အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ နယ်မြေလုံခြုံရေးနှင့် လမ်းပန်း ဆက်သွယ်ရေး အထောက် အကူပြုရန် ရဟတ်ယာဉ်ကွင်း ၁၅ ကွင်း မကြာသေးမီက တည်ဆောက်ခဲ့ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောသည်။
နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် မေလ ၉ ရက်က ပြုလုပ်သော အစိုးရ၏ တတိယ ၁နှစ်တာ ကာလ အတွင်း ဆောင်ရွက်ချက်များအား သတင်းထုတ်ပြန်ရှင်းလင်းပွဲတွင် မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကျပ် သိန်း လေးဆယ်ခန့် ကုန်ကျသော ပေ ၄၀× ၆၀ အကျယ် ကွန်ကရစ်ခင်း ရဟတ်ယာဉ်ကွင်းများကို လမ်းပန်း ဆက် သွယ်ရေး ခက်ခဲသော ရခိုင် မြောက်ပိုင်း ဘူသီးတောင် မောင်တောဒေသ တဝိုက်တွင် တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများ ဖြစ်ပွားချိန်တွင် လုံခြုံရေး ဆောင်ရွက်ရန်၊ ဒေသခံပြည်သူများကို ထောက်ပံ့ ရေး ပစ္စည်းများ ပေးပို့ရန်၊ ပဋိပက္ခ ဖြစ်ပွားရာမှ ကယ်ထုတ်ရာတွင် အခက်အခဲများဖြစ်ပေါ်ခဲ့၍ ရဟတ်ယာဉ်ကွင်းများကို တည်ဆောက်ရခြင်းဖြစ်သည်ဟု ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောသည်။
ထို့အတူ လုံခြုံရေးအတွက် စစ်ကူများ စေလွှတ်ရာတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့၍ ယင်းအတွက် လွယ်ကူစေရန်လည်း ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။
“ပြီးခဲ့တဲ့ ရဲကင်းတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် တချို့ရဲကင်းတွေ အချိန်မီ စစ်ကူမရောက်နိုင်တဲ့ ကန့်သတ်ချက်တွေ ရှိတဲ့အတွက် ထိခိုက်နစ်နာမှုတွေ များသွားတာရှိတယ်။ ဒါကြောင့် ပွင့်ပွင့်လင်းလင်း ပြောရရင် စစ်ကူ ပေးဖို့လည်း ပါတယ်လို့ ပြောလို့ရတယ်” ဟု ဦးစိုင်းထွန်းညိုက ပြောသည်။
ရခိုင်ပြည်နယ်တွင် မြစ်ချောင်းများ ပေါများပြီး လမ်းပန်း ဆက်သွယ်ရေး မကောင်းခြင်းကြောင့် ပြည်သူများ သွားလာရေး ခက်ခဲပြီး ဒေသ မဖွံ့ဖြိုးဘဲ ဖြစ်နေရကြောင်း၊ ယခုအခါ လမ်းပန်းဆက်သွယ်ရေး အတွက် အစိုးရက လုပ်ဆောင်နေသော် လည်း လုပ်ငန်း စတင်သည့် အနေအထားတွင်သာ ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။
ယခုကဲ့သို့ ရဟတ်ယာဉ်ကွင်းများ တည်ဆောက်ခြင်းသည် ပြည်သူများ သွားလာရေးထက် အစိုးရ၏ လုပ်ငန်းများအတွက် လိုအပ်၍ လုပ်ဆောင်ခြင်းဟုသာ ထင်မြင်ကြောင်း ၎င်းကဆိုသည်။
“အဓိက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်ဆိုရင် ကားလမ်းတွေ ဘာတွေကို လုပ်သင့်တာပေါ့၊ ရဟတ်ယာဉ်နဲ့က ဘယ်သူမှ သွားနိုင်တာ မဟုတ်ဘူးလေ။ အဲဒါက တပ်မတော်ရဲ့လုပ်ငန်းတွေကို အကူအညီဖြစ်တာပေါ့၊ ရိက္ခာတို့ စစ်လက်နက် ပစ္စည်းတို့ လုပ်ငန်းတွေကို အထောက်အကူပြုတာပေါ့” ဟု ဦးအောင်သောင်းရွှေက ပြောသည်။
၂၀၁၇ခုနှစ် သြဂုတ်လအတွင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရဲကင်းစခန်းများကို အာဆာအဖွဲ့က ဝင်ရောက် အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ထို့နောက် ရက္ခိုင့် တပ်မတော်(AA)သည် ၂၀၁၈ ခုနှစ်မှ စတင်ကာ ရခိုင်ပြည်နယ်တွင် ခြေကုပ်ရယူနိုင်ရေး ကြိုးပမ်း လာပြီး နောက် တပ်မတော်နှင့် တိုက်ပွဲများလည်း ခပ်စိပ်စိပ် ဖြစ်လာခဲ့သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် AA က ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့် ရဲစခန်း ၄ ခုကို အင်အား ရာချီနှင့် ဝင် ရောက် စီးနင်းခဲ့ပြီး လက်နက် ၄၀ ကျော်နှင့် ကျည်ဆန် ၁၆၀၀၀ ကျော်ကို ယူဆောင်သွားသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
ထို့အတွက် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် AA နှင့် ARSA လက်နက်ကိုင် အဖွဲ့များနှင့်ပတ်သက်၍ နယ်မြေ လုံခြုံရေး ကို ဆောင်ရွက်နေရသည့် အနေအထား ဖြစ်သည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်သော ပြည်ထောင်စုဝန်ကြီးက တာဝန်ယူ ခန့်ခွဲ ဆောင်ရွက်ရသည့် ဝန်ကြီးဌာန ဖြစ်ပြီး လက်ရှိတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ဒု ဗိုလ်ချုပ်ကြီးရဲအောင်က တာဝန်ယူထားသည်။