ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (UNOCHA) ၏ လူသားချင်းစာနာမှု အရေးကိစ္စများဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးနှင့် အရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေး ဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာ (Ursula Mueller) သည် မြန်မာနိုင်ငံသို့ တပတ်ကြာ လာရောက်မည်ဖြစ်သည်။
မစ္စအာရ်ဆူလာမြူလာ ၏ ခရီးစဉ်ကို မေလ ၉ ရက်မှ ၁၅ ရက်အထိ လာရောက်မည်ဖြစ်ပြီး ဖြစ်ပြီး သူမ၏ ခရီးစဉ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် ဒေသများသို့ သွား ရောက်၍ ဒေသတွင်းရှိ အစိုးရအဖွဲ့အစည်းများ အပါအဝင် NGO များနှင့် UN အဖွဲ့များဖြင့် တွေ့ဆုံ မည်ဖြစ်ကြောင်း United Nations OCHA Myanmar က မေ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါ်နွဲ့ယဉ်အေး က “သူ့အာဂျင်ဒါမှာတော့ သူက ကချင်ကို သွားမယ်၊ ကချင်အစိုးရ အဖွဲ့နဲ့တွေ့မယ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနဲ့တွေ့မယ်၊ အဲမှာရှိတဲ့ NGO တွေနဲ့တွေ့မယ်၊ နောက်ပြီးတော့ ကချင်က သူတို့ UN ကအဖွဲ့ နဲ့ တွေ့ မယ်ဆိုပြီး ပြောထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မစ္စအာရ်ဆူလာမြူလာသည် ကချင်ပြည်နယ်သို့ မေ ၉ ရက်မှ ၁၀ ရက်နေ့ထိ သွားရောက်ကာ မိုင်းနာ၊ မြေပျော် စံပြ ပြန်လည်နေရာချထားရေး အပါအဝင် ဂျိုဇက်၊ ရွှေနဒီ IDP၊ ဂျွန်မဇက်စသည့် စစ်ရှောင်စခန်းများသို့ သွားရောက် ကြည့်ရှုမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနမှ သိရသည်။
အလားတူ မေ ၁၂ ရက်နှင့် ၁၃ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေသို့ သွားရောက်ကာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နယ်လုံဝန်ကြီး၊ ရခိုင်ပြည်နယ်ရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် UN အဖွဲ့ဝင်များကို တွေ့ဆုံမည်ဖြစ်သလို မိခင်နို့ဝါးတောင် သို့မဟုတ် ငှက်ချောင်း-၂ တခုခုသို့ သွားရောက် ကြည့်ရှုမည်ဖြစ်ကြောင်း လည်း ၎င်းဝန်ကြီးဌာနကဆိုသည်။
မစ္စအာရ်ဆူလာမြူလာ၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး UNOCHA က ထုတ်ပြန်ထားရာမှာတော့ မစ္စမြူလာ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်သည့် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ လူသားချင်းစာနာမှု အကူအညီလိုအပ်သည့် အခြေအနေများ၊ ဆက်လက် ဖြစ် ပွားလျက်ရှိသည့် ပဋိပက္ခ၏ သက်ရောက်မှု အခြေအနေများကို ကိုယ်တိုင်ေ်တွ့မြင်၊ သိရှိနိုင်ရန်နှင့် အဆိုပါ ပြည်နယ်များတွင် နေထိုင်လျက်ရှိသည့် နေရပ်စွန့်ခွာ တိမ်းရှောင်သူများနှင့် ထိခိုက်လွယ်သည့် အခြေအနေရှိ သူများအတွက် ရေရှည်တည့်တံ့သော ဖြေရှင်းမှုနည်းလမ်းများနှင့် စပ်လျဉ်းပြီး ဆွေးနွေးရန် အတွက်ဖြစ်ပါ ကြောင်း ဆိုထားသည်။
ထုတ်ပြန်ချက်တွင် “မစ္စမြူလာအနေဖြင့် မိတ်ဖက်လက်တွဲ လုပ်ဆောင်လျက်ရှိသူများနှင့် တွေ့ဆုံသည့် အစည်းအဝေးများတွင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများကို တိုးတက်စေမည့် နည်းလမ်း များနှင့်အဆိုပါ လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မည်သို့ ချိတ်ဆက်ဆောင်ရွက်မည် အစရှိ သည်တို့ကို ဆွေးနွေးသွားမည်” ဟုလည်း ပါရှိသည်။
မစ္စအာရ်ဆူလာမြူလာ၏ ခရီးစဉ်သည် ကချင်ပြည်နယ် စစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တို့ ဒုက္ခသည်များ နေရပ်ပြန်လည်ချထားရေး ဆွေးနွေးမှု များအပေါ် လာရောက် စုံစမ်းခြင်း ဖြစ်နိုင်သည်ဟု မြင်ကြောင်း KHCC ဥက္ကဋ္ဌ လည်းဖြစ် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ လည်းဖြစ်သူ ဒေါက်တာ ခလမ်ဆမ်ဆွန် က ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ ခလမ်ဆမ်ဆွန် က “လောလောဆယ် အခက်အခဲ ဖြစ်နေကြတာက တချို့က နေရပ်ပြန်လည် နေထိုင်ရေးမှာ ပြန်ချင်တဲ့လူရယ်၊ မပြန်ချင်တဲ့လူရယ် အဲဒါမျိုးရှိနေကြတာပေါ့၊ မပြန်ချင်တဲ့လူတွေကတော့ ရွာပြန်လည်း ဘာမှ လုပ်ကိုင်ဖို့ မရှိတဲ့ အလုပ်လက်မဲ့ ပုံစံမျိုးရှိနေတာတွေရှိကြတယ်၊ ဆိုတော့ ကျနော်တို့မှာ သက်မှတ်ထားတဲ့ စံချိန် စံညွန်းနဲ့ ချိန်ကိုက်ပြီးမှ ကျနော်တို့ ပြန်ဖို့အရေးမှာ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုက ဆက်လက်ပြီးတော့ အများကြီး လိုမယ်ဆိုတာ နားလည်လို့ရတာပေါ့၊ မပြန်ချင်တဲ့လူတွေ ပြန်ဖို့ ခက်ခဲတဲ့လူတွေက ခဏပြောတဲ့ ပံ့ပိုးမှုပိုင်းဆိုင် ရာမှာ ခက်ခဲမှာကို စိုးရိမ်ကြတာပေါ့”ဟု ပြောသည်။
မစ္စအာရ်ဆူလာမြူလာ၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် မည်သည့် ဒုက္ခသည် စခန်းကို သွားမည် မသိရသော်လည်း ကမ္ဘာက စိတ်ဝင်စားနေကြသည့် ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများကိုသာမကဘဲ တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ တိုက်ပွဲများကြောင့် စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြရသည့် ရခိုင်စစ်ဘေးရှောင် ၃ သောင်းကျော်ကိုလည်း သွားရောက် စေလိုကြောင်း ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က အကြံပြုသည်။
ဦးဖေသန်း က “ကျနော်တို့ ဖြစ်စေချင်တာကတော့ AA နဲ့ မြန်မာ့ တပ်မတော်ကြားမှာ အခုလောလော လတ်လတ် ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် ဒေသမှာ ဖြစ်ပေါ်နေတဲ့ ဒုက္ခသည်တွေရဲ့ အခက်အခဲပေါ့နော် အဲဒါလေးကိုပဲ UNOCHA ကလာရင် အဲဒီနေရာတွေကိုလည်း သွားရောက်စေချင်တယ်။ အဲဒါမှလည်း ငြိမ်းချမ်းရေးကို တဖက်တလမ်းက ကူညီရာရောက်မယ်လို့ ကျနော်တို့ ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာပေါင် ၁၇၁ ရွာက စခန်းပေါင်း ၈၀ ကျော်တွင် တိုက်ပွဲရှောင် ဒုက္ခသည် စုစုပေါင်း ၁၂၀၀၀၀ ကျော်ရှိနေကြောင်း KBC က ဆိုသည်။
အလားတူ ရခိုင်ပြည်နယ်တွင်လည်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ ယခုနှစ် ဧပြီလထိ AA နှင့် တပ်မတော် တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် တိုက်ပွဲရှောင် ၃၀၀၀၀ ကျော် ရှိလာခဲ့ကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ် တွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လက အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ၏ တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီး ဘင်္ဂလားဒေ့ရ်ှ ဘက်သို့ ဘင်္ဂါလီ ၅ သိန်းကျော် ထွက်ပြေး ခိုလှုံနေကြရသော ဖြစ်စဉ်များလည်း ရှိသည်။