ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာတွင် ရက္ခိုင့် တပ်မတော် (AA)နှင့် ပတ်သက်မှုဖြင့် သံသယရှိသူ လူပေါင်း ၂၇၅ ဦးကို ခေါ်ယူစစ်ဆေးနေရာမှ AA အဖွဲ့ဝင်ဟု ဝန်ခံသူ ၄ ဦးကို တပ်မတော်က ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်၊ ကျောက်တန်း ကျေးရွာတွင် မေလ ၁ ရက်နေ့က AA အဖွဲ့နှင့် ဆက်စပ်မှု ရှိသည်ဟုဆိုကာ ၂၇၅ ဦးအား ယင်းကျေးရွာ စာသင်ကျောင်းတွင် တပ်မတော် လုံခြုံရေး တပ်ဖွဲ့ ဝင်များက ထိန်းသိမ်း စစ်ဆေးမှုများ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ကျောက်တန်းမှာ ထိန်းသိမ်းထားသူတွေကို ဒီနေ့ ထပ်စစ်ဆေးနေတယ်။ အဲဒီအထဲက AA လို့ ဝန်ခံတဲ့သူ ၄ ယောက် ရှိတယ်။ သူ တို့ကိုယ်တိုင် ဝန်ခံတဲ့သူ ၄ ယောက်၊ သံသယ ရှိသူ ၂ ယောက် စုစုပေါင်း ၆ ယောက်ကို မနေ့က ညက စစ်တွေကို ပို့လိုက်ပြီ။ ဥပ ဒေအရ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဖမ်းခံရသူပေါင်း ၂၇၅ ဦးထဲမှ မေလ ၂ ရက်နေ့က ၁၂၆ ဦးကို လွှတ်ပေးခဲ့ပြီး ၁၄၉ ယောက် ကျန်ရှိရာတွင် ၎င်းတို့ထဲမှ သေဆုံး သူ ၆ ဦး၊ ဆေးရုံတက်သူ ၈ ဦး၊ ထွက်ပြေးပျောက်နေသူ ၄ ဦးတို့ရှိရာ တပ်မတော်လက်ထဲတွင် စုစုပေါင်း ၁၃၁ ဦး ကျန်ရှိနေ ကြောင်း၊ မေလ ၆ ရက်နေ့တွင် ၄၈ ဦးကို ထပ်မံ လွှတ်ပေးခဲ့သဖြင့် တပ်မတော်လက်ထဲတွင် ၈၃ ဦးသား ကျန်ရှိတော့သည်။
ယင်းကျန်ရှိသူများကို စစ်လက်စစ်ဆေးလျက်ရှိပြီး ယနေ့ နေ့လယ်ပိုင်းတွင် လူပေါင်း ၃၅ ဦးကို ထပ်မံ လွှတ်ပေးလိုက်ရာ တပ်မ တော် လက်ထဲတွင် လူ ၄၀ ကျော်သာ ကျန်တော့ကြောင်း သိရသည်။
“ကျန်တဲ့လူတွေကို ထပ်စစ်ဆေးနေတယ်။ AA နဲ့ ပတ်သက်ရင် တရားဥပဒေအရ အရေးယူမှာ ဖြစ်ပြီး မပတ်သက်ဘူး ဆိုရင်တော့ ပြန်လွှတ်ပေးသွားမှာ ဖြစ်တယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ကျောက်တန်းကျေးရွာတွင် အဖမ်းခံရသည့် လူများသည် မေလ ၁ ရက်နေ့ ညပိုင်းက ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတခု အတွင်း တပ် မတော်၏ ပစ်ခတ်ကြောင့် ရွာသား ၆ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တခု ဖြစ်ပေါ်ခဲ့ရာ ယင်းကိစ္စကို ဥပဒေနှင့်အညီ စုံစမ်း စစ်ဆေးမည် ဖြစ်ပြီး ဥပဒေနှင့် မညီသည့် ဆောင်ရွက်ချက်များ ရှိပါက ပြင်းပြင်းထန်ထန် အရေးယူပေးမည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက မနေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောဆိုထားသည်။
အရပ်သားများ အပစ်ခံရသည့် ဖြစ်စဉ်ကို စုံစမ်းရန် တပ်မတော်က အရာရှိကြီး တဦး ဦးဆောင်ပြီး လူပုဂ္ဂိုလ် ၅ ဦးဖြင့် မေလ ၃ ရက် နေ့က စတင် ဖွဲ့စည်းပေးခဲ့ပြီး ယင်းဒေသရှိ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေး တပ်ဖွဲ့ ဝင်များကို စုံစမ်းမေးမြန်းမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း တပ်မတော်မှ ပြောသည်။
ဆက်စပ်ဖတ်ရှုရန် – ဖမ်းဆီးထားသည့် ၁၃၁ ဦးကို AA နှင့် ပတ်သက်မှု ရှိမရှိ စစ်ဆေးနေဟု တပ်မတော်ပြော