ရန်ကုန်လေဆိပ်တွင် လေယာဉ်ပြေးလမ်း ချော်မှုဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လေယာဉ်မှူး အပါအ ဝင် ၁၈ ဦးအား အာယုဆေးရုံနှင့် ပါရမီဆေးရုံတို့တွင် ကုသလျှက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဒဏ်ရာရရှိသည့် သူများ၏အခြေအနေမှာ ဆရာဝန်များ၏ပြောကြားချက်အရ စိုးရိမ်ရမှုမရှိကြောင်းနှင့် ပုဂ္ဂလိကဆေးရုံးများ သို့ လွှဲပြောင်းကုသမှုကို လေကြောင်းကုမ္ပဏီများ၏ စီစဉ်မှုဖြင့် ဆက်လက်ဆောင်ရွက်ပေးလျှက်ရှိကြောင်း အခြေအနေ သွားရောက်ကြည့်ရှုခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က ပြောသည်။
ဦးလင်းနိုင်မြင့် က “ဆရာဝန်တွေပြောပုံအရတော့ စိုးရိမ်ရတာမရှိပါဘူးလို့ နားလည်ပါတယ်၊ ကျနော်တို့ဘက်ကတော့ ဆေးရုံကြီးကို လွှဲပြောင်း ကုသဖို့စီစဉ်ပေးခဲ့ပြီး နောက်ပိုင်းတော့ သူတို့ကုမ္ပဏီဘက်ကပဲ စီစဉ်ပြီး ဆက်ဆောင်နေပါတယ်” ဟု ပြောသည်။
လေယာဉ်အမှုထမ်း ၆ ဦးနှင့် ကလေးငယ် တဦးအပါအဝင် ခရီးသည် ၂၉ ဦးလိုက်ပါလာသည့် Biman Bangladesh လေ ကြောင်းလိုင်းမှ ခရီးစဉ်အမှတ် BG-060 လေယာဉ်သည် ဒါကာမြို့မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ည ၇ နာရီခန့်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်ခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် လေယာဉ်ရှေ့ဘီး၊ တောင်ပံနှစ်ဖက်၊ လေယာဉ်၏ ရှေ့တံခါးပေါက်နှင့် တောင်ပံကြား လေယာဉ် ကိုယ် ထည် နေရာတို့၌ ကျိုးပဲ့ပျက်စီးခဲ့ရပြီး လေယာဉ်မှူးအပါအဝင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသူများအား မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ညတွင်းချင်းပို့ဆောင် ကုသခဲ့ရသည်။
ဒဏ်ရာရရှိသူများအား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ညွန်ကြားချက်ဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ တဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ရပြီး ထိုမှတဆင့် အာယုဆေးရုံနှင့် ပါရမီဆေးရုံတို့ထံ ထပ်မံလွှဲပြောင်း ကုသနေခြင်းဖြစ်ကြောင်း သိရသည်။
ပြေးလမ်းချော်မှုဖြစ်စဉ်ကြောင့် လေယာဉ်ကွင်းအား ၂ နာရီခန့် ပိတ်ထားခဲ့ရပြီး ည ၉ နာရီခန့်တွင် ပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်ကာ ပြည်တွင်း/ပ ခရီးစဉ်များ ဆင်းသက်လျှက်ရှိကြောင်း လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက ပြော ထားသည်။
လေယာဉ်ကွင်း ခေတ္တပိတ်ထားစဉ်အတွင်း ပြည်တွင်းလေကြောင်းလိုင်း ၄ ခုမှ လေယာဉ် ၈ စင်းမှာ နေပြည်တော်နှင့် မန္တ လေး လေဆိပ်တို့တွင် ရပ်နားစောင့်ဆိုင်းခဲ့ရပြီး ပြည်ပသို့ထွက်ခွာမည့် ခရီးစဉ် ၈ ခုကိုလည်း ယာယီဖျက်သိမ်းခဲ့ရသည်။