သတင်း

မန္တလေးမြို့ လုံခြုံရေးအတွက် ဟွာဝေးနှင့် ဆောင်ရွက်မည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့အား လုံခြုံသောမြို့တော် “Safe City” အဖြစ် အကောင်အထည် ဖော်နိုင်ရန် တရုတ် နည်းပညာ ကုမ္ဗဏီ ဟွာဝေး (Huawei) နှင့် လာမည့် လအတွင်း စာချုပ်ချုပ်မည်ဟု တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ဧရာဝတီကို ပြောသည်။

“စာချုပ်ထဲမှာ လိုအပ်တာတွေ ပြင်ဆင် ညှိနှိုင်းပြီး တာဝန်ရှိသူတွေနဲ့ စာချုပ် ချုပ်ဖို့ ဆွေးနွေးနေတာ အတော်လေး ခရီးရောက်နေပြီ၊ နိုင်ငံတော်ဘတ်ဂျက်နဲ့ လုပ်တာဖြစ်တော့ ပစ္စည်းတခုချင်းရဲ့ စံချိန်စံညွှန်း၊ ဈေးနှုန်းကအစ အကုန်လုံး စိစစ်ရတာ တွေရှိတယ်” ဟု ၎င်းက ပြောသည်။

Safe City အစီအစဉ်မှာ မန္တလေးခရိုင်အတွင်း မှုခင်း အများဆုံး နေရာများတွင် ခေတ်မီ နည်းပညာသုံး စောင့် ကြည့် ကင်မရာ (CCTV) များ တပ်ဆင်မည်ဖြစ်ပြီး ၎င်း ကင်မရာများတွင် မှတ်ဉာဏ်တု နည်းပညာ Artificial Intelligence(AI) ပါဝင်ခြင်းနှင့် မျက်နှာကို မှတ်သားကာ မှတ်တမ်းတင်ခြင်း( Face Recognition) စနစ်များ အပြင် အနီးဆုံး ရဲစခန်းအား အချက်ပေး စနစ်ဖြင့် ပေးပို့ခြင်း စသည့် လုံခြုံရေး ဆိုင်ရာကိစ္စများ အထောက်အပံ့ ပေးမည့် စနစ်များ ထည့်သွင်း ပါရှိမည်ဟု အကြမ်းဖျင်း သိရသည်။

ကုန်ကျစရိတ်မှာ ငွေကျပ် ၁.၉ ဘီလျံ ခန့် ဖြစ်ပြီး၊ ကနဦး မန္တလေးခရိုင် ၇ မြို့နယ်မှ မဟာအောင်မြေ၊ ချမ်းမြသာ စည်၊ ပြည်ကြီးတံခွန် မြို့နယ်များတွင် စတင် ဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်း မြို့နယ် ၃ခုသည် မြို့သစ်ဧရိယာ အများဆုံး၊ ခရိုင်အတွင်း မှုခင်းဖြစ်ပွားမှု အများဆုံး ဖြစ်၍ Safe City အတွက် ပထမဆုံး အကောင်အထည် ဖော်ရန် ရွေးချယ်ခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သောနှစ်အတွင်း ခရိုင်ရဲတပ်ဖွဲ့နှင့် ဟွာဝေး ကုမ္ဗဏီတို့က စစ်တမ်း ကောက်ယူ ထားပြီးဖြစ် ကြောင်း သိရသည်။

“မန္တလေးက ဖွံ့ဖြိုးလာတော့ တခြားနယ်ကနေ အလုပ် လာလုပ်တဲ့ သူတွေလည်း ရှိလာတော့ အရင်ထက် လူစုံ လာတယ်၊ မူးယစ်ဆေး ပြသနာကို တာဝန်ရှိတဲ့ သူတွေက အခုထိ သေချာ မနှိမ်နင်းနိုင်သေးဘူး။ အမြစ်ပြတ်ဖို့ လိုအပ်သလို လုံခြုံရေး ကိစ္စက ဘယ်ကုမ္ဗဏီနဲ့ပဲ လုပ်လုပ် ပြည်သူ့ ပိုက်ဆံသုံးပြီး လုပ်တာမလို့ သေချာ အကျိုးရှိဖို့ လိုပါ တယ်” ဟု မန္တလေးမြို့ခံ ကုမ္ပဏီဝန်ထမ်း ကိုစည်သူကျော်က ဧရာဝတီကို ပြောသည်။

လာမည့်လအတွင်း စာချုပ် ချုပ်ဆို ပြီးပါက ၆ လအတွင်း အကောင်အထည် ဖော်နိုင်မည် ဖြစ်ပြီး ဘတ်ဂျက်အရ ခရိုင် အတွင်းရှိ မြို့နယ်များအား အပိုင်းလိုက်လည်းကောင်း၊ မြို့ဝင်မြို့ထွက် ဂိတ် များတွင်လည်းကောင်း ဆက်လက်ဆောင်ရွက် သွား မည်ဟု သိရသည်။

“မြို့အတွက် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးကို ကျနော်တို့ လုပ်ပေးချင်တယ်။ ဒါကြောင့် Safe City ဆိုပြီး စလုပ်ပါမယ်၊ ဥပဒေ စိုးမိုးပြီး လုံခြုံမှု ရှိမှလည်း တည်ငြိမ်မှာပါ။ ဒါမှလည်း ကျနော်တို့ ဆီကို ရင်းနှီးမြှပ်နှံမယ့်သူ တွေ လာမှာ ဖြစ်ပါတယ်” ဟု ပြီးခဲ့သည့် မတ်လက ပြုလုပ်ခဲ့သော မန္တလေးစီးပွားရေးဖိုရမ်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

ယခု မန္တလေးတိုင်းဒေသကြီး အစိုးရ၏ Safe City အစီအစဉ်ကို အကောင်အထည်ဖော်မည့် ဟွာဝေး ကုမ္ပဏီ သည် အမေရိကန်နှင့် မဟာမိတ် အနောက်နိုင်ငံများ အကြား 5G ကွန်ရက်နှင့် ပတ်သက်၍ သတင်းအချက် အလက် ထောက်လှမ်းနိုင်သည် ဟူသော စွပ်စွဲချက်များ ဖြင့် ရင်ဆိုင်နေရသည့် အပြင် ကုမ္ပဏီ၏ ဘဏ္ဍာရေး အရာရှိချုပ် မုန်ဝမ်ကျိုဝူကိုလည်း အီရန်အပေါ်ထားသည့် အမေရိကန်၏ ပိတ်ဆို့မှုကို ဖောက်ဖျက်သည့် စွဲချက် ဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁ရက်နေ့တွင် ကနေဒါရဲက ဖမ်းဆီးထားသည်။

ယင်းသို့သော် ဟွာဝေးကုမ္ပဏီကို မန္တလေး လုံခြုံရေးဆိုင်ရာ အတွက် ဆောင်ရွက်ရန် ခွင့်ပြုမည့် အပေါ် ဝန်ကြီး ဦးဇာနည်အောင်က “တရုတ်- အမေရိကန် ဇာတ်လမ်းက အားလုံးသိတာပါပဲ။ ဒါကို အကျယ်အဝင့်မပြောလိုဘူး။ ဒါပေမဲ့ ဟွာဝေးကို အီးယူမှာတောင် 5G ကွန်ရက်အတွက်သုံးနေကြတယ်။ တရုတ်ဆိုတာ ကျနော်တို့ရဲ့ အိမ်နီး ချင်းဖြစ်သလို ဟွာဝေးရဲ့နည်းပညာတော့ ယုံမှားသံသယမရှိပါဘူး” ဟု ရှင်းပြသည်။

လက်ရှိတွင် မန္တလေးခရိုင်အတွင်းနှင့် အချက်အချာကျသော မြို့ဝင်မြို့ထွက်နေရာများတွင် CCTV ကင်မရာ အလုံး ၁၃၀ ကျော် တပ်ဆင်ပြီး မှုခင်းဖြစ်စဉ်များ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက မန္တလေးမြို့အတွင်း လုယက်မှု မှုခင်းများ မကြာခဏဆက်တိုက် ဖြစ်ပွားခဲ့ရာ တိုင်း အစိုးရအဖွဲ့၏ သိန်းဌက်စီမံချက်ဖြင့် ဆောင်ရွက်ခဲ့ပြီး နောက် ၃ လအတွင်း အမှုပေါင်း ၂၀၀ ကျော်နှင့် တရားခံ ပေါင်း ၃၀၀ နီးပါးဖမ်းဆီးရမိခဲ့သည်ဟု တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။

ဆက်စပ်ဖတ်ရန်ဓားခုတ်မှုများလာသည့် မန္တလေးမြို့ လုံခြုံရေးပိုကြပ်မည်ဟု နယ်လုံဝန်ကြီး ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading