ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတ၊ဇလွန်နှင့် အင်္ဂပူမြို့နယ်တို့မှ စုစုပေါင်း အိမ်ခြေ ၂၀၀ ကျော် ပျက်စီးဆုံးရံှူခဲ့ကြောင်း သတင်းရရှိသည်။
အင်္ဂပူမြို့နယ်တွင် အိမ်ခြေ ၁၉၈ လုံး ဇလွန်မြို့နယ်တွင် အိမ်ခြေ ၉ လုံးနှင့် ဟင်္သာတမြို့နယ်တွင် အိမ်ခြေ ၅၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနထံ ညွန်ကြားရေးမှုး ဦးသန်းစိုးက ပြောသည်။
ညွန်ကြားရေးမှုး ဦးသန်းစိုး က “လုံးဝလဲပြိုသွားတဲ့ အိမ်တွေရှိတယ်။ နောက်ပြီး အမိုးလန်တဲ့ အိမ်တွေလည်း ရှိတယ်။ အမိုးလန်တာဆိုတာကတော့ အသေးစားထိခိုက်မှုဖြစ်လို့ ချက်ချင်းပြန်ပြင်လို့ ရတာပေါ့။ လဲပြိုသွားတဲ့အိမ်ကတော အင်္ဂပူမှာ ၃၁ လုံး ဇလွန်မှာ ၅ လုံး ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။
လေပြင်းတိုက်ခတ်၍ အိမ်ပျက်စီးမှုကြောင့် အမျိုးသား ၃၅၈ ဦးနှင့် အမျိုးသမီး ၃၉၉ ဦး၊စုစုပေါင်း ၇၅၇ ဦး နေထိုင်ရေး အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး နီးစပ်ရာ ဆွေမျိုးတော်စပ်သူတို့၏နေအိမ်များနှင့် ကျေးရွာ ဘုန်းကြီးတော်ကျောင်း ဓမ္မရုံများတွင် နေထိုင်နေကြရကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ လဲပြိုသွားသည့် သစ်သား နေအိမ်များအတွက် နေအိမ်ပြင်ဆင်စရိတ် ကျပ် ၂ သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ ဝါးဓနိအိမ်များအတွက် ပြင်ဆင်စရိတ် ကျပ် ၁ သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ကူညီထောက်ပံ့ပေးကြောင်းသိရသည်။
အမိုးလန်သွားသည့် အိမ်များအတွက် နေအိမ်အခြေအနေပေါ်မူတည်၍ ကျပ် ၁ သောင်းမှ ၉ သောင်း အထိ ကူညီထောက်ပံ့ပေးထားပြီး လေဘေး ဒုက္ခသည်များအတွက် တပတ်စာဆန်ရိက္ခာ ကူညီထောက်ပံ့ပေးထားကြောင်း သိရသည်။