ထိုင်းဘုရင် မဟာဗီဂျာရာလောင်ကွန်သည် ထောင်နှင့်ချီသော ပြည်သူများကို ၎င်း၏ ရာဇဘိသိက် ခံယူပွဲ နောက်ဆုံးနေ့ဖြစ်သည့် တနင်္လာနေ့က တော်ဝင်နန်းတော် ဝရံတာမှထွက်၍ လက်ပြ နှုတ်ဆက်ခဲ့သည်။
ဘုရင်နှင့်မိဖုရားတို့ကို တီးဝိုင်းတခုက တော်ဝင် ဂုဏ်ပြုသီချင်းဖြင့် တီးခတ်ကြိုဆိုခဲ့ကြပြီး သေနတ် ၁၂ ချက် ပစ်ဖောက်၍ နှုတ်ဆက်ခဲ့ကြသည်။
ဘုရင်နှင့် ဆက်စပ်သည့် အသုံးအဆောင် အရောင်ဖြစ်သော အဝါရောင်ဝတ်စုံ ဆင်မြန်းထားသည့် ထိုင်း အမျိုးသားဘုရင်နှင့် မိဖုရား စုသီတာတို့သည် များပြားလှသော မင်းပရိသတ်ကို လက်ဝှေ့ရမ်း နှုတ်ဆက်ခဲ့ကြသည်။
မင်းပရိသတ်များ အကြားတွင် အလံများ လွှင့်ထူထားပြီး ဘိသိက်ခံယူပွဲ နောက်ဆုံးနေ့တွင် ဘန်ကောက် မြို့တွင် စီတန်းလှည့်လည် ကြခြင်းဖြစ်သည်။
“မိမိရဲ့ နန်းတက်ပွဲအပေါ် ကောင်းမြတ်တဲ့ စိတ်ဆန္ဒ ပြသခဲ့ကြတဲ့ နိုင်ငံသူနိုင်ငံသား အားလုံးကို မြင်ရတဲ့အခါမှာ မိမိနဲ့ မိဖုရားတို့အနေနဲ့ အင်မတန်မှ ကျေနပ်ဝမ်းသာ ပီတိဖြစ်မိပါတယ်” ဟု ဘုရင်က လူထုမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့ပြီး ၎င်းတို့အပေါ် ကောင်းချီးမင်္ဂလာ ပေးသော နိုင်ငံသူ နိုင်ငံသားများကို ကျေးဇူး တင်ကြောင်းနှင့် နိုင်ငံသူနိုင်ငံသားများ ပျော်ရွှင်အောင်မြင် ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းခဲ့သည်။
“ယနေ့ မိမိအပေါ်မှာ နိုင်ငံသားတွေ ဖော်ထုတ်ပြသတဲ့ ဆန္ဒမွန်ဟာ အားလုံးအတွက်၊ အဖွဲ့အစည်းတိုင်းအတွက် ညီညွတ်မှု ဖြစ်ပါစေ၊ မိမိတို့ တိုင်းပြည် ပြည့်စုံကြွယ်ဝစေဖို့ ကျရာတာဝန်ကနေ အချင်းချင်း ညီညွတ် ချစ်ခင်ကြ ပါစေ” ဟု သူက ဆိုသည်။
ဝန်ကြီးချုပ်နှင့် မင်းပရိသတ် အပေါင်းတို့က “ဘုရင်ကြီးကို ချစ်တယ်” ဟု သံပြိုင် မဟစ်ကြွေးမီ ဘုရင့် ဂုဏ်ပြုတပ်ဖွဲ့၏ တပ်ခွဲ ၃ ခုတို့က ဘုရင်နှင့်မိဖုရားတို့ကို အလေးပြုခဲ့ကြသည်။
ထို့နောက် ထိုင်းဘုရင်သည် နိုင်ငံခြား သံအမတ်များနှင့် တွေ့ဆုံပြီး နန်းတက်ပွဲသို့ တက်ရောက် လာကြသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားကာ ရာဇဘိသိက်ခံယူ၍ နန်းတက်ပွဲ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
စနေနေ့က စတင်ခဲ့သော နန်းတက်ပွဲသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက ဘုရင်၏ ဖခမည်းတော် နတ်ရွာစံခဲ့၍ အချိန်အတန်ကြာပြီးနောက် ကျင်းပခဲ့ခြင်းဖြစ်သည်။ နတ်ရွာစံသွားသော ဘုရင်မင်းမြတ်သည် နှစ်ပေါင်း ၇၀ ကြာ ထီးနန်းစိုးစံခဲ့သည်။
တနင်္ဂနွေနေ့က ဘုရင်သည် ဝေါယာဉ်စီးလျက် လမ်းမပေါ်တွင် အခြွေအရံများဖြင့် စီတန်းလှည့်လည်ခဲ့သည်။ အဝါရောင်ဝတ်စုံ ကိုယ်စီ ဝတ်ဆင်ထားသော ဆုမွန်ကောင်း ပို့သသူ လူတန်းကြီးမှာ တော်ဝင်နန်းတော်မှ တော်ဝင် ဘုရားကျောင်း ၃ ကျောင်းအထိ ၇ ကီလိုမီတာ(၄ မိုင်) ရှည်လျားပြီး နံနက်စောစောကပင် စုဝေးနေခဲ့ကြသည်။
ပြီးခဲ့သည့် ၁၈ လက ထီးနန်း အရိုက်အရာရရှိခဲ့သူ ဘုရင်ဗာဂျီရာ လောင်ကွန်သည် အမျိုးသား ဘုရင်စနစ်၏ အခွင့်အာဏာ ခိုင်မာအောင် ပြောင်းလဲခဲ့ရာ စစ်အစိုးရအပေါ် တော်ဝင်ထီးနန်း၏ တိုက်ရိုက်ထိန်းချုပ်မှု ပိုမို လာစေခဲ့သည်။