မန္တလေးမြို့တွင် ပဉ္စမ အကြိမ်မြောက် မြန်မာ့ သရက်သီး ပွဲတော် ပြုလုပ်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး သရက် အသင်း အစုအဖွဲ့က သိရသည်။
အဆိုပါ သရက်သီး ပြပွဲ ပြိုင်ပွဲအား မေ ၁၁၊ ၁၂ ရက်တို့တွင် မဟာအောင်မြေ မြို့နယ်၊ ၅၃ လမ်းနှင့် ၃၇ လမ်းထောင့်ရှိ Hotel Hazel တွင် ပြုလုပ်သွားမည် ဟု မန္တလေးတိုင်း ဒေသကြီး သရက် အသင်း အစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဆိုသည်။
ဒေါ်သန်းသန်းဆွေ က “ပြီးခဲ့တဲ့၂ နှစ်က မြန်မာ့ လက်ဖက်၊ သရက် ပွဲတော် ဆိုပြီး စုပေါင်း လုပ်ခဲ့တာမှာ လက်ဖက်က ပေါက်သွားပြီး နိုင်ငံတကာက သိလာပါတယ်။ အဲဒီလိုပဲ သရက် သီးကို နိုင်ငံခြား ဝယ်လက်တွေလည်း အများကြီး လာခဲ့ ပါတယ်။ အဲဒီလို အောင်မြင်ခဲ့တာကြောင့် အခုလို ပွဲတော်ကို နှစ် စဉ် ပြုလုပ်ပေးရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာ့ သရက်ကို ကမ္ဘာက သိစေရန်၊ မြန်မာ့ သစ်သီး ဝလံများနှင့် ဟင်းသီးဟင်းရွက်များကို နိုင်ငံတကာ ဈေးကွက်သို့ တန်းဝင် တင်ပို့ ရောင်းချနိုင်ရန်၊ သရက်သီးများကို စံချိန်စံညွှန်းမီ GAP စနစ်ဖြင့် စိုက်ပျိုးလာကြစေရန်၊ စိုက်ပျိုး ထုတ်လုပ် သူများ၊ ဝယ်ယူသူများ၊ တင်ပို့ ရောင်းချသူများနှင့် အခြား ဆက်စပ်သူများ အားလုံး ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်နိုင်ရန်၊ သရက် ဈေးကွက် တည်ငြိမ်စေရန်၊ အထွက်နှုန်း တိုးမြှင့်နိုင်ရေး အတွက် နည်းပညာများ ရရှိနိုင်စေရန် ရည်ရွယ်၍ ပြုလုပ် ခြင်းဟု သိရသည်။
ဒေါ်သန်းသန်းဆွေက ဆက်လက်၍ “လက်ရှိ တရုတ်ကို တင်ပို့နေရာမှာ ဈေးက ရ လိုက်၊ မရလိုက် ဖြစ်နေတယ်။ အထွက် နှုန်းတွေလည်း လျော့ကျနေတယ်။ အထွက်နှုန်း လျော့ကျလာတာကြောင့်လည်း ဈေးကွက်က တည်ငြိမ်မှု မရှိဘူး ဖြစ်နေ တယ်။ ဒါကြောင့်လည်း ဈေးကွက် တည်ငြိမ်မှု ရှိစေဖို့ အတွက် သရက်ပြပွဲ၊ ပြိုင်ပွဲကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု ပြော သည်။
အဆိုပါ ပွဲတော်ကို မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းနှင့် မန္တလေးတိုင်း ဒေသကြီး သရက် အသင်းတို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး ပြပွဲတွင် သရက်သီး အမျိုးပေါင်း ၈၀ ကျော်၊ ပြိုင်ပွဲတွင် သရက်သီး အစား ပြိုင်ပွဲ(အချို၊ အချဉ်)၊ သရက်သီး အခွံနွှာပြိုင်ပွဲနှင့် သရက်ခြစ်(ဂျစ်တွန်း) ပြိုင်ပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ယခု ပွဲတော်ကို ပြုလုပ်ခြင်းကြောင့် မြန်မာ့ သရက်ကို ကမ္ဘာက သိလာစေမည့် အပြင် သွင်းကုန် အစားထိုးရန်နှင့် ထုတ် ကုန်မြှင့်တင်ရေး ကဏ္ဍအား အထောက်အကူ ဖြစ်စေပြီး နိုင်ငံခြားဝင်ငွေလည်း ရရှိလာစေမည်ဟု သိရသည်။
ဒေါ်သန်းသန်းဆွေက “နောက် ရည်ရွယ်ချက် တခုက သွင်းကုန် အစားထိုး၊ ထွက်ကုန် တိုးတက် မြင့်မားရေးပေါ့။ မြန်မာမှာ အရည်အသွေး ကောင်းတဲ့ သရက်တွေ တော်တော်များများ ရှိပါတယ်။ ဟင်းသီးဟင်းရွက်တွေလည်း အများကြီး ရှိပါတယ်။ အဲဒီတွေကို တန်ဖိုးမြှင့်တင်တဲ့ အနေနဲ့ နိုင်ငံခြားကနေ သရက်နဲ့ ပတ်သက်တဲ့ ထွက်ကုန်တွေ ဝင်လာမယ့်အစား ကျမတို့ ဆီကနေ တန်ဖိုးမြှင့် ထုတ်ကုန်ပြုလုပ်ပြီး နိုင်ငံခြားကို တင်ပို့ ရောင်းချနိုင်မယ် ဆိုရင် နိုင်ငံခြားဝင်ငွေလည်း ရရှိလာစေမှာ ဖြစ်ပါတယ်” ဟု ဆက်လက် ပြောသည်။
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနေ လင်းမောင်မောင်က “အရည်အသွေး ကောင်းတဲ့ အသီးတွေ ထွက်ရှိပြီး မြန်မာ့သရက်ကို ပြည်ပဈေးကွက် အထိ ထိုး ဖောက်နိုင်ဖို့ အတွက်ပေါ့။ နိုင်ငံတကာ ဈေးကွက်ထဲကို ရောက်ဖို့ အတွက် နိုင်ငံတကာက ပုဂ္ဂိုလ်များကို ဖိတ်ကြားထား တာ ဖြစ်တဲ့အတွက် ဈေးကွက် အလားအလာ ပိုပြီး ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိမှာလည်း နိုင်ငံတကာ ကနေ မြန်မာ့ သရက်ကို လာပြီး လေ့လာနေသူတွေလည်း ရှိပါတယ်” ဟု ပြောသည်။
အဆိုပါ ပွဲတော်တွင် ထိန်းသိမ်း နည်းစနစ်များ အပြင် သရက် အိတ်စွတ်သည့် နည်းစနစ်၊ အရွက်ဖြန်းအားဆေး ထည့်သွင်း ရမည့် ပမာဏများ၊ စိုက်ပျိုးရေးနှင့် ပတ်သက်သော နည်းပညာများအား ပညာရှင်များနှင့် တောင်သူများ တိုက်ရိုက် ဆွေး နွေးမှုများကို ပြုလုပ် ပေးသွားမည်ဟု သိရသည်။
ဒေါ်သန်းသန်းဆွေက “အခုပွဲမှာ နိုင်ငံခြားမှ သရက်ပညာရှင်တွေလည်း တက်ရောက်ပြီး ဆွေးနွေး ဟောပြောပေးမှာတွေ ရှိပါတယ်။ ပွဲတွေပြု လုပ်ပေးတာကြောင့် အခုဆိုရင် တရုတ်တွေက ခြံတွေထဲ အထိ ဆင်းပြီး ဝယ်ယူမှုတွေ ရှိလာပါတယ်။ နောက်ပြီး ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား စတဲ့ နိုင်ငံတွေကလည်း ကမ်းလှမ်းမှုတွေ ရှိလာပါပြီ” ဟု ဆက်လက် ပြော သည်။
ပွဲတော် ကာလ အတွင်း စိုက်ပျိုးရေး ပညာရှင်များ၏ ဆွေးနွေး ဟောပြောပွဲများနှင့် ပြခန်းပေါင်း ၅ဝကျော် ပါဝင် ပြသသွား မည် ဖြစ်ကြောင်း သိရသည်။
ဒေါ်သန်းသန်းဆွေက “ကျမတို့ အနေနဲ့ အခုလို ပြည်တွင်းပွဲတွေ အပြင် ပြည်ပပွဲတွေကိုလည်း ၂၀၁၆ ခုနှစ် စပြီး လုပ်ခဲ့တာ တွေ ရှိပါတယ်။ အဓိက Certificate ပေါ့နော်။ အဓိက လိုအပ်နေတာက တောင်သူအားလုံး စုစုစည်းစည်း ညီညီညွတ် ညွတ်နဲ့ ပါဝင်လာမယ် ဆိုရင် မြန်မာ့ သရက် ဈေးကွက်က နိုင်ငံတကာကို ထိုးဖောက်လာနိုင်မှာ ဖြစ်ပါတယ်။ ပြပွဲတွေ လုပ် တာကလည်း ဒီ ရည်ရွယ်ချက်ပါ ပါတယ်” ဟု ပြောသည်။
ယခုနှစ်ပြပွဲတွင် နာမည်ကျော် သရက်သီးများ ဖြစ်ကြသော စိန်တလုံး၊ ရွှေဟင်္သာ၊ မြကျောက်၊ မချစ်စု၊ ကြေးတငုံ၊ ဦးမေရိ ယ၊ ငှက်တော်၊ ရင်ကွဲ၊ ပတ္တမြားငမောက်၊ ဆင်နင်းနှင့် ဆင်ပေါင် စသည့် သရက်မျိုးများ အဓိက ပါဝင်မည် ဖြစ်ပြီး ပြိုင်ပွဲဝင် တဦးလျှင် သရက်သီး အမျိုးပေါင်း ၅ မျိုး အထိ ပါဝင် ယှဉ်ပြိုင်နိုင်ကာ ပြိုင်ပွဲဝင် သရက်သီးများသည် အညှာ ၄ လက်မ ရှိ ရန်နှင့် နမူနာ ၅ လုံး ပေးပို့ရမည် ဟု သိရသည်။
ပြိုင်ပွဲဝင် သရက်သီးများကို မေလ ၁ဝ ရက်နေ့ နံနက် ၉နာ ရီမှ ညနေ ၅နာရီအတွင်း ပြိုင်ပွဲ ကျင်းပရာ နေရာသို့ နောက်ဆုံး ထား ပေးပို့ရမည် ဖြစ်ပြီး ဆုကြေး အနေဖြင့် ပထမဆု ကျပ်၂ သိန်း၊ ဒုတိယ ဆု ကျပ် ၁ သိန်း ၅ သောင်း၊ တတိယဆု ကျပ် ၁ သိန်းနှင့် နှစ်သိမ့်ဆု ကျပ် ၅ သောင်း ချီးမြှင့်သွားမည်ဟု သိရသည်။
ထို့ပြင် သရက်ပွဲတော် အတွင်း အသေးစား ချေးငွေ ရယူခြင်း၊ အစားအစာ ဘေးကင်း လုံခြုံရေး၊ စိုက်ပျိုးရေး ဆိုင်ရာ အလေ့ အကျင့် ကောင်းများ၊ ပိုးမွှား နှိမ်နှင်း ကာကွယ်ခြင်း၊ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး စံချိန်စံညွှန်း အသိအမှတ် ပြုခံရသည့် GLOBAL GAP လက်မှတ် ရရှိရန် ကြိုတင် ပြင်ဆင်ရမည့် လုပ်ငန်းစဉ်များ အကြောင်း၊ နိုင်ငံတကာသို့ သရက် ပို့ကုန် အဖြစ် တင်ပို့ခြင်း ဆိုင်ရာ ပြင်ဆင်ရမည့် လုပ်ငန်းများနှင့် ဈေးကွက် အခြေအနေများ အကြောင်း စသည့် ခေါင်းစဉ်များဖြင့် သက်ဆိုင်ရာ ပညာရှင်များက ဟောပြော ဆွေးနွေးသွားမည် ဖြစ်ရာ သရက်စိုက် တောင်သူများနှင့် စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။