး)တွင် ထားရှိရန်ဟု နည်းလမ်း ၂ ရပ်ကို အဆိုပြုထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဗိုလ်ချုပ် ရုပ်တု ဖယ်ရှားရေးနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ညှိနှိုင်းဆွေးနွေးပွဲများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဆက်စပ်လင့်ခ် – ကယား ဗိုလ်ချုပ် ရုပ်တု ရွှေ့ပြောင်းရေး တွေ့ဆုံပွဲ ရလဒ် မထွက်