သတင်း

ပုသိမ်ထောင်၌ အကျဉ်းသား ၁ဝဝ ကျော် ဆန္ဒပြမှုဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ၌ ပုသိမ် အကျဉ်းထောင်တွင် ယနေ့ နံနက် ၁၁ နာရီခန့်က အကျဉ်းသား ၁ဝဝ ကျော် ဆန္ဒပြ အော်ဟစ်ခဲ့ပြီး ထောင်ဆူပူမှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

နိုင်ငံတော် သမ္မတရုံးက မေလ ၇ ရက်တွင် ပုသိမ် အကျဉ်းထောင်မှ အမျိုးသား ၅၅ ဦးနှင့် အမျိုးသမီး ၇ ဦး စုစုပေါင်း အကျဉ်းသား ၆၂ ဦးကို လွတ်ငြိမ်း သက်သာခွင့်ဖြင့် ထောင်မှ လွှတ်ပေးခဲ့ပြီးနောက် ၂ ရက် အကြာတွင် ယခုကဲ့သို့ ထောင်ဆူပူမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အကျဉ်းထောင်ရှိ အမျိုးသား အဆောင် ၁ နှင့် အဆောင်၂ တို့မှ အကျဉ်းသား ၁၄၀ ခန့် အော်ဟစ် ဆန္ဒပြခဲ့ကြ သဖြင့် ရဲတပ်ဖွဲ့နှင့် မီးသတ် တပ်ဖွဲ့တို့က အကျဉ်းထောင်အတွင်း အဓိကရုဏ်း နှိမ်နင်းရန် အသင့် အနေအထား နေရာ ယူထား ကြပြီး ထောင်ဆူပူမှု ပိုမိုကြီးထွား မလာစေရန် လုံခြုံရေး ယူ၍ ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ရကြောင်း ဧရာ ဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က “ဒီနေ့ နံနက် ၁၁ နာရီ ၅ မိနစ်ခန့် အချိန်မှာ အကျဉ်းသား ၁၄၃ ဦးခန့်က အကျဉ်းသား အခွင့်အရေး တန်းတူရရှိရေး၊ လွတ်ငြိမ်း သက်သာ တန်းတူ ရရှိရေး ဆိုပြီး ဆန္ဒ ပြတာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ပုသိမ်ထောင် ဆူပူမှု ဖြစ်ပွားပြီးနောက် နေ့လယ်၁၂ နာရီခန့် အချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရွှေသောင်းနှင့် ပုသိမ်ခရိုင် အုပ် ချုပ်ရေးမှူး ဦးကောင်းစံလင်း တို့မှ အကျဉ်းသားများနှင့် လာရောက် တွေ့ဆုံကာ ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် အဖွဲ့မှာ ပုသိမ် အကျဉ်းထောင်ရှိ အမျိုးသား၊ အမျိုးသမီး အကျဉ်းသားများနှင့် ၁ နာရီ ၃ဝ မိနစ် ခန့် တွေ့ဆုံ ဆွေးနွေးပြီးနောက် နေ့ယ် ၁ နာရီ ၃ဝ မိနစ်ခန့် အချိန်တွင် ပုသိမ် အကျဉ်းထောင်မှ ပြန်လည် ထွက်ခွာသွားခဲ့ သည်။

ယနေ့ ဖြစ်ပွားခဲ့သည့် ပုသိမ် ထောင်ဆူပူ အခြေအနေများနှင့် ပတ်သက်၍ အကျဉ်းဦးစီး ဌာနမှ တာဝန်ရှိသူများကို မေးမြန်း ခဲ့ရာတွင် ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

လွတ်ငြိမ်း သက်သာခွင့်နှင့် ပတ်သက်၍ ထောင်ကျ အကျဉ်းသားများ သေချာနားမလည်ခြင်းနှင့် ထောင်တာဝန်ရှိသူများမှ ရှင်းလင်း ပြောကြားခြင်းများ မပြုလုပ်သည့် အတွက် ယခုလို ထောင်ဆူပူမှုများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ပုသိမ် အကျဉ်း ထောင်တွင် အကျဉ်းကျ ခံရဖူးသူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းထွန်းဦး က ပြောသည်။

ဦးထွန်းထွန်းဦး က “အကျဉ်းထောင်ထဲမှာ ပြစ်ဒဏ် ကျနေတဲ့ အကျဉ်းသားတိုင်း သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာကို မျှော်ကြ တယ်။ တကယ်တမ်းလည်း ကြေညာရော လွတ်တဲ့လူက ကွင်းလုံးကျွတ် လွတ်ပြီး ကျန်တဲ့လူကျတော့ ဘာအကျိုးကျေးဇူး မှ မခံစားရတဲ့ အတွက် မကျေနပ်လို့ အခုလို အကျဉ်းသား အခွင့်အရေး တန်းတူပေးဖို့ တောင်းဆိုတာတွေ ဖြစ်ကုန်တာ။ အဓိကက ထောင်တာဝန်ရှိသူတွေက ဘယ်လိုအချက်တွေကြောင့် လူရွေးပြီး လွတ်ငြိမ်းခွင့် ပေးရတယ် ဆိုတာ အကျဉ်း သားတွေကို ရှင်းမပြတာတွေလည်း ပါတယ်။ ဒါကြောင့် ဒီလို ထောင်ဆူတာတွေ ဖြစ်နေတာ” ဟု ဆိုသည်။

မေလ ၇ ရက်က သမ္မတ ဦးဝင်းမြင့် အမိန့်နှင့် ပုသိမ်ထောင်မှ လွတ်မြောက်ခဲ့သူ အများစုမှာ မူးယစ် ဆေးဝါးမှုနှင့် ပြစ်ဒဏ် ကျခံနေရသူများ ဖြစ်ကြောင်း အကျဉ်းထောင် တာဝန်ရှိသူများထံက သိရသည်။

ပုသိမ် အကျဉ်းထောင် ကဲ့သို့ပင် မေလ ၈ ရက်နှင့် ၉ ရက်များ၌ စစ်ကိုင်းတိုင်း ကလေး မော်လိုက်ထောင်၊ ရွှေဘိုထောင်၊ ကရင် ဘားအံထောင်၊ ကချင်ပြည်နယ် မြစ်ကြီးနားထောင်၊ ပဲခူးတိုင်း သာယာဝတီထောင် အစရှိသည့် ထောင်များတွင် လည်း ဆူပူမှု ဖြစ်ပွားခဲ့ကြကာ ရွှေဘိုထောင် ဆူပူမှုကြောင့် အကျဉ်းသား ၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူများလည်း ရှိ ခဲ့ကြောင်း သတင်းရရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading