သတင်း

တင်ဒါ မခေါ်ဘဲ လမ်းစီမံကိန်း လုပ်ကိုင်ခွင့်ပြုခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မသက်ဆိုင် ဟုဆို

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် ရေးမြို့နယ်ရှိ အောင်သပြေ- နှစ်ကရင် ကျေးရွာချင်းဆက် လမ်း စီမံကိန်းကို တင်ဒါ မခေါ်ဘဲ လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လုံးဝ မသက်ဆိုင်ဟု သိရသည်။

အဆိုပါ ကျေးရွာချင်းဆက် လမ်း စီမံကိန်းအား တင်ဒါမခေါ်ဘဲ Southern Myanmar Development (SMD) ကုမ္ပဏီအား လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းကို ဝန်ကြီးချုပ်သာ တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ကြောင်း မော်လမြိုင် မဲဆန္ဒနယ် အမှတ်(၁) မှ ပြည် နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန် က ပြောသည်။

ဦးမင်းထင်အောင်ဟန် က “ဝန်ကြီးချုပ်ကို မေးလိုက်တော့ သူ ရှင်းပါမယ်၊ တာဝန်ယူတယ်တဲ့။ အဲ့ဒါနဲ့ ကျနော်တို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါ ကြောင့်မို့ ဒီလုပ်ငန်းဟာလည်း ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးဝ ပတ်သက်ခြင်း မရှိပါဘူး။ ဒါက ဝန်ကြီးချုပ်ပဲ တာဝန်ယူ ဖြေရှင်းရမယ် ဆိုတာ ကျနော် လွှတ်တော်မှ တဆင့် အသိပေးခြင်း ဖြစ်ပါတယ်” ဟု ပြောဆို သည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ၆ လ ဘဏ္ဍာရေးနှစ်၏ မီနီဘတ်ဂျက်မှ တင်ဒါ ကင်းလွတ်ခွင့် ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ညွှန်ကြားချက်ကြောင့် ကျပ်သန်း ၁ ထောင်နှင့် ကျေးရွာချင်းဆက် လမ်းခင်းသည့် ကိစ္စအား SMD ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း မေ ၃ ရက်တွင် ကျင်းပခဲ့သော ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ အေးဇံက “ဒါက ပြည်ထောင်စု အစိုးရ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ညွှန်ကြားချက်ပါ။  မီနီဘတ်ဂျက်ဟာ တင်ဒါ ကင်းလွတ်ခွင့် ရှိပါတယ်”ဟု ပြောကြားထားခြင်းဖြစ်သည်။

အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းပိုင်း ၄ မိုင် ၃ ဖာလုံရှိ မြေသား တာဘောင်ချဲ့ခြင်းနှင့် ၁ မိုင် ၄ ဖာလုံရှိ ကွန်ကရစ် လမ်းခင်းခြင်းကို ၂ဝ၁၈ ခုနှစ်၊ မီနီဘတ်ဂျက်မှ ကျပ်သန်း ၁၀၀၀ ဖြင့် ယင်းဒေသတွင် လျှင်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေး လုပ်ငန်း ဆောင်ရွက်နေသည့် SMD ကုမ္ပဏီက လုပ်ပိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

သထုံ မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ က “နှစ်ကရင်မှာ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီ (SMD) ကလည်း ကုမ္ပဏီကြီး ဖြစ်တယ်။ နောက်ပြီးတော့ လုပ်ငန်းကလည်း အကြီးကြီး ဖြစ်တဲ့ အပေါ်မှာ ဒီဟာကို သူတို့ အသုံးပြုမယ့် လမ်းဖြစ်တဲ့ အတွက် ကုမ္ပဏီ အနေနဲ့ပဲ ဆောက်ဖို့ ဆောင်ရွက်သင့်တယ် ဆိုတဲ့ဟာကို အကြံပြုခဲ့ တယ်”ဟု ရှင်းပြသည်။

ယင်းသို့ တင်ဒါ မခေါ်ဘဲ ကုမ္ပဏီအား လုပ်ကိုင်ခွင့် ချထားပေးခြင်းအပေါ် ပြည်သူများကြား ဝေဖန်မှုများ ရှိလာခဲ့သဖြင့် ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် မသက်ဆိုင်ဟု ပြောဆိုခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

နိုင်ငံတော် အတိုင်ပင်ခံ၏ ညွန်ကြားချက်ဖြင့် တင်ဒါမခေါ်ဘဲ လမ်းဖောက်ခွင့်ပြုခဲ့ဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading