အစိုးရ စာသင်ကျောင်း အဆောက်အအုံများ ဆောက်လုပ်ရာတွင် မသန်စွမ်းများ အတွက် အထောက်အကူပြုမည့် ပုံစံမျိုး မဆောက်လုပ်နိုင်သေးကြောင်း အမျိုးသား လွှတ်တော် အစည်းအဝေးက သိရသည်။
နိုင်ငံ တဝှမ်း အသစ် ထပ်မံ ဆောက်လုပ်မည့် ဆေးရုံနှင့် စာသင်ကျောင်းများ၊ ဌာန ဆိုင်ရာ အဆောက်အအုံများ အပါ အ ဝင် နိုင်ငံပိုင် အဆောက်အအုံများတွင် မသန်စွမ်းသူများ လွယ်ကူ ဆင်ပြေစွာ အသုံးပြုနိုင်ရန် အတွက် လျှောက်လမ်း ပါဝင် သော အထောက်အကူပြု ပုံစံမျိုး ထည့်သွင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ ကို မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၂ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာ က မေးခွန်း ထုတ်ခဲ့ခြင်း ဖြစ်သည်။
ယင်း မေးခွန်းကို ကျန်းမားရေးနှင့် အားကစား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး က “တိုင်းဒေသကြီး ပြည်နယ် အသီးသီးရှိ အခြေခံ ပညာကျောင်းများတွင် ကျောင်းဆောင် အသစ်များ ဆောက်လုပ်ရန် အတွက် ဘဏ္ဍာရေး နှစ် အလိုက် ရံပုံငွေ လျာထားရာ အန္တရာယ်ရှိ ကျောင်းဆောင်များ ဖျက်သိမ်း၍ အသစ် ဆောက်လုပ်ခြင်း၊ မသန်စွမ်းသူ များ အတွက် လိုအပ်သော အဆောက်အအုံ ပုံစံမျိုးဖြင့် ကျောင်းဆောင်များ ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးပါဘူး” ဟု ပညာရေး ဝန်ကြီးဌာန ကိုယ်စား လာရောက် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မေးခွန်း မေးမြန်းခဲ့သူ ကိုယ်စားလှယ် ဒေါ်သီရိရတနာက “ဘတ်ဂျက် အကန့် အသတ်ကြောင့် ပညာရေးဌာနမှာ ဆောက် ဖို့ မရှိသေးဘူးလို့ ဖြေသွားတယ်။ ဘတ်ဂျက် အနေအထားကလည်း အများကြီး ကုန်ကျ သုံးစွဲရမယ် မထင်ဘူး။ ဘာလို့လဲ ဆိုတော့ ဒီဇိုင်း ပြောင်းလိုက်ရုံပဲ လေ။ ဒါတွေက လုပ်မယ် ဆိုရင် ဖြစ်နိုင်တဲ့ အနေအထား ရှိတဲ့အတွက် ဒီနေရာ ကလည်း ဝန်ကြီး ဌာန အားလုံးကို တိုက်တွန်း ချင်ပါတယ်” ဟု လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများကို ပြောသည်။
သို့သော် ကျန်းမာရေး ဝန်ကြီး လာရောက် ဖြေဆိုမှုကို ကျေနပ် အားရမှု ရှိကြောင်း၊ ဝန်ကြီး၏ ဖြေဆိုချက်များတွင် အခြား ဝန်ကြီးဌာနများ အားလုံးကိုလည်း တပ်လှန့် လိုက်သည့် အနေအထားမျိုးသို့ ဖော်ဆောင် သကဲ့သို့ ရှေ့လျှောက် ပြောင်းလဲ မည်ဟု ယုံကြည်ကြောင်း ဒေါ်သီရိရတနာက ပြောသည်။
ထို့ပြင် ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့်မူ ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် မသန်စွမ်းများ အတွက် တိုင်းဒေသကြီး ပြည် နယ် အားလုံးကို မသန်စွမ်းသူများနှင့် အငြိမ်းစား ဝန်ထမ်းများအား ဦးစားပေး ဆောင်ရွက်နိုင်ရေး စာထုတ်ခဲ့ကြောင်း၊ တိုင်းနှင့် ပြည်နယ် ၁၅ ခုတွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိ ဆေးရုံ အဆောက်အအုံပေါင်း ၇၄ ခု ဆောက်လုပ်ရာတွင် မသန်စွမ်းသူများ သွားလာ လွယ်ကူ အဆင်ပြေစေရန် အထောက်အကူပြု ပုံစံမျိုး ထည့်သွင်း ဆောက်လုပ်ထားကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို ၂၀၁၅ ခုနှစ် ဇွန်လ အတွင်းက ပြည်ထောင်စု လွှတ်တော်တွင် ပြဋ္ဌာန်းခဲ့ပြီး၊ နည်း ဥပဒေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာက ထုတ်ပြန်ခဲ့သည်။
ယင်း နည်းဥပဒေတွင် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းနှင့် ပညာရေး၊ ကျန်းမာရေး၊ လွယ်ကူစွာ သွားလာ နေထိုင် အသုံး ပြုနိုင်ရေး ကဏ္ဍများ၊ မသန်စွမ်း အသင်းအဖွဲ့ ဖွဲ့စည်းခြင်း၊ ပုဂ္ဂလိက ပညာသင် အထူးကျောင်း၊ အသက်မွေးမှု အထူး သင် တန်းကျောင်းများ တည်ထောင်ခြင်း၊ နိုင်ငံရေးနှင့် ပြည်သူ့ ရေးရာ နယ်ပယ်များတွင် ပါဝင် ဆောင်ရွက်ခွင့် ရရှိရေး စသည့် ကဏ္ဍများကို ထည့်သွင်း ရေးဆွဲထားသည်။
ယင်း နည်း ဥပဒေတွင် မှတ်ပုံတင်ရန် အတွက် မသန်စွမ်းမှု အဆင့် စိစစ်သတ်မှတ်သည့် အဖွဲ့ထံတွင် ဆေးစစ်ဆေးမှု ခံယူ ခြင်းနှင့် ဆေးထောက်ခံချက် လက်မှတ်များကို အခမဲ့ စီစဉ်ပေးရန်နှင့် မသန်စွမ်းမှု ပြင်းထန်သူများနှင့် သွားလာရေး ခက်ခဲ ဒေသရှိ မသန်စွမ်းများ အတွက် ကွင်းဆင်း ဆောင်ရွက်ပေးရမည် ဟု ဖော်ပြထားသည်။
မသန်စွမ်းများမှာ အဓိက လိုအပ်ချက်မှာ ပညာရေး ဖြစ်သဖြင့် မသန်စွမ်းများ အတွက် စာသင်ကျောင်းများတွင် လွယ် ကူ အဆင်ပြေစွာ ဆောက်လုပ်ပေးရန် နိုင်ရန် အတွက် ဘတ်ဂျက်ရမည့် အချိန်မှ ဆောက်ပေးမည် ဆိုသည်မှာ မဖြစ်သင့် ကြောင်း၊ မသန်စွမ်းများ၏ အဓိက အခက်အခဲမှာ လျှောက်လမ်းနှင့် အိမ်သာခန်းများမှာ အဓိက အခက်ခဲ ဖြစ်ကြောင်း မသန်စွမ်း ရွှေမင်းသား ဖောင်ဒေးရှင်းမှ ဦးသန့်စင် က ပြောသည်။
ဦးသန့်စင်က “ စာသင်ကျောင်းတွေကို ပြောနေတာလည်း ကြာနေပြီ။ လုပ်လည်း လုပ်နေကြတယ်။ ဒါပေမယ့် ကလေး တွေကို ကျောင်းသွားအပ်တယ်။ စာသင်ကျောင်းမှာ ကိုယ့်ဟာ ကိုယ် လမ်းအတွက် လုပ်ပေး ခဲ့ရတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူ ဦးရေ သိန်း ၂၀ ခန့် ရှိကြောင်း မသန်စွမ်း အဖွဲ့အစည်းများက သိရသည်။