သတင်း

ကျောက်တော် ပစ်ခတ်မှု၌ သေဆုံးသူမှာ တပ်မတော်ကို မိုင်းဆွဲတိုက်သူဟုဆို

Want create site? Find Free WordPress Themes and plugins.

ကျောက်တော် မြို့နယ်အတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ တပ်မတော် လုံခြုံရေး တပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်သဖြင့် အသေ ပစ်ခတ်ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမ တလျှောက်တွင် ယနေ့မနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ ခြေလျင် စစ်ကြောင်းဖြင့် သွားလာနေရာ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု သိရသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ကျနော်တို့ ရတဲ့ အလောင်းနဲ့ ဆိုင်ကယ် တစင်း ရှိတယ်။ မနက်ပိုင်းမှာ လာတဲ့ အချိန်မှာ မိုင်းဆွဲတိုက်တယ်။ တိုက်တော့ လမ်းဘေးမှာ ရှိတဲ့ မြောင်းထဲကို ခုန်ဆင်းပြီး ပြေးတယ်။ ခုန်ဆင်းပြေးတယ်။ အဲ့မှာ သူ့အလောင်းရယ် လက်ဗစ်ဗုံး တလုံးရယ် ဆိုင်ကယ်ရယ်ကို ကျောက်တော် ရဲစခန်းကို လွှဲပေးထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကျည်ထိမှန်သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ်၊ ရန်ကုန်- စစ်တွေ လမ်းမအနီးရှိ ဘုရားပေါင်းကျေးရွာ တွင် နေထိုင်သူ ဦးမောင်မောင်လှဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

တပ်မတော်ဘက်မှ ပြောဆိုသည့် အလောင်းမှာ ဦးမောင်မောင်လှ ဟုတ်မဟုတ် မေးမြန်းရာ မှန်ကန်ကြောင်း၊ တပ်မတော်ဘက်မှ ရဲစခန်းကို အလောင်းလွှဲပေးရာ ရဲစခန်းမှတဆင့် ရင်ခွဲရုံသို့ အလောင်းရောက်နေခြင်း ဖြစ်သည်ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ယနေ့ မနက်ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် ဦးမောင်မောင်လှ သေဆုံးသည့် အပြင် တောင်ပေါက်ရွာမှ ဦးဦးတင်ဝင်း ဆိုသူမှာလည်း ကျည်ထိဒဏ်ရာ ရရှိထားသည်။

ကျောက်တော်မြို့မှ ဒေသခံ ဦးဇော်ဝင်း က “မနက် ၆ နာရီလောက်က တောင်ပေါက်ရွာနဲ့ ဘုရားပေါင်း ကျေးရွာကြားမှာ ပေါက်ကွဲမှု တခုဖြစ်တယ်။ ဖြစ်ပြီး အစိုးရစစ်သားတွေက ပစ်တယ်။ တောင်ပေါက်ရွာက တဦး ခေါင်းမှာ ကျည်ထိပြီး ကျောက်တော်ဆေးရုံမှာ ဆေးကုနေရတယ်။ ဘုရားပေါင်းက ကယ်ရီမောင်းတဲ့ တဦးက သေနတ်ဒဏ်ရာ အများကြီးနဲ့ သေသွားတယ်” ဟု ပြောသည်။

ဦးဇော်ဝင်းသည် သေဆုံးသွားသူ ဦးမောင်မောင်လှ၏ မိသားစုဝင်များနှင့် အတူ ရင်ခွဲရုံတွင် အလောင်းကို လာရောက် စောင့်ဆိုင်းနေသူ ဖြစ်သည်။

ဘုရားပေါင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးအောင်တင်ဝင်းကလည်း ရင်ခွဲရုံသို့ ရောက်ရှိနေပြီး ဦးမောင်မောင်လှ သေဆုံးမှုနှင့် ပတ်သတ်၍ စုံစမ်းနေပါသည်ဟု ပြောသည်။

ဦးအောင်တင်ဝင်း က “ရွာသားတွေလည်း နီးစပ်ရာရွာတွေကို ပြေးကုန်ကြပြီ။ သေနတ်ပစ်သံကြား တာနဲ့ ထွက်ပြေးကြတာ။ ဒီမနက်ကပါ။ လူဦးရေက တထောင်ကျော်လောက် ရှိပါတယ်” ဟု ဆိုသည်။

ဧရာဝတီမှ သေဆုံးသွားသူ၏ မိသားစုဝင်များ၊ ကျည်ထိဒဏ်ရာ ရထားသည့် ဦးဦးတင်ဝင်း၏ မိသားစုဝင်များ ကို မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

တောင်ပေါက်ရွာမှ ကျည်ဆံထိမှန်သူ ဦးဦးတင်ဝင်းနှင့် ပတ်သတ်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနောတို့ ရေးထားတာတွေ တွေ့တယ်။ အဲ့နေရာမှာ ထိတွေ့တိုက်ခိုက်မှု မရှိဘူး။ အဲ့ဖြစ်စဉ်နဲ့လည်း မဆိုင်ဘူး ခဗျ”ဟု ပြောသည်။

သေဆုံးသွားသည့် ဦးမောင်မောင်လှသည် ဘုရားပေါင်းကျေးရွာတွင် နေထိုင်သူတဦး ဖြစ်ပြီး ဆိုင်ကယ် ကယ်ရီမောင်းကာ အသက်မွေးဝမ်းကြောင်းပြုနေသူ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ ဦးဇော်ဝင်းက “သူက မနက်မိုးလင်းတာနဲ့ ကျောက်တော်ဈေးဝမှာ ကယ်ရီမောင်းတာ လူတိုင်း မြင်နေကြတာ။ ဘယ်သူ့ကို မေးမေး ဘယ်အဖွဲ့ကိုမေးမေး အကုန် သူ့ကို သိကြပါတယ်။ အနှစ်နှစ်အလလက ကယ်ရီဆွဲစားနေတာပါ” က ပြောသည်။

ဦးမောင်မောင်လှသည် ယနေ့မနက်ပိုင်းက ကျောက်တော်မြို့မဈေးတွင် ဈေးရောင်းရန် ၎င်း၏ ဇနီးကို ဆိုင်ကယ်ဖြင့် လာပို့ပြီး ချိန်ခွင်ကျန်ခဲ့သဖြင့် အိမ်ပြန်ယူရာလမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံးခြင်း ဖြစ်သည်ဟုလည်း ဦးဇော်ဝင်းက ဆိုသည်။

ကျောက်တော်မြို့နယ်တွင်း ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် ပတ်သတ်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပြီး ထိုထဲတွင် တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များကို AA က အဝေးထိန်းရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် သည်ဟု ရေးသားထားသည်။

မိုင်းထောင်တိုက်ခိုက်သည့် AA တပ်ဖွဲ့ဝင်တဦးကိုလည်း ဆိုင်ကယ် ၁ စီး၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၂ လုံး၊ မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ နှင့် အတူ အသေပစ်ခတ် ဖမ်းဆီးလိုက်သည်ဟုလည်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီမှ ယနေ့ထိ AA ဘက်မှ တပ်မတော်ကို ၁၆ ကြိမ် မိုင်းထောင် တိုက်ခိုက်ပြီး မိုင်း ၄၆ လုံးကို မပေါက်ကွဲခင် တပ်မတော်က ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

You may also like these stories: 

ရခိုင်ပြည်နယ်၊ ကျောက်တန်း ဖြစ်စဉ်တွင် AA ဟု ဝန်ခံသူများကို အရေးယူမည် 

တပ်မတော် အသုံးပြုသည့် အရပ်သား ကားကို တိုက်ခိုက်ခဲ့ကြောင်း AA ပြော

မြောက်ဦး ရဲတပ်ရင်း ၁ ရင်း နှင့် တပ်မတော် ယာယီ တပ်စခန်း ၁ ခုကို AA ဝင်တိုက် 

ARSA အကြမ်းဖက်မှု စုံစမ်းရေး ဥပဒေအကြံပေးအဖွဲ့ တပ်မတော်ဖွဲ့စည်း

Did you find apk for android? You can find new Free Android Games and apps.
Loading