စစ်ဘေးရှောင် စခန်းများရှိ ပြည်သူများ မှတ်ပုံတင် ရရှိရေး အတွက် အထူး စီမံချက် ချကာ ဆောင်ရွက်ပေးနေသည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး ပြည်သူ့ အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က “သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ ရှိတဲ့ ဦးစီးဌာန၊ တိုင်းနဲ့ ပြည်နယ် အစိုး ရ အဖွဲ့တို့ ပူးပေါင်းပြီး အထူး စီမံကိန်းများ ချမှတ် ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် မြစ်ကြီးနားမှာ ရှိတဲ့ စစ်ဘေးရှောင် စခန်းတွေက ပြည်သူ အားလုံးနီးပါး ကိုလည်း ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ ခြွင်းချက် အနေနဲ့ ကျန်ကောင်း ကျန်နိုင်ပါ တယ်။ ဒါလည်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မေလ ၈ ရက်က ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာ တောင်ညွန့် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၏ မှတ်ပုံတင် ထုတ်ပေးရေးနှင့် ပတ်သက်သော ဆက်စပ် မေးခွန်းကို ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်ဖြူဖြူသင်း က “လက်ရှိ ကျမတို့ ပြည်သူတွေ ခံစားနေရတဲ့ ပြဿနာတွေ ရှိပါတယ်။ အဲဒါ ဘာလဲဆိုရင် တိုင်းရင်းသား ဒေသမှာ ဖြစ်နေတဲ့ စစ်ဘေးရှောင် စခန်း (IDP Camp) တွေမှာ မှတ်ပုံတင် မရတဲ့ ပြဿနာတွေ၊ နောက်တခုက မှတ်ပုံ တင် မရှိတဲ့ အတွက် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးနေတာတွေ၊ ပြည်သူတွေရဲ့ နစ်နာမှုတွေ အများကြီး ရှိပါတယ်” ဟု တင်ပြခဲ့သည်။
တနေရာတည်းတွင် မှတ်ပုံတင် ထုတ်ပေးရေး အတွက် One Stop Service စနစ်နှင့် ဝန်ကြီးဌာန အနေဖြင့် ညွှန်ကြားချက် များ ရှိနေသော်လည်း လက်ရှိ အနေအထား အရ ယင်းသို့ မဖြစ်ဘဲ ခက်ခဲမှုများ ရှိနေဆဲ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ပြည်သူများ၏ အခက်အခဲကို ဖြေရှင်းရေး အတွက် နိုင်ငံတော် အကြီးအကဲများက မပြတ် လမ်းညွှန်ထားပြီး ဝန်ကြီးဌာန အနေဖြင့် ဦးစားပေး လုပ်ငန်း အဖြစ် သတ်မှတ်ကာ အထူး စီမံချက်များ ချမှတ် ဆောင်ရွက်နေကြောင်း၊ မှတ်ပုံတင် ကိစ္စ အခက်အခဲများ ရှိပါက တင်ပြနိုင်ပြီး တင်ပြချက် အပေါ် မူတည်ကာ ဖြေရှင်းပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဖြေကြားခဲ့သည်။
ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက “အထူးသဖြင့် ကျနော်တို့က သွေးနှောတွေကို စိစစ်ရတဲ့အခါ သက်ဆိုင်ရာ မျိုးရိုးစဉ် ဆက် ဇယားကို စိစစ်ရတဲ့ အတွက် အနည်းငယ်တော့ အချိန်ယူပါတယ်။ သို့ရာတွင် လိုအပ်တာထက် အချိန် မကြန့်ကြာဖို့ ကိစ္စ တခုချင်း အလိုက် ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။
၎င်းက ဆက်လက်၍ “အလားတူပဲ ကျနော်တို့ ဝန်ထမ်းများရဲ့ မသင့်မလျော် ဆောင်ရွက်ချက်များ၊ နှောင့်နှေး ကြန့်ကြာ အောင် ဆောင်ရွက်ချက်များ ရှိရင်လည်း ဥပဒေနဲ့ အညီ အရေးယူသွားဖို့ အဆင်သင့် ရှိနေပါတယ်” ဟု ပြောသည်။
ကချင် ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများမှာ စစ်ဘေးရှောင် စခန်းများသို့ ရောက်ရှိ လာကြောင်း၊ ၎င်းတို့ အနေဖြင့် မှတ်ပုံတင် မရရှိပါက ခရီး သွားလာရေး၊ ကျောင်းနေရေး ကိစ္စများတွင် အခက်အခဲ ဖြစ်နေ ခြင်းများ ရှိ၍ မှတ်ပုံတင် ရရှိရေး ဆောင်ရွက်ပေးနေရကြောင်း ဒေသခံ လွှတ်တော် ကိုယ်စားလှယ်များ က ပြောသည်။
အင်ဂျန်းယန် မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန် က “စခန်းမှာ ရှိတဲ့သူတွေကို အုပ်ချုပ်ရေးပိုင်း လဝက ပိုင်း ကိုရော ပြောဆိုပြီး မှတ်ပုံတင် ရရှိရေး ဆောင်ရွက်နေပါတယ်။ ကျမရဲ့ ဧရိယာထဲမှာတော့ ပြီးပြတ်တာ မရှိသေးဘူး၊ ဆောင်ရွက်နေဆဲ ဖြစ်တယ်။ အစိုးရပိုင်းက လုပ်ပေးမယ် ဆိုပြီး စာရင်း ကောက်နေတာ ရှိတယ်၊ မပြီးပြတ်သေးပါဘူး” ဟု ပြောသည်။
စစ်ဘေးရှောင် စခန်းများရှိ မှတ်ပုံတင် မရရှိသူ ဦးရေမှာ ရာနှင့် ချီ ရှိနေပြီး ဗမာ စကား မပြောတတ်သော ပြည်သူများ အနေဖြင့် မှတ်ပုံတင် ရရှိရေး အခက်အခဲ ဖြစ်နေခြင်း၊ တာဝန်ရှိသူများကလည်း နာမည် စာလုံးပေါင်း မှန်ကန်အောင် မရေးနိုင်၍ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်တွင် အမည် လွဲမှားခြင်း စသည့် အခက်အခဲများ ရှိနေကြောင်း ၎င်းက ဆက်လက် ပြောသည်။
ကချင် ဒေသ စစ်ဘေးရှောင် ပြည်သူများအား ကူညီ စောင့်ရှောက်ရေး ကော်မတီ (KHCC) ၏ စာရင်းများ အရ ကချင် ပြည်နယ်နှင့် နယ်စပ် တလျှောက်တွင် စစ်ဘေးရှောင် ဦးရေ ၁ သိန်းခန့် ရှိနေကြောင်း သိရသည်။
၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း ဖြစ်ပွားခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီးမှ ပြည်သူများသည်လည်း ယနေ့ အချိန် အထိ မှတ်ပုံ တင် မရရှိခြင်းကြောင့် အလုပ်အကိုင် အတွက် အခက်အခဲ ဖြစ်နေရကြောင်း၊ တိုင်းရင်းသား ဒေသများ၊ မငြိမ်းချမ်းသော ဒေသမှ စစ်ဘေးရှောင်များမှာလည်း မှတ်ပုံတင် မရှိခြင်းကြောင့် မဲပေးပိုင်ခွင့်နှင့် ခရီး သွားလာခွင့်များ ဆုံးရှုံးနေရကြောင်း၊ ယင်း ကိစ္စနှင့် ပတ်သက်ပြီး အဂတိ လိုက်စားမှု ဖြစ်ပေါ်စေကာ တရား ဥပဒေ စိုးမိုးမှုကို ထိခိုက်စေကြောင်းကို ဒေါ်ဖြူဖြူ သင်း က ဝေဖန် ထောက်ပြခဲ့သည်။
ထို့အပြင် နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးရေး လုပ်ငန်းတွင် နှစ်ပေါင်းများစွာ ခက်ခဲကြန့် ကြာမှုများ ကြုံတွေ့နေ ရပြီး မှတ်ပုံတင် မရရှိခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး စစ်တမ်းများ၊ ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များ ကောက် ခံရာတွင် မှန်ကန် တိကျမှု နည်းပါးလျက် ရှိသည်ကို တွေ့နေရကြောင်း၊ သက်ဆိုင်ရာ ဌာနများ အနေဖြင့် နိုင်ငံသား ပြည်သူ လူထု၏ ကိုယ်ရေး အချက်အလက် ဖိုင်များ သိမ်းဆည်းရာတွင် ခေတ်စနစ်ဖြင့် ညီညွှတ်မှု မရှိခြင်းကြောင့် အချက်အလက် များ ပျောက်ဆုံး ပျက်စီးမှုများ တွေ့နေရကြောင်းကိုလည်း ၎င်းက တင်ပြ ဆွေးနွေးခဲ့သည်။
ထို့အတွက် မှတ်ပုံတင်နှင့် ပတ်သက်သော လုပ်ငန်းများ ကိုယ်ရေး အချက်အလက် မှတ်တမ်း ဖိုင်တွဲများကို လက်ရှိ ဆောင် ရွက်နေသော စနစ်မှ Digital စနစ်မှ အမြန်ဆုံး ပြောင်းလဲပေးနိုင်ရန် အစီအစဉ် ရှိမရှိ ကို ဒေါ်ဖြူဖြူသင်းက မေးမြန်းခဲ့ သည်။
နိုင်ငံသား ကတ် ထုတ်ပေးသည့် လုပ်ငန်းများကို နည်းပညာ အသုံးပြု ဆောင်ရွက်ရာတွင် နိုင်ငံတွင်း နေထိုင်သူ တဦးချင်း ၏ ကိုယ်ရေး အချက်အလက်၊ လက်ဗွေ၊ မျက်လုံး သူငယ်အိမ်၊ မျက်နှာ ဓာတ်ပုံ စသည့် Biographic Data နှင့် Biometric Data များကို သိမ်းဆည်း၍ လူတဦးချင်း အတွက် Unique ID Number တခုစီ ပေး၍ မှတ်ပုံတင် ထိန်းသိမ်းခြင်း လုပ်ငန်း ကို ပထမ အဆင့် ဆောင်ရွက်သွားမည် ဟု ဦးသိန်းဆွေက ဖြေကြားခဲ့သည်။
နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းကို Digital စနစ်ဖြင့် ပြောင်းလဲ၍ Smart Card ခြင့် ထုတ်ပေးခြင်း လုပ်ငန်းကို ဒုတိယ အဆင့် အနေဖြင့် ဆောင်ရွက်ရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနက ရည်ရွယ်ထားခြင်း ဖြစ် ကြောင်း သိရသည်။
ယင်း လုပ်ငန်းများ အတွက် လူဦးရေ မှတ်ပုံတင်ခြင်း လုပ်ငန်း၊ e-ID Population Registry ဆောင်ရွက်ရန် ခန့်မှန်း စုစု ပေါင်း အမေရိကန် ဒေါ်လာ ၁၀၄ သန်းခန့်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား စမတ်ကတ် ထုတ်ပေးခြင်း အတွက် ဒေါ်လာ ၂၈၆ သန်း ကုန်ကျနိုင်ကြောင်း၊ ယင်းအတွက် နိုင်ငံတော် ဘတ်ဂျက် အပြင် နိုင်ငံတကာ အကူအညီ ရယူခြင်း အကျိုးတူ ပူးပေါင်းခြင်း တို့ဖြင့် ဆောင်ရွက်သွားမည် ဟု ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ရှင်းပြသွားသည်။