ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီ ခရိုင် သာယာဝတီ အကျဉ်းထောင်တွင် ယနေ့ နံနက် ၈ နာရီခန့်က စတင်ပြီး အကျဉ်းသားများ ထောင်တွင်း ဆူပူ ဆန္ဒပြ တောင်းဆိုမှု ဖြစ်ပွားခဲ့သဖြင့် သွားရောက်ဖြေရှင်းခဲ့ရာတွင် ပြေလည်မှု ရှိခဲ့ကြောင်း သိရသည်။
အကျဉ်းသားများမှ ဆန္ဒပြ တောင်းဆိုမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် ဖြေရှင်းပေးခဲ့ရာ နေ့လယ် ၁ နာရီခန့်၌ ပြေလည်မှု ရရှိခဲ့ကြောင်း သာယာဝတီမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မူမူခင်က ဧရာဝတီကို ပြောသည်။
ဒေါ်မူမူခင်က “ထောင်အခြေအနေက နေ့လယ် ၁ နာရီလောက်မှာ ရပ်သွားတယ်။ သူတို့က မီဒီယာနဲ့ တွေ့ခွင့်ရရေး၊ အကျဉ်းသားများ တန်းတူညီမျှ အခွင့်အရေး ရရှိရေးနဲ့ လူ့ အခွင့်အရေး ကော်မရှင်နဲ့ တွေ့ခွင့်ရရေး၊ အဲဒီ သုံးချက် တောင်းဆိုတယ်” ဟု ပြောဆိုသည်။
ယင်းသု့ိ တောင်းဆိုရာတွင် မည်ကဲ့သို့ ညှိနှိုင်းမှု ရရှိသွားကြောင်း မသိရှိခဲ့ကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များပင် ယင်းကိစ္စရပ်နှင့် ပတ်သက်၍ အသိပေး ပြောကြားခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
ဒေါ်မူမူခင် က “ထွေအုပ်နဲ့ ပြည်သူ့ရဲ တပ်ဖွဲ့တို့ ဘာတို့ပဲ သွားကြတယ်။ ဘယ်ကနေ ဘယ်လို စလုပ်တာလဲ မသိဘူး။ ကျမတို့လည်း လွှတ်တော် ကိုယ်စားလှယ် ဆိုပြီးတော့ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ ရဲတပ်ဖွဲ့ တို့က ဘာမှ ကျမ တို့ကို သတင်းပေး ပြောကြားတာ မရှိဘူး။ ကျမတို့ ဘာသာ ဘေးသတင်းကနေ ကြားရတာပါ” ဟု ပြောသည်။
နေ့လယ် ၁ နာရီခွဲခန့်က ရဲတပ်ရင်း တခုမှ ရဲတပ်သားများ တင်ဆောင်လာသည့် ရဲကား ၃ စီးမှာ အကျဉ်းထောင် အတွင်း ဝင်သွားခဲ့ပြီး ထောင်ဝင်စာ လာရောက် တွေ့သူ ၃၀ ကျော်မှာလည်း ထောင်ရှေ့တွင် စောင့်ဆိုင်း နေရကာ မေလ ၁၀ နေ့ အထိ ထောင်ဝင်စာ တွေ့ခွင့် ပေးမည်/မပေးမည်ကို မသိရှိရသေးကြောင်း ထောင်ဝင်စာ လာတွေ့သူများက ပြောပြသည်။
သီပေါမြို့မှ ထောင်ဝင်စာ လာတွေ့သူ ဦးဖိုးချွန် က “အခုချိန် အထိတော့ အပြင်ကနေပဲ ထိုင်စောင့်နေရတယ်။ အထဲမှာ ဆူပူနေလို့ ခဏ ပိတ်ထားတယ်လို့ပဲ လုံခြုံရေးတွေက ပြောပါတယ် ခင်ဗျ။ ထောင်ဝင်စာ တွေ့ရမယ် မတွေ့ရဘူး ကတော့ ဘာမှ မထူးခြားသေးဘူး” ဟု ဆိုသည်။
နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်ကို တတိယ အကြိမ်မြောက် လွှတ်ပေးခဲ့ပြီးသည့်နောက် မေ ၈ ရက်တွင် ကလေးထောင်၊ ဘားအံ ထောင်နှင့် ရွှေဘိုထောင် တို့၌ ဆူပူဖြစ်ပွားခဲ့ပြီး ၉ ရက်နေ့တွင်လည်း မြစ်ကြီးနားထောင်၊ သာယာ ဝတီထောင်နှင့် ပုသိမ်ထောင် တို့တွင် “လွတ်ငြိမ်းချမ်းသာခွင့် တန်းတူ ရရှိရေး” အတွက်ဟု ဆိုကာ ထောင်ဆူပူမှု များ ဖြစ်ပွားခဲ့ပြီး ရွှေဘိုထောင် ဆူပူမှုတွင် ပစ်ခတ် နှိမ်နှင်းမှုများ ပြုလုပ်ခဲ့ရာ အကျဉ်းသား ၄ ဦး သေဆုံးခဲ့ရကြောင်း သတင်း ရရှိသည်။