မဂ္ဂါဝပ် ၁၄၀၀ ခန့် ထုတ်လုပ်နိုင်ရေး ဓာတ်အားပေး သင်္ဘောများ (Power Barge) ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးနိုင်ရန် အတွက် သမ္မတထံ တင်ပြထားပြီး ဖြစ်ကြောင်း နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲ၌ ယင်း ဌာနမှ အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးက ပြောသည်။
ဦးတင်မောင်ဦးက “ပြည်ထောင်စု ဝန်ကြီးက သမ္မတကြီးကို တင်ပြပြီးတော့ ခွင့်ပြုချက် တောင်းပြီး အခု လာမည့် ၂၀၂၀ ပြည့်နှစ် နွေရာသီ အမီ အမြန်လုပ်တာ ဆိုတော့ ကျန်တဲ့ နည်း မရှိပါဘူး” ဟု ပြောဆိုသည်။
၂၀၂၀ ပြည့်နှစ်၌ လျှပ်စစ်မီး အပြည့်အဝ ရရှိနိုင်ရန် အတွက် တင်ဒါ စနစ်နှင့် သင်္ဘောကြီးများ ဆိုက်ကပ်၍ အရေးပေါ် မီး ပေးနိုင်သည့် ပုံစံမျိုးဖြင့် လျှပ်စစ်မီး မလုံလောက်သည့် ပြဿနာကို ဖြေရှင်းနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် ရေအားလျှပ်စစ် လုပ်ဆောင်မည် ဆိုပါက ၇ နှစ်ကျော် အချိန်ပေးရသဖြင့် အရေးပေါ် ဖြေရှင်းနိုင်ရန် အတွက် ယင်းသို့ စီစဉ်ထားကြောင်း ၎င်းက ပြောသည်။
အဆိုပါ သင်္ဘောပေါ်တွင် ထရန်စဖော်မာ တခါတည်း တပ်ဆင်ပြီးသား ဖြစ်ကာ လိုင်းခွဲရုံ ရှိသည့်နေရာများ၌ သင်္ဘော ဆိုက်ကပ်၍ မီးပေးနိုင်ရန် အတွက် စီစဉ် ဆောင်ရွက်နေကြောင်း၊ ယင်းအစီအစဉ်ကိုလည်း နိုင်ငံခြား ကုမ္ပဏီများက စိတ်ပါဝင်စားမှု ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သိရသည်။
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ (လျှပ်စစ်) မှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင် က “သင်္ဘောပေါ်မှာ Generator (ဓာတ်အားထုတ်စက်) တင်မယ်။ အရေးပေါ် အတွက် စီမံနေတာ။ အရေးပေါ်လိုရင် ဘယ်လို လုပ်မလဲ။ သင်္ဘောတွေနဲ့ ကပ်ပြီး ချက်ချင်း ထုတ်လိုက်တာက မြန်တယ်။ ဒါမျိုးပဲ စဉ်းစားရမှာလေ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်း ဓာတ်အားပေး သင်္ဘောများ ဆိပ်ကမ်းနေရာများတွင် ကပ်၍ အနီးစပ်ဆုံး ဓာတ်အားပေး စက်ရုံများမှ တဆင့် လျှပ်စစ် ထုတ်လုပ်နိုင်ရန် စီစဉ်နေပြီး လတ်တလော၌ ကျောက်ဖြူ ဆိပ်ကမ်းနှင့် သီလဝါ ဆိပ်ကမ်း အပါအဝင် နေရာ ၈ နေရာ လျာ ထားသည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သိရသည်။
ထိုသို့ ဓာတ်အားပေး စက်ရုံများသို့ ဓာတ်အားပေး သင်္ဘောများ (Power Barge) ကတဆင့် ပေးပို့ထားသည့် လျှပ်စစ် ဓာတ်အားများကို ပြန်လည် ဖြန့်ဖြူး ပေးသွားမည် ဖြစ်သည်။
ယခုနှစ် နွေရာသီတွင် မီးပြတ်တောက်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး လျှပ်စစ်ဓာတ်အား လုံလောက်စွာ မပေးနိုင်သဖြင့် အချိန်နှင့် အလှည့်ကျ မီးပေးရသည့် အခြေအနေများကို ကြုံတွေ့နေရလျက် ရှိသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းရှိ လျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ ထုတ်လုပ်ပေးသည့် လျှပ်စစ် ဓာတ်အားများကို ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရယူသုံးစွဲလျက် ရှိပြီး မြန်မာ တနိုင်ငံလုံး၏ လျှပ်စစ် ဓာတ်အား သုံးစွဲမှု၏ ရာခိုင်နှုန်း ၅၀ ခန့်မှာ ရန်ကုန် မြို့မှ သုံးစွဲနေခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေး ကော်ပိုရေးရှင်းမှ ဒါရိုက်တာ အဖွဲ့ဝင် ဦးအောင်ကျော်ဦး က “မေ၊ ဇွန် ဓာတ်အား ထိန်းညှိပြီးတော့ မီးပေးနေတဲ့ အစီအစဉ် ရှိပါတယ်။ ၂ နာရီပျက် ၆ နာရီ မီးပေးတဲ့ စနစ်နဲ့ ပေးနေပါတယ်။ ည ဘက်မှာ အားလုံး မီး ရရှိဖို့ စီစဉ်နေပါတယ်။ ညဘက်မှာ စက်မှုဇုန် အားလုံးကို ဓာတ်အား ပိတ်ထားပြီးတော့ ဓာတ်အား ပေးလျက်ရှိပါ တယ်” ဟု ပြောသည်။
လက်ရှိတွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ်သည် တနှစ်လျှင် ဘီလီယံ ကျပ် ၅၀၀ ကျော် ခန့် စိုက်ထုတ် သုံးစွဲနေရပြီး တရက်လျှင် ကျပ် ၁ ဒသမ၂ ဘီလီယံမှ ၁ ဒသမ ၅ ဘီလီခန့် အထိ နိုင်ငံတော်က စိုက်ထုတ် သုံးစွဲနေရ ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ဆိုထားသည်။
ထိုသို့ လျှပ်စစ်မီးများ လုံလောက်စွာ ဖြန့်ဖြူးနိုင်ရန် အတွက် ပြောင်းလဲ ကောက်ခံမည့် လျှပ်စစ်မီတာခနှုန်းထားကိုလည်း မကြာခင် ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း၊ ပြောင်းလဲ ကောက်ခံမှသာ နှစ်စဉ် စိုက်ထုတ် သုံးစွဲနေရသည့် ကျပ် ဘီလီယံ ၅၀၀ ကျော်သည် နောင် လိုအပ်သည့် ရေအားလျှပ်စစ် စက်ရုံများ၊ ဓာတ်အားခွဲရုံများကို တိုးတက် ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
ဦးတင်မောင်ဦး က “လိုအပ်တဲ့ ဓာတ်အားတွေ တိုးတက် ထုတ်လုပ်နိုင်အောင် အတွက် ဓာတ်အားခ ပြောင်းလဲမှသာ အခု လို အရှုံးခံနေတာကြီးကို ကျနော်တို့က ဘာမှ မဆောက်ရ မပြုရဘဲနဲ့ တိုင်းပြည်မှာ ဘာမှမတိုးတက်ဘဲနဲ့ နိုင်ငံတော်က စိုက်ထုတ်နေတာ တနှစ်ကို ဘီလီယံ ၅၀၀၊ ၆၀ဝ ဆိုတော့ တွက်သာကြည့်ပေါ့။ အဲဒီတော့ ဒီဟာတွေ ကျနော်တို့ ပြန်ရမှ တခြား နေရာမှာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် လျှပ်စစ် မီတာခနှုန်းထားများ ပြောင်းလဲ ကောက်ခံရေး ကိစ္စအား နိုင်ငံတော် အကြီးအကဲများ ကလည်း မူအရ လက်ခံထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
၂၀၁၇ ခုနှစ်ကလည်း ရန်ကုန်မြို့၌ လျှပ်စစ် လုံလောက်စွာ ရရှိစေရန် အတွက် တူရကီ နိုင်ငံမှ မဂ္ဂါဝပ် ၃၀၀ ခန့် ထုတ်လုပ်မည့် လျှပ်စစ် ဓာတ်အားပေး သင်္ဘောများနှင့် လာရောက်ပြီး ဓာတ်အား ဖြန့်ဖြူးပေးရန် အစိုးရက စီစဉ်ခဲ့ သည်။ သို့သော် ဘတ်ဂျက် မရှိ၍ ယင်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သိရသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့် အနက် ၄ သန်းကျော်ကို ဓာတ်အား ဖြန့်ဖြူးပေးနေရ သဖြင့် ရာခိုင်နှုန်း အရ တွက်ချက်ပါက ၃၈ ဒသမ ၅ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိနေခြင်း ဖြစ်ပြီး နှစ်စဉ် လျှပ်စစ် လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် အရ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်မည် ဖြစ်ကာ လက်ရှိ ထုတ်လုပ်မှု အရ ၃၀၀၀ မဂ္ဂါဝပ်သာ ရှိနေဆဲ ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဆက်စပ်ဖတ်ရှူရန် – မီးဘာကြောင့် မလာလဲဆိုတဲ့ အကြောင်းအရင်းရှိတယ်
မီးပြတ်မှုကြောင့် ရေအားလျော့နည်းခြင်းနှင့် ရေပြတ်ခြင်းများဖြစ်ပေါ်နေ
ရန်ကုန်တွင် ၁ ရက် ၆ နာရီ အလှည့်ကျ မီးဖြတ်လျက်ရှိ