နိုင်ငံတဝန်းလုံးရှိ အကျဉ်းထောင် အများစုတွင် ဆူပူမှုများ ဆက်တိုက် ဖြစ်ပေါ်နေရခြင်းသည် ပြည်ထဲရေး ဝန်ကြီးဌာနတွင် တာဝန်ရှိ ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မှ လွှတ်တော် ကိုယ်စားလှယ်တချို့က ဧရာဝတီသို့ မှတ်ချက်ပြု ပြော ကြားသည်။
ရွှေဘို၊ ကလေးနှင့် ဘားအံ အကျဉ်းထောင်တို့တွင် မေ ၈ ရက်နေ့က ဆူပူမှုများ ဖြစ်ပွားခဲ့ပြီး ၉ ရက်နေ့တွင် ရွှေဘို၊ မြစ်ကြီးနား၊ သာယာဝတီနှင့် ပုသိမ် အကျဉ်းထောင်တို့တွင် ဆူပူမှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိရာ လုံခြုံရေး တပ်ဖွဲ့ ဝင်များဖြင့် ဝင်ရောက် ထိန်းသိမ်းနေရပြီး ရွှေဘို အကျဉ်းထောင်တွင် တပ်မတော်ကပါ လုံခြုံရေး ရယူပေးရသည့် အဆင့်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေး က “ပြည်ထဲရေး ဝန်ကြီးဌာနမှာ အဓိက တာဝန် ရှိပါတယ်။ အခု လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ဟာကလည်း ပြည်ထဲရေး ဝန်ကြီးဌာနကို သမ္မတ ကနေပြီးတော့ သတ်မှတ်ချက်တွေနဲ့ ဒါတွေ လွှတ်သင့် တယ်။ ဒါတွေ မလွှတ်သင့်ဘူးဆိုတာ သူတို့ကို တခါတည်း ပေး လိုက်ပြီးသား။ ပေးတဲ့အပေါ်မှာတော့ ဝန်ထမ်းတွေရဲ့ ချို့ ယွင်းချက် ကြောင့် မမျှတဘူးဆိုတဲ့ ပြဿနာ ပေါ်လာတာ” ဟု ပြောသည်။
ယခုကိစ္စကို ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့် ဌာနတွင်း ဖြေရှင်းရမည် ဖြစ်သလို ဝန်ကြီးဌာန အကြီးအကဲများ အနေဖြင့်လည်း သွားရောက် ဖြေရှင်းသင့်ကြောင်း၊ အကျဉ်းသားများ လွှတ်ရာတွင် အချုပ်အတူတူကျ၊ ပြစ်ဒဏ်တူသော်လည်း လွတ်သည့်လူက လွှတ်၍ မလွတ်ဘဲ ကျန်ခဲ့သူများ ရှိနေသည့် ပြဿနာများ ရှိသည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။
ဦးတင်ထွေး က “ထောင်ကျအကျဉ်းသားဆိုပြီး သူတို့ကိုလည်း အထင်သေးလို့ မရဘူး။ အယူအဆတွေနဲ့ အတွေးအခေါ် အများကြီးရှိတယ်။ ရှိတဲ့ အခါကျတော့ ဒီပေါ်မှာ ပြဿနာတွေက စတာပဲ။ အမှန်က ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အောက်မှာ ပြည်ထဲရေး ဝန်ကြီးဌာန အောက် မှာရှိတဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်မှာ ချို့ ယွင်းချက်တွေ ရှိလို့ ဒီပြဿနာတွေ ပေါ်ရတာ” ဟု ဆက်၍ ရှင်းပြသည်။
ယခု ထောင်ဆူပူမှုများအတွင်း ဖုန်းများဖြင့် Live လွှင့်ခြင်းများ တွေ့ ရှိနေရသဖြင့် မည်သို့ ပြောရမည်ကို မသိတော့ကြောင်း၊ ထောင် များတွင် ထိုကဲ့သို့ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိသလားဟု မေးချင်ကြောင်း၊ ထောင်များအားလုံး တပြိုင်တည်း ဆူပူနေသည်မှာလည်း ထူးဆန်းသည်ဟု ဆိုနိုင်ကြောင်း NLD ပါတီမှ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်းက ပြောသည်။
ဦးဝေလှိုင်ထွန်း က “အရင်တုန်းက ပုသိမ်ထောင်မှာဆိုရင် အော်ရင် တခါတည်း ပစ်တာ။ ယမ်းငွေ့တွေတောင် မြင်နေရတယ်။ ဘယ် သူမှ အနားကပ်လို့ မရဘူး။ အခုကျတော့ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် ဆူခွင့်ပေးထားသလား။ ဘားအံလည်း ဖြစ်တယ်။ ကလေးတို့ ဘာတို့မှာလည်း ဖြစ်တယ်ဆိုတော့” ဟု ပြောသည်။
၎င်းက ဆက်၍ “ထူးတော့ ထူးဆန်းတယ်။ ထောင်တခုနဲ့ တခု ကူးစက်အောင် ဘယ်သူက သတင်းပို့လို့ သိသလဲ။ တထောင်နဲ့ တထောင် ဖုန်းဆက်လို့မှ မရဘဲ။ ထောင်တွေက မဆူရဲဘူး။ ကြောက်တယ်။ တန်းစီတို့ ဘာတို့ ဆိုတာလည်း ရှိတယ်။ လှုပ်လှုပ်၊ လှုပ်လှုပ်တခုဖြစ်ရင် အရိုက်ခံရတာလေ။ အဲဒါကို ညီညီညာညာ တပြိုင်တည်း ဆူလို့ ရအောင် ဘယ်သူက Message တွေ ပေးနေ တာလဲ” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် လွတ်ငြိမ်းချမ်းသာခွင့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်မှစ၍ ယခင် သမ္မတ ဦးသိန်းစိန် လက်ထက်အထိ ပေးလျက်ရှိရာ မည်သူမျှ မဆူရဲကြောင်း၊ ယခု NLD အစိုးရလက်ထက်ရောက်မှ ထောင်ထဲတွင် ဆန္ဒထုတ်ဖော်လာခြင်းသည် ဒီမိုကရေစီကို ကျင့်သုံးရာတွင် လွဲနေသည်ဟု သံသယ ဖြစ်မိကြောင်း NLD ပါတီမှ တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောသည်။
ဦးမြင့်လွင် က “လွှတ်လိုက်တဲ့အထဲမှာတော့ ဖြစ်သင့်သမျှ လွတ်သင့်တဲ့သူတွေကို စိစစ်ရွေးချယ် ပြီးတော့ လွှတ်ပေးတာပဲ။ အကျဉ်းဦးစီးဌာနက အရာရှိတွေ ရွေးပေးတဲ့သူတွေကိုပဲ လွှတ်ပေးရမှာ။ ဝလုံးတို့ ကျော်စိုးဦးတို့လို ထင်ရှားတဲ့ သူတွေက လွဲပြီးတော့ပေါ့လေ။ အဲဒီ အခါ ကျတော့ ကျန်တဲ့သူတွေလည်း ကျန်ခဲ့တာပေါ့။ ကျန်ခဲ့တဲ့အခါ ဒီလို ဆန္ဒပြတယ်ဆိုတော့ အရင်တုန်းက မပြဘူး” ဟု ပြောသည်။
ဧရာဝတီက ယခု အကျဉ်းထောင် ဆူပူမှုများသည် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ပါသလားဟု မေးမြန်းရာ ပြည်ထဲရေး ဝန် ကြီးဌာန ခေတ္တ အမြဲတန်း အတွင်းဝန် ဦးခိုင်ထွန်းဦးက အကျဉ်းသားများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခြင်းသည် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့်အညီ သမ္မတကိုယ်တိုင် အမိန့်၊ ညွှန်ကြားချက်များဖြင့် တရားဝင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ပြောသည်။
ဦးခိုင်ထွန်းဦး က “အမိန့် ကြေညာစာတွေနဲ့ သွားနေတာပါ။ သမ္မတရုံးရဲ့ ဝက်ဘ်ဆိုဒ်မှာလည်း တရားဝင် ထုတ်ပြန်ထားပါတယ်”ဟု ပြောသည်။
အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဦးမင်းထွန်းစိုးကိုလည်း အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်း ကိုင်ဆောင်ခြင်း မရှိဘဲ ၎င်း၏ ရုံးခန်းသို့ ဆက်သွယ်ရာတွင်လည်း အလုပ်များနေသဖြင့် ပြန်မလာသေးကြောင်း တာဝန်ကျ ဝန်ထမ်းက ပြောသည်။
ထောင်ဆူပူမှု အဆိုးဆုံး ဖြစ်ပွားနေပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့သည့် ရွှေဘိုအကျဉ်းထောင်သို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ကိုယ်တိုင် လာရောက်ခဲ့သော်လည်း ပြေလည်မှု မရကြောင်း သိရသည်။
ရွှေဘိုထောင်၏ အခြေအနေကို ထိန်းသိမ်းပေးရန် အစိုးရနှင့် ပြည်ထဲရေး ဝန်ကြီးဌာနက အကူအညီတောင်းခံလာ၍ ထောင်အပြင် လုံခြုံရေးကို တပ်မတော်က ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြား ထောင်များမှာ အကူအညီ တောင်းခံမှု မရှိသေးကြောင်း တပ်မတော်၏ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့က အပြင်လုံခြုံရေးပဲ လုပ်ပေးရတာ။ အထဲမှာ သူ့ထောင်ဝန်ထမ်းတွေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်တွေ ရှိတယ်။ သူတို့ဟာ သူတို့ လုပ်နေကြတယ်”ဟု ပြောသည်။
ယခု အကျဉ်းထောင်များတွင် ပြဿနာများ ပေါ်ပေါက်လာရခြင်းမှာ လွတ်ငြိမ်းသက်သာခွင့် ပေးသည့်အပေါ်တွင် မျှတမှု မရှိဟု ခံစား ရ၍ ဖြစ်ကြောင်း၊ ထောင်များတွင်တွင် ၆၀ ရာခိုင်နှုန်းသည် မူးယစ်မှုဖြင့် ရောက်ရှိနေသည်ဟု လေ့လာသိရှိထားရာ မုဒိမ်းမှု၊ လူသတ် မှု မဟုတ်သူများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။
ဦးအောင်လှိုင်ဝင်း က “မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်က မတရားခံရတာတွေ အရမ်းများခဲ့တယ်။ တရားရုံးက ချလိုက်တာပဲ ဆိုပြီးတော့ တဖက်သတ် ကြီး အဲလိုယူထားလို့ မရဘူး။ မူးယစ်ဆေးဝါးမှုတွေက ကျနော်တို့ ကိုယ်တိုင် လိုက်ပါဆောင်ရွက်ဖူးတော့ သိပ်မရှင်းလင်းဘူး။ လွတ်ငြိမ်း ချမ်းသာခွင့်ကို အကုန်လုံးကို ပေးသင့်တယ်လို့ ယူဆတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “လူတယောက်ကို ထောင်ထဲထည့်တာ ပြင်ဆင်ဖို့ ထည့်တာ။ နှစ် ၄၀ လောက် ထောင်ထဲ ထည့်ထားမယ်ဆိုရင် ပြင်ဆင်ဖို့ မဖြစ်နိုင် တော့ဘူး။ ဖျက်ဆီးဖို့လည်း ဖြစ်လိမ့်မယ်။ တနိုင်ငံလုံး အကျဉ်းသားတွေက ကိုယ့်နိုင်ငံသားတွေပဲ။ ပြင်ပ နိုင်ငံသားတွေတောင် ပြစ်ဒဏ်လျော့ပေးတာ ရှိတယ်။ တရုတ်နိုင်ငံသားတွေဆိုရင် တရက်တည်းနဲ့ ပြန်လွှတ်ပေးခဲ့တာလည်း ရှိနေတာပဲ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အကျဉ်းထောင်ပေါင်း ၄၀ ကျော်ရှိပြီး အကျဉ်းထောင် အများစုသည် ၎င်း၏ ခံနိုင်ဝန်ထက် လူပိုများနေသဖြင့် ထောင်များချဲ့ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က အကြံပြု ပြောဆိုထားသည်။
ယခုကဲ့သို့ ထောင်ဆူပူမှုများသည် သမ္မတက ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁(က) အရ ၎င်း၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့် ပေးနိုင်သည့် နည်းလမ်းကို အသုံးပြုကာ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှ စ၍ ၃ ကြိမ်တိတိ အကျဉ်း သား ၂၃၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့် ပေးခဲ့အပြီးတွင် ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။
လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့သည့် အကျဉ်းသားများထဲတွင် မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျနေသည့် အကျဉ်းသား ၇၅ ရာခိုင် နှုန်းခန့် ပါဝင်ကြောင်း အကျဉ်းဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ပြီးခဲ့သည့် ဧပြီလအတွင်းက အတည်ပြု ပြောဆို ထားသည်။
ဆက်စပ်ဖတ်ရှုရန် – ထောင်ဆူမှု သွေးရိုးသားရိုးဖြစ်စဉ်လို့ မမြင်ဘူး
ကလေးထောင်တွင် အကျဉ်းသားများ ဆူပူမှုဖြစ်
လွတ်ငြိမ်းချမ်းသာခွင့် အကြောင်းပြပြီး ထောင်တွေဆူကြသည်