ယမန်နေ့ မေလ ၈ ရက်နေ့ ညတွင် ရာသီဥတု ဆိုးရွားသောကြောင့် ရန်ကုန် မင်္ဂလာဒုံလေဆိပ် အဆင်းတွင် လမ်းချော်ပြီး ပျက်ဆီးခဲ့သည့် ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း လေယာဉ်ပေါ်ပါ လူနာများကို ကုသပေးနေသည့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ အပြုအမူကြောင့် တာဝန်ကျ ဆေးရုံဝန်ထမ်းများ စိတ်မကောင်းဖြစ်ခဲ့ကြရသည်။
လေယာဉ်ပျက်ကျ၍ ထိခိုက်ခဲ့ရသည့် ခရီးသည်များကို မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများက ကုသနေစဉ် ဝန်ကြီးချုပ်ရောက်လာပြီး နေရာ ရွှေ့ပြောင်းရန် ညွှန်ကြားမှုများ ပြုလုပ်ခဲ့ကြောင်း ဆေးရုံဝန်ထမ်းများက ဆိုသည်။
ယခုအခါ ပြန်လည်ဖြုတ်ချခဲ့ပြီဖြစ်သော ဖေ့ဘွတ် လူမှုကွန်ရက် ပို့စ်တခုတွင်လည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “သည်လိုနေရာမှာ ဘာမှမရှိဘူး။ စက်လည်း မပြည့်စုံ၊ နေရာကလည်း စုတ်၊ ဘာ facility မှ မရှိ။ သည်လူတွေအကုန် အခုပဲ ရန်ကုန်ဆေးရုံကြီးကိုရွေ့ အခုရွေ့” ဟု ညွှန်ကြားခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။
မြောက်ဥက္ကလာ ဆေးရုံကြီးသည် လူနာများအကြား နာမည်ကောင်း ရသော ဆေးရုံဖြစ်သည်။ ထို့ပြင် လူအများထိခိုက်မှု ဖြစ်စဉ်သိလျှင်သိခြင်း အရေးပေါ် လုပ်ထုံးလုပ်နည်းများအတိုင်း မြောက်ဥက္ကလာပဆေးရုံကြီးမှ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများအပြင် တာဝန်ချိန်မဟုတ်သော အရေးပေါ်ကုသမှု ဆေးပညာရှင်များ ခွဲစိတ်အထူးကုများ၊ အရိုးခွဲစိတ် အထူးကုများ၊ ဓာတ်မှန်အထူးကုများ၊ သူနာပြုများနှင့် အထွေထွေကျန်းမာရေးလုပ်သားများ လာရောက်ကုသပေးခဲ့ကြောင်း ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။
ဘင်္ဂလားဒေ့ရှ် သံအမတ် Manjurul Karim Khan Chowdhury နှင့်အတူ ရောက်ရှိလာသည့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော လူနာများကို မြောက်ဥက္ကလာပဆေးရုံမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ညတွင်းချင်းပင် ပြောင်းရွှေ့စေခဲ့ပြီး ခရီးသည်များနှင့် လေယာဉ်မှူးများ ယခုထက် ပိုမိုကောင်းမွန်သော ဆေးဝါးကုသမှု ရရှိစေရန်အတွက် တာမွေမြို့နယ်ရှိ အာယု အထူးကုဆေးရုံကြီးသို့ ရွှေ့ပြောင်းစေခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “ဝန်ကြီးချုပ်ကလည်း စေတနာနဲ့ပေါ့။ ဒါပေမယ့် အရေးပေါ်စီမံချက်တွေ ရှိပြီးသားပဲ၊ အရေးပေါ် ကုသတာတွေပေါ့။ နယ်မြေခံ ဆရာဝန်တွေက လုပ်တတ်ပြီးသားလေ။ စေတနာနဲ့ လုပ်ပေမယ့် စေတနာအမှားဖြစ်နေပြီ။ ဝန်ကြီးချုပ် အစိုးရအဖွဲ့ လုပ်ဆောင်ချက် မှားတာပေါ့။ အမှန်တော့ သူတို့ကို ပံ့ပိုးပေးရမှာ ဘာတွေဖြည့်ဆည်းပေးရမလဲ၊ ဘာတွေလုပ်ပေးရမလဲ ပြောရမှာ။ ဒါပဲမေးရတော့မယ်လေ။ ဟိုပို့ဆိုတာက ကိုယ်ကဘယ်လို လူနာအမျိုးအစားလည်း မသိဘူးလေ” ဟု ဧရာဝတီသို့ ပြောသည်။
မေလ ၈ ရက်နေ့ ညနေပိုင်းက ဘင်္ဂလားဒေ့ရှ်အခြေစိုက် Biman လေကြောင်းလိုင်းမှ လေယာဉ်တစင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ မြို့မှ ရန်ကုန်သို့ ပျံသန်းသည့် ခရီးစဉ်တွင် ရန်ကုန်လေဆိပ်အဆင်း၌ ပြေးလမ်းချော်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလေယာဉ်တွင် ကလေးငယ်တစ်ဦးအပါအဝင် ခရီးသည် ၂၉ ဦး နှင့် လေယာဉ်အမှုထမ်း ၆ ဦးလိုက်ပါလာခဲ့သည်။
အခင်းဖြစ်ပွားပြီးပြီးချင်း အရေးပေါ်ကယ်ဆယ်ကူညီရေးများ လုပ်ကာ လေယာဉ်ကွင်းနှင့် နီးသော မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ပို့ဆောင်ကာ အရေးပေါ်ကုသမှု ခံယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ် အပြေးအလွှား လာရောက် ကြည့်ရှုခြင်းကို နားလည်နိုင်သော်လည်း ဆေးရုံတွင်း ဓာတ်ပုံရိုက်ကူးခွင့်ကို ကန့်သတ်သည့် စည်းမျဉ်းစည်းကမ်း ရှိနေသည့် အပြင် ဆရာဝန်၊ ဆရာမများ တားနေသည့်ကြားမှ ဝန်ကြီးချုပ်နှင့်အတူ ပါလာသည့် ရဲများ၊ ဓာတ်ပုံသမားများက ဓာတ်ပုံများ ရိုက်ကူးနေခြင်းများကြောင့် လူနာများ၊ ဆရာဝန်၊ ဆရာဝန်မများ အနှောက်အယှက်ဖြစ်ခဲ့ရကြောင်း လူမှုကွန်ရက်တွင် ရေးသားဝေဖန်ခဲ့သေးသည်။