လျှပ်စစ် ဝန်အား လုံလောက်မှု မရှိ သဖြင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ တရက် ၆ နာရီ အလှည့်ကျ မီးဖြတ်တောက် လျက် ရှိကြောင်း ရန်ကုန်တိုင်း လျှပ်စစ် ဓာတ်အားပေး ကော်ပိုရေးရှင်း (YESC)၊ ဓာတ်အား ဖြန့်ဖြူးရေး ဌာနက သိရ သည်။
ရန်ကုန်တိုင်းရှိ မြို့နယ် အသီးသီး၌ အပိုင်း လေးပိုင်း ခွဲကာ ၁ ကြိမ် ဖြတ်လျှင်၂ နာရီနှုန်းဖြင့် ၃ ကြိမ် အလှည့်ကျ ဖြတ် တောက်လျက် ရှိကြောင်း YESC ၊ ဓာတ်အား ဖြန့်ဖြူးရေး ဌာန၊ အထွေထွေ မန်နေဂျာ ဦးတင်အောင် က ဧရာဝတီသို့ ပြော သည်။
ဦးတင်အောင် က “မြို့နယ်တိုင်းမှာ A/B/C/D အုပ်စု ဆိုပြီး ခွဲတယ်။ လမ်းနဲ့ မီးသုံးသူ အခြေအနေကို ကြည့်ပြီး တမြို့နယ်ကို ၄ ပိုင်း ပိုင်း လိုက်တာပေါ့။ အုပ်စု ၁ ခုက မြို့နယ် ၁ ခုကို ၁ ခါ မီးပိတ်ရင် ၂ နာရီပဲ ပိတ်မယ်။ အများဆုံး အုပ်စု ၁ စုမှာ တရက်ကို ၃ ကြိမ် ပိတ်ရတဲ့ နေ့လည်း ရှိတယ်။ ၂ ကြိမ်ပဲ ပိတ်ရတဲ့ နေ့ လည်း ရှိတယ်။ အဲဒါကိုမှ အုပ်စု A/B/C/D တွေကို မီးပိတ်ချိန် လွှဲတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “အုပ်စု တစုဟာ တခါကို ၂ နာရီ မီးပျက်မှုနဲ့ တရက်ကို ၂ ကြိမ် သို့မဟုတ် ၃ ကြိမ် ဝန်အား လျှော့ခြင်းကို ခံရမယ်။ တချို့ရက်တွေမှာ ၄ နာရီပဲ မီးပျက်မယ်။ တချို့ရက်တွေမှာ ၆ နာရီ မီးပျက်မယ်” ဟု ရှင်းပြသည်။
စက်မှုဇုန်များကိုမူ နေ့စဉ် ညနေ ၄ နာရီမှ ည ၁၀ နာရီ အထိ ဝန်အားလျှော့သည့် အနေဖြင့် မီးဖြတ်တောက်ပြီး အဆိုပါ ဝန်အားကို အများ ပြည်သူ အတွက် ပြန်လည် မျှဝေပေးနေခြင်း ဖြစ်ကြောင်း ဓာတ်အား ဖြန့်ဖြူးရေးဌာနက သိရသည်။
လှိုင်သာယာ မြို့နယ်နေ မမီးမီး က “ကြေညာထားတော့ ရှိတယ်။ မနက်ပိုင်းမှာ ပျက်လိုက် လာလိုက်ပဲ။ ပျက်ရင် ကြာတာ ရှိသလို အချိန်ပိုင်း ခဏခဏ ပျက်တာလည်း ရှိတယ်။ အမြဲတမ်း ပျက်တာကတော့ ညနေ ၄ နာရီ ကနေ ည၁၀ နာရီ အထိ ပဲ။ ရုံးကပြန်လာတဲ့ အချိန်ဆို မီးလုံးဝ မလာဘူး။ ည ၁၀ နာရီ မတိုင်ခင်တော့ ယောင်လို့တောင် မလာဘူး။ တခါတလေ ၁၁ ထိုးခါနီး အထိ မလာသေးတာမျိုးလည်း ရှိတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “အခြေအနေ အရပ်ရပ်ကြောင့် မီးပျက်တာကို နားလည်ပေမယ့် အချိန်မှန်ပျက် အချိန်မှန် လာစေချင် တယ်။ ဒါမှလည်း ကိုယ် ဘယ်အချိန် ဘာလုပ်ရမယ် ဆိုတာ ပြင်ဆင်လို့ ရမှာ။ နောက် အများပြည်သူ ရုံးပိတ်ရက်တွေမှာဆို မီးပိုပေးသင့်တယ်” ဟု ဆိုသည်။
ထိုသို့ မီးပျက်ရခြင်း အကြောင်းအရင်းမှာ ရေသိုလှောင်ထားသည့် ဆည်များတွင် ရေပမာဏ နည်းနေသည့် အတွက် လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏလည်း လျော့ကျလာခြင်းကြောင့် ဖြစ်ကြောင်း ဦးတင်အောင် က ပြောသည်။
ရေလှောင် တမံကြီးများ ဖြစ်သည့် ရဲရွာ ရေလှောင် တမံရှိ ရေ level မှာ တရက်လျှင် တပေနှုန်းခန့် ကျဆင်းလျက် ရှိကာ အနိမ့်ဆုံး ရေအမှတ်သို့ ရောက်ရန် ၃၈ ပေ ခန့် ကျန်ရှိနေပြီး အထက် ပေါင်းလောင်း ရေလှောင်တမံရှိရေ level မှာ တရက်လျှင် ၀ ဒသမ ၅၆ ပေ နှုန်းခန့် ကျဆင်းလျက် ရှိကြောင်း အနိမ့်ဆုံး ရေအမှတ်သို့ ရောက်ရန် ၃၄ ပေခန့် ကျန်ရှိနေ ကြောင်းကို ယနေ့တွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
ထို့ပြင် ပေါင်းလောင်း ရေလှောင်တမံရှိ ရေ level မှာ တရက်လျှင် ၀ ဒသမ ၆၆ ပေနှုန်းခန့် ကျဆင်းလျက် ရှိပြီး အနိမ့်ဆုံး ရေအမှတ်သို့ ရောက်ရန် ၂၇ ပေ ခန့် ကျန်ရှိနေကြောင်း သိရသည်။
တာမွေ မြို့နယ်တွင် နေထိုင်သည့် ကိုမင်းသူ က “မီးပျက်တာက ဘယ် အစိုးရ တက်တက် ပျက်နေတာပဲ။ ပြဿနာက အရင် အစိုးရတွေတုန်းက အလှည့်ကျ မီးပေးရင် မီးပေးမယ် တရားဝင် ပြောတယ်ဗျ။ System Breakdown နဲ့ ရောမချ ဘူး။ ဘယ်အုပ်စုက ဘယ်တော့ လာမယ် ဆိုတာ သိတယ်။ အဲဒီတော့ အနည်းဆုံး လုပ်စရာရှိတဲ့ အလုပ်ကို ဘယ်အချိန် လုပ်ထားရမယ် ဆိုတာ သိတယ်။ အခုက ဘယ်အချိန် လာမယ်မှန်း မသိ၊ ခဏခဏကို လာ၊ ခဏခဏ ပျက်တယ်။ လာ တော့ ခရမ်းချဉ်သီးလောက် လင်းတာ” ဟု ပြောသည်။
ဧပြီ ၂၉ ရက်က ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင် က လျှပ်စစ် ဓာတ်အား ပြတ်တောက်မှု မဖြစ်ပေါ် စေလိုပါက ဝန်ကြီး ဌာနက နှစ်စဉ် တင်ပြ တောင်းခံတဲ့ ဘတ်ဂျက်များကို ဖြတ်တောက်မှု မပြုလုပ်ဘဲ ခွင့်ပြုပေးရန် လိုကြောင်းနဲ့ မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ပြတ်တောက်သွားသည့် အခါ စင်ကာပူ၊ အမေရိကန် နိုင်ငံများကဲ့သို့ မကြာဘဲ နာရီပိုင်းနှင့်ပင် ပြန်ရရှိကြောင်း ဖြေကြားသွားခဲ့သည်။
မေလ ၇ ရက်နေ့တွင် ဓာတ်အား ထုတ်လုပ်မှု အနေနှင့် ၃၂၈၁ မဂ္ဂါဝပ် ထုတ်လုပ်ပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း အနေဖြင့် လျှပ်စစ်မီး အလုံအလောက် ရရှိရန် ၁၆၀၀ မဂ္ဂါဝပ် ပေးနိုင်မှ လုံလောက်မည် ဖြစ်ပြီး လက်ရှိ ကာ လ၌ ၁၃၀၀ နှင့် ၁၄၀၀ မဂ္ဂါဝပ်ကြားတွင် ပေးနေခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ် ဓာတ်အားပေး ကော်ပိုရေး ရှင်း က သိရသည်။
ဆက်စပ်ဖတ်ရှူရန် – တိုးလာနေတဲ့ လျှပ်စစ်ပမာဏ ပြည့်မီဖို့ မလွယ်ဟု ဝန်ကြီးဌာန ဆို