ပြီးခဲ့သည့် မတ်လက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲတခုတွင် ဖျော် ဖြေခဲ့သည့် ဇွဲအငြိမ့်အဖွဲ့ မှ လူရွှင်တော်များ၏ ပြကွက်တချို့သည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေဖြင့် တရားစွဲဆိုထား ကြောင်း နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သိန်းဇော်က ဧရာဝတီသို့ ပြောသည်။
ဇွဲအငြိမ့်အဖွဲ့ မှ လူရွှင်တော်များဖြစ်သည့် ပန်းသီး၊ စိမ်းလန်း၊ အာလူး၊ ဇောက်ထိုးနှင့် ဒိုးပေါက်တို့ကို အရေးယူပေးရန် တပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီး မြင့်ဦးဆိုသူက ဇမ္ဗူသီရိမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ တရားရုံးက ရဲတပ်ဖွဲ့ကို ယင်းအမှုကို စုံစမ်း စစ်ဆေးရန် ပြန်လည် ညွှန်ကြားထားကြောင်း သိရသည်။
ဗိုလ်မှူးကြီး သိန်းဇော်က “ယူနီဖောင်း ဝတ်ပြီးတော့မှ အောက်မှာထိုင်နေတဲ့ အရပ်သားကို ခြေထောက်နဲ့ တင်ပြီးတော့မှ လုပ်ပြတဲ့ အကွက်က ဒါဟာ ဆိုလို့ ရှိရင် တပ်မတော်ကို ပြည်သူလူထုက အထင်အမြင် လွဲမှားစေတယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်နစ်နာစေတယ်။ အဲဒါကြောင့်မို့ တရားစွဲတာပါ”ဟု ပြောသည်။
တရားရုံးသို့ ဦးတိုက်လျှောက်ထားသော်လည်း မည်သည့် ပုဒ်မနှင့် အရေးယူမည်ကို မပြောနိုင်သေးကြောင်း၊ ပုဒ်မ မတပ်ရသေး ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
တပ်မတော်၏ ဦးတိုက်လျှောက်ထားမှုကို တရားရုံးက လက်ခံခဲ့ပြီး ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၀၂ အရ ရဲတပ်ဖွဲ့ကို ပြန်စစ်ဆေးပေးရန် ညွှန်ကြားသဖြင့် လူရွှင်တော်များကို စစ်ဆေးရန် ရန်ကုန်မြို့ သို့ ရောက်ရှိနေကြောင်း နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစ ခန်းမှ ဒုရဲအုပ် ကျော်ဇင်ဝင်းက ဧရာဝတီသို့ ပြောသည်။
ဒုရဲအုပ် ကျော်ဇင်ဝင်းက “ကျနော်တို့ ပြန်တင်ပြမှ ပုဒ်မ တပ်မှာ။ ကျနော်တု့ိက စစ်ဆေးပြီး ပြန်တင်ပြရမှာ။ အဲဒီ တင်ပြချက်ပေါ်မှာကြည့်ပြီး ဘာပုဒ်မ၊ ဘာ ပုဒ်မဆိုပြီး တပ်မှာ။ လက်ရှိမှာ သူတို့မှာ ပုဒ်မ မရှိသေးဘူး။ ကျင့် ၂၀၂ ဆိုတာက ရဲနဲ့ ပြန်စစ်ပြီး တင်ပေးပါလို့ ပြောတာ” ဟု ရှင်းပြသည်။
သို့သော် လူရွှင်တော် ၅ ဦးမှာ ခရီးလွန်နေသဖြင့် မစစ်ဆေးရသေးကြောင်း သိရသည်။
ဇွဲအငြိမ့်အဖွဲ့ မှ လူရွှင်တော် ပန်းသီး က “ကျနော်က မေမြို့မှာ ကားရိုက်ရှိလို့ မအားဘူး။ ကားရိုက်က ၃၊ ၄၊ ၅ ရက်လောက်မှ ကျနော် က ပြီးမှာ။ ကျနော်လူတွေကလည်း မစုံ သေးဘူး။ တယောက်က တရားစခန်း ဝင်နေတယ်။ တယောက်က ဘိတ်ကို ပြန်သွားတယ်။ သူတို့ကလည်း လူစုံချင်တယ်။ လူစုံမှ လည်း မေးရမြန်းရတာ အဆင်ပြေမှာလို့ ပြောတယ်။ ကျနော်တို့ဆီကို စာလာတယ်လို့ ကြား တယ်။ စာတော့ မဖတ်ရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းတို့ လူရွှင်တော် အဖွဲ့သည် ယင်းနေ့က နေပြည်တော်ပွဲတွင် ပြက်လုံးများ၊ ပြကွက်များကို ပုံမှန်သာ ပြုလုပ်နေဆဲ ဖြစ်ပြီး ပို၍ လုပ်ပြခဲ့သည့် ပြကွက်မျိုး မရှိကြောင်း၊ နားလည်မှုလွဲခြင်း ဖြစ်နိုင်ကြောင်း လူရွှင်တော် ပန်းသီးက ပြောသည်။
၎င်းကဆက်၍ “ဓါတ်ပုံအရ ပြောတာ ဖြစ်နိုင်တယ်။ လူရွှင်တော် ပြက်လုံးကျတော့ ရီလို့ရအောင် ခြေထောက်နဲ့နင်းတာ ရှိတယ်။ ဒီအပေါ်မှာ ဆွဲ ထိုးတာရှိတယ်။ တယောက်နဲ့တယောက် အကန်တွေ ပြောတာ ရှိတယ်။ ပြက်လုံးတခုလုံးကြည့်မှ ဒါမဟုတ်ပါလားဆိုပြီး ပြန်တွက် မိသွားလိမ့်မယ်လို့ ထင်တယ်” ဟု ရှင်းပြသည်။
ယင်းလူရွှင်တော်အဖွဲ့၏ သရုပ်ဆောင်မှု တချို့သည် တပ်မတော်က အခြားသူများကို အနိုင်ကျင့်နေသည့် ပုံစံမျိုး သရုပ်ဆောင် သဖြင့် အမှုဖွင့်ခြင်း ဖြစ်ကြောင်း၊ တပ်မတော် ယူနီဖောင်းဝတ်ပြီး ဘေးနားမှ သူတယောက်၏ ပခုံးပေါ်သို့ ခြေထောက်တင်သည့် ပုံစံသည် တပ်မတော်က ခြိမ်းခြောက်သည့် ပုံစံပေါက်နေကြောင်း နေပြည်တော် စစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်က ယနေ့ လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။
တပ်မတော်အနေဖြင့် သည်းခံနိုင်မှုသည် အတိုင်းအတာ ရှိကြောင်း တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ၂၀ ၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောဆိုထားပြီး စစ်ယူနီဖောင်းဝတ်ဖြင့် သံချပ် ဖျော်ဖြေ သည့် ဒေါင်းတို့ မျိုးဆက် အဖွဲ့ကိုလည်း အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားသည်။
ထို့ပြင် လူပုဂ္ဂိုလ်များ ဖြစ်သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ သတင်း မီ ဒီယာများဖြစ်သည့် ဧရာဝတီ သတင်းဌာနနှင့် လွပ်လပ်သော အာရှအသံ (RFA) တို့ကိုလည်း တပ်မတော်မှ ပုဒ်မ အမျိုးမျိုးဖြင့် အမှု ဖွင့် အရေးယူထားကြောင်း သိရသည်။
“ဒီလိုမျိုး သံချပ်တွေရော၊ အခြေခံ အနုပညာကိစ္စတွေကိုပါ ပတ်ပြီးတော့ ဆွဲနေတာဆိုတော့ အခုချိန်မှာ တပ်က ပိုပြီးတော့ ဆတ်ဆတ်ထိ မခံ ပိုဖြစ် လာတယ်လို့ မြင်တယ်။ တပ်ကို ပြောဆို ဝေဖန် ထောက်ပြမှု အားလုံးက အချိန်မရွေး ထောင်ထဲ ရောက်သွားနိုင် တာမျိုး၊ တရားစွဲ ခံရနိုင်တာမျိုး ဆိုတဲ့ အခြေအနေမှာ ရှိနေတယ်”ဟု အသံဖွဲ့ အမှုဆောင် ဒါရိုက်တာ မောင်ဆောင်းခ က ပြောသည်။