သဲတူးဖော်ခြင်းသည် ကမ္ဘာပေါ်ရှိ မြစ်များ၏ မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းများကို ယုတ်လျော့လာစေပြီး အာဏာပိုင် အစိုးရများက ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်နေမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံမှ ကိုလံဘီယာ နိုင်ငံအထိ သဘာဝပတ်ဝန်းကျင် ပျက်စီးကာ အသက်အိုးအိမ် စည်းစိမ်များကို ထိပါးလာနေကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့က သတိပေးလိုက်သည်။
ဆောက်လုပ်ရေး လုပ်ငန်းများတွင် အလွန်အကျွံ အသုံးပြုမှု များပြားနေခြင်းကြောင့် ကမ္ဘာပေါ်ရှိ သဲနှင့် ကျောက်စရစ် ဝယ်လိုအားမှာ တန်ချိန် ၅၀ ဘီလီယံ (သို့မဟုတ်) လူတဦးလျှင် တနေ့စာ ပျမ်းမျှ ၁၈ ကီလိုဂရမ် (ပေါင် ၄၀) ရှိနေကြောင်း ကုလသမဂ္ဂ ပတ်ဝန်းကျင်ရေးရာ အစီအစဉ် (UNEP) က ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။
မြစ်များနှင့် ကမ်းခြေများတွင် သဲများ ထုတ်ယူတူးဖော် နေခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ရေကြီးမှုများ တိုးပွားလာစေပြီး မြေအောက်ရေ Level ကို နိမ့်ကျစေကာ ရေနေသတ္တဝါများ ထိခိုက်ရကြောင်း၊ မိုးခေါင်ခြင်းနှင့် မြေပြိုမှု ဖြစ်ပွားမှုနှုန်း ပိုမိုဆိုးရွား လာစေကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။
“တာဝန်သိသိ ထုတ်လုပ်နိုင်တာထက် ကျော်လွန်ပြီးတော့ သဲကို သုံးစွဲနေတဲ့ သဘော ဖြစ်ပါတယ်” ဟု UNEP ယာယီအမှုဆောင် ဒါရိုက်တာ ဂျိုစီမစူယာက ကြေညာချက် တစောင်တွင် ဆိုထားသည်။
“ဒီကမ္ဘာမြေပေါ်မှာ အရောင်းအဝယ် အဖြစ်ဆုံး ကုန်စည်တခုအပေါ် ကိုင်တွယ် ထိန်းသိမ်းမှု အနည်းဆုံး ဖြစ်နေတာ တွေ့ရပါတယ်။ သဲတွေ ထုတ်ယူတာနဲ့ ပတ်သက်တဲ့ အထွေထွေ အသိပညာက အင်မတန်မှ အားနည်းနေကြပါတယ်”
တရုတ်နှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများတွင် လူဦးရေ တိုးတက်လာခြင်း၊ မြို့ပြပုံစံ များပြားလာခြင်း၊ မြေယာ ပြန်လည် ပြုပြင်ရေး စီမံကိန်းများ၊ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးလာခြင်းတို့သည် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခု ကျော်အတွင်း သဲဝယ်လိုအားကို ၃ ဆတိုးလာစေခဲ့ကြောင်း UNEP က ဆိုသည်။
တချိန်တည်းမှာပင် မြစ်များတွင် ဆည်တမံများ ဆောက်ခြင်းနှင့် သဲများ အလွန်အကျွံ ထုတ်ယူခြင်းတို့ကြောင့် မြစ်များ၏ ပုံမှန် လုပ်ဆောင်ချက်ဖြစ်သော နုန်းအနည်အနှစ် များကို ကမ်းရိုးတန်း ဒေသများတွင် ပို့ချမှု ယုတ်လျော့ လာစေကြောင်း၊ မြစ်ဝကျွန်းပေါ် မြေဆီမြေနှစ် နည်းပါးကာ ကမ်းခြေရေတိုက်စားမှု ပိုမို မြန်ဆန်လာကြောင်း သိရသည်။
“သဲထုတ်ယူတာ၊ ရေအားလျှပ်စစ် ဆည်တမံနဲ့ မြေအောက်ရေ ထုတ်ယူမှုကြောင့် မြေအများအပြား ကျွံဝင် နိမ့်ဆင်းတို့ရဲ့ ဒဏ်တွေကြောင့် အာရှရဲ့ မြစ်ဝကျွန်းပေါ် လူမှု အသိုင်းအဝိုင်းတွေဟာ အကြီးမားဆုံး ဆုံးရှုံး နစ်နာသူတွေ ဖြစ်ကြပါတယ်” ဟု သဘာဝပတ်ဝန်းကျင် ရေးရာ ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ Marc Goichot က ပြောသည်။
“ဒါပေမယ့် သဲဝယ်လိုအားက များနေသမျှ ကာလပတ်လုံး၊ တခြား သယံဇာတ အစားမထိုးနိုင်သရွေ့ သဲကိစ္စ ထိန်းချုပ် ပြဋ္ဌာန်းနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ သဲအပေါ်မှာ စီးပွားရေးက အခြေခံနေတာကိုး” ဟု UNEP အစီရင်ခံစာတွင် ပါဝင် ရေးသားခဲ့သူ ရေအရင်းအမြစ် ကျွမ်းကျင်သူ ဂွိုင်ချော့က ရှင်းပြသည်။
လက်ရှိ ဥပဒေမူဘောင်များမှာ လုံလောက်မှု မရှိသေးကြောင်း၊ သဲများကို လက်ဝါးကြီးအုပ် ဝယ်သူများဖြစ်သည့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ စီးပွားရေးသမားများ၊ အရောင်း ကိုယ်စားလှယ်များသည် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ကင်ညာနှင့် ဆီယာရာလီယွန်တို့ ကဲ့သို့သော နိုင်ငံများတွင် တည်ဆဲဥပဒေများကို မထီမဲ့မြင် ပြုနေဆဲရှိကြောင်း UNEP က ဆိုသည်။
စားသုံးမှုနှင့် ထုတ်ယူမှုတို့ကို ပြန်လည် ဖြည့်ဆည့်ပေးရန် သိပ္ပံဆိုင်ရာ လိုအပ်ချက်မှာ အလှမ်းကွာဟ နေဆဲ ဖြစ်ကြောင်း ယင်းအစီရင်ခံစာက ဖော်ပြထားသည်။
နည်းပညာသစ်များနှင့် ကိရိယာသစ်များ အစားထိုးနိုင်ခြင်း (သို့မဟုတ်) သမားရိုးကျ ကွန်ကရစ် ဖျော်စပ်မှုကို ထိန်းချုပ်မှု ပြုလုပ်နိုင်သော်လည်း အကန့်အသတ်များက ရှိနေဆဲဖြစ်ကြောင်း ၎င်းအစီရင်ခံစာက ထပ်လောင်း ဖော်ပြသည်။
အိန္ဒိယနိုင်ငံတွင် ၂၀၁၇ ခုနှစ်က သော်မဆင်ရိုက်တာ ဖောင်ဒေးရှင်း၏ စုံစမ်းလေ့လာချက် တရပ်အရ အိန္ဒိယ၏ တချို့သော နေရာများတွင် တရားမဝင် သဲထုတ်ယူမှုများ လုပ်ကိုင်ရင်း လုပ်သားများ ရေနစ်သေဆုံးမှု ရှိနေကြောင်း ဖော်ထုတ်ရရှိခဲ့သည်။
သဲထုတ်ယူမှုကြောင့် ထိခိုက်နစ်နာခြင်းများ အပေါ် အသိပညာပေးမှုများ တိုးပွားလာနေ သကဲ့သို့ ဥပဒေအရ ထိန်းချုပ်မှု ပိုမိုများပြားလာကြောင်း၊ ထိရောက်သည့် ကိုင်တွယ် ထိန်းသိမ်းမှုများအတွက် အထူးအားထုတ်မှုများ ဖြည့်ဆည်းရန် လိုအပ်နေသေးကြောင်း ပတ်ဝန်းကျင်ရေးရာ အတိုင်ပင်ခံအဖွဲ့ဖြစ်သည့် Awaaz ဖောင်ဒေးရှင်းမှ စူမိုင်းရာ အဗဒူလာလီက ပြောသည်။
“သဲထုတ်ယူမှုကြောင့် လူမှုအသိုင်းအဝိုင်းမှာ သူတို့မြေယာတွေ၊ နေအိမ်တွေ ဆုံးရှုံးမှုရှိနေပါတယ်။ ဒါပေမယ့် တချို့ လူတွေရဲ့ဘဝရပ်တည်ချက်က အဲဒီလုပ်ငန်းကနေဖြစ်တော့ ဒီကိစ္စအပေါ်မှာ အမြင် အမျိုးမျိုး ကွဲနေကြပါတယ်။ တချို့ကလည်း သူတို့ဘဝပျက်ပါပြီလို့ ပြောကြပါတယ်” ဟု ၎င်းက သော်မဆင်ရိုက်တာ ဖောင်ဒေးရှင်းသို့ ပြောသည်။
“သဲကိစ္စဟာ ရိုးရှင်းလွန်းပြီးတော့ အာရုံစိုက်ခံရမှုနည်းတဲ့ တရားမဝင် သယံဇာတ တူးဖော်မှုပါပဲ။ ဒါပေမယ့် ဒီအပေါ်မှာ သက်ရောက်မှုက ဆိုးရွားလွန်းတဲ့အတွက် ပိုပြီးအာရုံစိုက်ဖို့ ထိုက်တန်တဲ့ကိစ္စပါ” ဟု သူက ဆက်ပြောသည်။
( Thomson Reuters Foundation ၏ Sand Mining ‘Mafias’ Destroying Environment, Livelihoods: UN ကို ဘာသာပြန်ဆိုသည်။)