မန္တလေးမြို့တွင် ညပိုင်းအချိန် လမ်းသွားလမ်းလာ ပြည်သူအချို့အား အကြောင်းမဲ့ ဓားဖြင့် လိုက်ခုတ်သော ဖြစ်စဉ်များ ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေး ပို၍ ကြတ်မတ်ဆောင်ရွက်မည်ဟု တိုင်းလုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ကျော်ကျော်မင်းက ဧရာဝတီကို ပြောသည်။
ဗိုလ်မှူးကြီး ကျော်ကျော်မင်း က “လက်ရှိရှိနေတဲ့ လုံခြုံရေးအင်အားနဲ့ပဲ ဒီလိုအမှုအခင်းတွေ ထပ်မဖြစ်အောင် ကြတ်မတ် ဆောင်ရွက်ဖို့ရှိတယ်။ လှည့်ကင်း၊ ပတ်ကင်းတွေ ပိုဆောင်ရွက်မယ်” ဟု ဆိုသည်။
မှုခင်းဖြစ်ပွားမှုများသောနေရာ၊ အချိန်တို့တွင် ပုံမှန်ထက် လုံခြုံရေးအင်အားတိုးချခြင်း၊ လှည့်ကင်း၊ ဝပ်ကင်းများ ပိုချခြင်း၊ တုတ်ဓားလက်နက်များ ကိုင်ဆောင်ခြင်းကို ရှောင်တခင် စစ်ဆေးခြင်း နှင့် ရပ်ကွက်အလိုက် လုံခြုံရေး လိုက်လံ ဆောင်ရွက်နေသော ရပ်ကျေးအဖွဲ့များအား အချိန်နှင့်တပြေးညီ သတင်းပေးပို့စေခြင်း စသည်တို့ကို ဆောင်ရွက်မည်ဟု သိရသည်။
ဧပြီလ ၂၉ ရက် ညဦးပိုင်းအချိန်ခန့်က မန္တလေးတက္ကသိုလ်အနီး လမ်းပေါ်တွင် ဆိုင်ကယ် မောင်းနှင် နေသူများအား အိမ်စီးကားတစ်စီးက နောက်မှကပ်လိုက်လာကာ ကားပေါ်တွင် ပါလာသူအချို့က မှန်ပြတင်းပေါက်မှကျော်ကာ အကြောင်းမဲ့ ဓားဖြင့်လိုက်လံခုတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အလားတူ မေလဆန်းက ညပိုင်း ကျုံးအရှေ့ဘက်ခြမ်းတွင် ဆိုင်ကယ်စီးလာသူလူငယ် ၃ ဦးအား နောက်မှဆိုင်ကယ်ဖြင့် ကပ်လိုက်ကာ အကြောင်းမဲ့ လေးခွဖြင့်ပစ်ခြင်း၊ ရဲဒင်းဖြင့် လိုက်ခုတ်ခြင်းတို့ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
လက်ရှိမှုခင်းများသည် မူးယစ်ဆေးဝါး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုနှင့် ဆက်စပ်မှု ရှိ၊ မရှိ အပေါ် ၎င်းက ဗိုလ်မှုးကြီး ကျော်ကျော်မင်း က “ဘာကြောင့်ဖြစ်တာလဲဆိုတာ တိတိကျကျပြောလို့မရသေးဘူး။ ကာလ တခုအတွင်း ဖော်ထုတ်နိုင်ရေး ကြိုးပမ်ဆောင်ရွက်ဆဲဖြစ်သလို ပြီးတာနဲ့ အားလုံးကို သတင်းထုတ်ပြန်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြို့လုံခြုံရေး ထိခိုက်မှု ရှိစေတဲ့အရာတွေကို လက်မခံပါဘူး။ အလေးထားဆောင်ရွက်သွားမှာပါ” ဟု ဆိုသည်။
ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်နေပြီး အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကာ အချို့တဝက်အား ဖော်ထုတ်နိုင်ပြီ ဖြစ်ကြောင်းနှင့် ဆောင်ရွက်ဆဲ အခြေ အနေဖြစ်သဖြင့် တိတိကျကျ အားလုံးမသိရသေးသဖြင့် အသေးစိတ် မပြော လိုသေးဟု ဆိုသည်။
ဧပြီ ၂၉ ရက်ညပိုင်းက ဖြစ်ပွားခဲ့သောမှုခင်းတွင် သံသယရှိသူ ၃ ဦးအားဖမ်းဆီးရမိထားပြီး လက်ရှိတွင် သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း အဆိုပါဖြစ်စဉ်တွင် ဓားဖြင့် လိုက်လံခုတ်ခြင်းခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရခဲ့သော အသက် ၂၂ နှစ်အရွယ် ကိုဂျန် မော်ဆိုင်းအောင်က ဧရာဝတီကို ပြောသည်။
၎င်းသံသယရှိသူ ၃ ဦးလုံးမှာ အသက် ၁၇ နှစ်ဝန်းကျင် ဆယ်ကျော်သက်များဖြစ်ပြီး ကိုဂျန်မော် ဆိုင်းအောင် ပြောပြချက်အရ ၎င်းတို့အား မည်သည့် အကြောင်းရင်းကြောင့် ယခုကဲ့သို့ ဓားဖြင့် ခုတ်ရခြင်းကို မေးမြန်းသည့်အခါ “ဂျိုကြည့် ကြည့်သည့် အတွက်ကြောင့်” ဖြစ်သည်ဟု သံသယ ရှိသူတို့က ပြန်လည် ဖြေကြားသည်ဟု ဆိုသည်။
ကိုဂျန်မော်ဆိုင်းအောင် က “ဂျိုကြည့်ကြည့်ဖို့ နေနေသာသာ သူတို့ကား အနောက်က ပါလာတာတောင် မသိပါဘူး။ သူတို့ဘက်ကလဲ ရဲစခန်းမှာ စစ်တဲ့အခါကျ ဘာကြောင့် လုပ်တယ်ဆိုတဲ့ ဒီအဖြေပေးဖို့တောင် မနည်း သူတို့ စဉ်းစားထားပုံရပါတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “ကျုးလွန်သူတွေက ငယ်ရွယ်တာဖြစ်လို့ သူတို့ကို နစ်နာစေချင်တဲ့ စိတ်မရှိပေမဲ့ နောက်လူတွေ ကျနော်တို့လို မဖြစ်ရအောင် သတိပေးလိုတဲ့ အနေနဲ့ တရားဥပဒေအတိုင်း သွားမှာပါ။ ဒါကလဲ အပြစ်လုပ်တဲ့ သူတွေဆီက ငွေကြေးတစုံတရာ လိုချင်လို့မဟုတ်ပါဘူး” ဟု ရှင်းပြသည်။
ယင်းဖြစ်စဉ်များသည် မန္တလေးမြို့တွင်း အချက်အချာကျသော နေရာများဖြစ်ပြီး မှုခင်း ဖြစ်ပွားချိန် သည်လည်း ညဦးပိုင်း အချိန်များဖြစ်သဖြင့် မြို့ခံပြည်သူများ အနေဖြင့် ၎င်းတို့၏ လုံခြုံရေး အတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။
ထို့အတူ လပိုင်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်မြောက်လာသော အကျဉ်းသားများ အနက် မူးယစ်ဆေးဝါး အမှုများဖြင့် ပြစ်ဒဏ်ကျခံရသူများလည်း ပါဝင်နေသဖြင့် အထက်ပါ မှုခင်းဖြစ်စဉ်များသည် မူးယစ်ဆေးဝါးသုံးစွဲကာ အပြစ်မဲ့ပြည်သူများအပေါ် ရမ်းကားပြုမှုခြင်း ဖြစ်သည်ဟု မန္တလေးမြို့ခံတစ်ဦးက ၎င်းအမြင်ကိုပြောသည်။
ဗိုလ်မှုးကြီး ကျော်ကျော်မင်း က “လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တဲ့အထဲမှာ မူးယစ်ဆေးဝါးအမှုကြောင့်လဲ ရှိနိုင်ပါတယ်။ သေချာ ပြောလို့မရပေမဲ့ အဲဒီလိုမူးယစ်ဆေးဝါးပြစ်မှုနဲ့ ကျော်ဇော်မှုနဲ့ ပြစ်မှုကျုးလွန်သူ တွေထဲက လွတ်လာတဲ့သူတချို့ကိုလဲ နောက်ထပ် မှုခင်းထပ်မဖြစ်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းက စောင့်ကြည့်တာမျိုးရှိပါတယ်” ဟု ပြောသည်။
၎င်းမဲဆန္ဒနယ်လုံခြုံရေးအတွက် တပိုင်တနိုင် လုံခြုံရေးကိစ္စများ ဆောင်ရွက်နေသော ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က “လူငယ်တွေ ကြားမှာ မူးယစ်ဆေးဝါးကြောင့် ငွေကြေးရလိုမှုနဲ့ ဒီလိုအမှုအခင်းတွေ လွယ်လွယ် ကျုးလွန် ကြတာ ရှိသလို ဆေးကြောင်ပြီး မင်းဒါလုပ်ရဲလား မလုပ်ရဲဘူးဆိုပြီး အချေအတင်စိန်ခေါ်ပြီး လုပ်ကြတာမျိုးကိုလဲ မျက်မြင်ကြုံခဲ့ရဖူးတယ်” ဟု သူ့အတွေ့အကြုံကို ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့်နှစ်လယ်ပိုင်းက မန္တလေးခရိုင်အတွင်း ဆိုင်ကယ်ဖြင့် လုယက်မှုများအပါအဝင် ယခုကဲ့သို့ မကြာခဏ မှုခင်းများဖြစ်ပွားခဲ့သဖြင့် တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ နယ်မြေရဲအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိဌာနများ ပူးပေါင်းကာ သိန်းဌက် စစ်ဆင်ရေး စီမံချက်အဖြစ် ဆောင်ရွက်ခဲ့သည်။
ယင်းစီမံချက်အရ ညပိုင်းအချိန် မှုခင်းဖြစ်ပွားမှုများသော နေရာများတွင် လုံခြုံရေးအင်အား တိုးချဲ့ချထားကာ လှည့်ကင်း၊ ဝပ်ကင်း၊ ရပ်ကင်းများဖြင့် ၃ လကြာဆောင်ရွက်ခဲ့ပြီးနောက် မှုခင်း ဖြစ်ပွားမှု ပြန်လည် လျှော့ကျသွားခဲ့သည်။
သို့ရာတွင် လတ်တလော မှုခင်းဖြစ်စဉ်များအရ ထိုသို့ စီမံချက်ဖြင့် ဆောင်ရွက်ရန် အစီအစဉ် မရှိသေးဘဲ စီမံချက်ဆိုပါက ခရိုင်အတွင်း ရဲအင်အားဖြင့် မလုံလောက်ဘဲ အခြားခရိုင်၊တိုင်းများ မှ အင်အားများပါ ထုတ်နှုတ် သောကြောင့်ဖြစ်သည်ဟု ဗိုလ်မှုးကြီး ကျော်ကျော်မင်း က ပြောသည်။
မန္တလေးတိုင်းတွင် ၂၀၁၈ ခုနှစ်အတွင်း အမှုကြီးများနှင့် ခိုးမှုအပါအဝင် အမှုပေါင်း ၁၅၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှသိရသည်။