ကျောင်းများတွင် စာသင်ဆောင်များ လုံလောက်စွာ မတည်ဆောက် ပေးနိုင်ပါက နှစ်ချိန်ကျောင်း စနစ်နှင့် သင်ကြားပေးရန် ဆောင်ရွက်သွားမည်ဟု ပညာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ပြောသည်။
“နှစ်ချိန်ကျောင်း သင်မယ် ဆိုတာက စာသင်ဆောင်တွေ ၅ သောင်းကျော် လိုနေတယ်။ လိုတာကို ဖြည့်နိုင်သလောက် ဖြည့်မယ်။ ဖြည့်လို့ မရတဲ့ ကျောင်းကတော့ နှစ်ချိန်ကျောင်း လုပ်သင့်ရင် လုပ်ရမယ်” ဟု လွှတ်တော် အစည်းအဝေး အပြီး ဒေါက်တာ မျိုးသိမ်းကြီးက မီဒီယာများကို ပြောသည်။
ယနေ့ နေပြည်တော်၌ ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၀ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်ဦးက စာသင်ကျောင်းများတွင် သင်ထောက်ကူ ပစ္စည်းများ အလုံ အလောက် ထောက်ပံ့ခြင်း၊ ဆရာ/ ဆရာမများကို လုံလောက်သော သင်တန်းများနှင့် အခွင့်အလမ်းများ ပေးအပ်ခြင်း အစ ရှိသည့် ပညာရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် တနိုင်ငံလုံး အတိုင်းအတာနှင့် မူလတန်းပြ ဆရာ ဦးရေ ၅၀၈၂၀ ဦး၊ အလယ်တန်းပြ ဆရာ ဦးရေ ၂၄၀၃၈ ဦး၊ အထက်တန်းပြ ဆရာ ဦးရေ ၁၃၀၇၆ ဦး ရှိသောကြောင့် ဆရာ/ ဆရာမ ဦးရေ ၈၇၀၀၀ ကျော် လိုအပ်နေကြောင်း၊ ပေ ( ၆၀x ၂၃၀ ) ရှိ စာသင်ဆောင်မှာ ၄၆၀၀၀ နီးပါး ဖြစ်ပြီး ဧရာဝတီတိုင်း၌ စာသင်ဆောင် လိုအပ်ချက် ၆၈၀၀ ကျော်နှင့် အများဆုံး လိုအပ်နေကြောင်း ပညာရေး ဝန်ကြီးဌာန၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။
ပြည်ထောင်စု ဝန်ကြီးက “စာသင်ခန်းများ လုံလောက်စွာ ဖြည့်ဆည်း နိုင်ခြင်း မရှိပါက ကျနော်တို့ အနေနဲ့ ၂၀၂၂- ၂၀၂၃ ခုနှစ် ပညာသင်နှစ်က စပြီး ကျောင်းတချို့မှာ ၂ ချိန်ကျောင်းများ အဖြစ် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ကျောင်းဖွင့် ကာလနှင့် ကျောင်းပိတ် ကာလမှာ နှစ်စဉ် ပုံမှန် အတိုင်း ဇွန်လမှ မတ်လ အထိ ကျောင်းဖွင့် ကာလ ၁၀ လ ဖြစ်ပြီး၊ နွေရာသီ ကျောင်းပိတ်ကိုလည်း ပုံမှန် အတိုင်း ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ပြောသည်။
ပညာရေး ဝန်ကြီး ဌာနမှ ဒု ဝန်ကြီး ဦးဝင်းမော်ထွန်း ကလည်း “ နှစ်ချိန် ကျောင်းမှာလည်း စုစုပေါင်း စာသင်ချိန် ပြည့်မီရမှာ ဖြစ်ပါတယ်။ တနှစ် စာသင်ချိန် ဘယ်ဘာသာ အတွက် ဘယ်လောက် ရှိရမလဲ ဆိုတာ ဘာသာ အလိုက် သတ်မှတ်ချက် ရှိ တယ်။ စာသင်ချိန် ပြည့်ရမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ထိုသို့ နှစ်ချိန်ကျောင်း သင်ကြားမည့် ကျောင်းများမှာ တနေရာနှင့် တနေရာ မတူညီနိုင်ကြောင်း၊ အချို့ကျောင်းများတွင် အထက်တန်းမှာ မနက်ပိုင်း တက်ရပြီး၊ အလယ်တန်းနှင့် မူလတန်းမှာ ညနေပိုင်း တက်ရသည့် ကျောင်းများ ရှိသကဲ့သို့ မူလတန်းနှင့် အထက်တန်းမှာ မနက်ပိုင်း တက်ရပါက အလယ်တန်းမှာ ညနေ တက်ရသည့် ကျောင်းများလည်း ရှိကြောင်း ဦးဝင်းမော်ထွန်း က ရှင်းပြသည်။
ပျဉ်းမနားမြို့မှ ကျောင်းသား မိဘတဦးက “ကလေးကို ကျောင်းမှာ အချိန်ပြည့်ပဲ တက်စေချင်တယ်။ နှစ်ချိန်ကျောင်းတက် ရတယ် ဆိုရင် သူတို့တွေကို လိုက်ထိန်းရမှာ မလွယ်ဘူးလေ။ ကျောင်းစာ အပေါ်မှာလည်း စိတ်ဝင်စားမှု အားနည်းသွားနိုင် တယ်” ဟု ပြောသည်။
ထိုသို့ နှစ်ချိန်ကျောင်း တက်ရသည့် ကလေးများအတွက် အားကစားချိန်၊ နားချိန် ပေးအပ်များကို တချိန်ကျောင်းတက် သည့် သူများ ကဲ့သို့ အခွင့်အရေး အပြည့်အဝ ရရှိမည် ဖြစ်ကြောင်းလည်း ပညာရေး ဝန်ကြီးဌာနက သိရသည်။
ယခုကဲ့သို့ အချိန်ခွဲပြီး သင်ကြားမည် ဆိုပါက ကလေးများ၏ ပညာရေး လိုအပ်ချက်များစွာ ရှိလာနိုင်ကြောင်းလည်း ရေတာရှည်မြို့မှ မူလွန် ကျောင်းအုပ် ဆရာမ တဦး ဖြစ်သူ ဒေါ်ခင်နှင်းရီက ဧရာဝတီသို့ ပြောသည်။
“အဓိက ဆရာ၊ ဆရာမ လိုအပ်ချက်နဲ့ ကျောင်းဆောင် လိုအပ်ချက်ကိုပဲ ဖြည့်ပေးစေချင်တယ်။ ဘွဲ့ရပြီး ငုတ်တုတ် ထိုင် နေရတဲ့ ကလေးတွေ အများကြီး ရှိတယ်။ ဒီလို နှစ်ချိန် ခွဲသင်တဲ့ စနစ်နဲ့ သွားရင် သေချာတယ် ကလေး အများစုက ပျက်စီးမှာပဲ” ဟု ၎င်းက ဆိုသည်။
နှစ်ချိန်ကျောင်း စနစ်တွင် အားသာချက် မရှိဘဲ လစ်ဟာမှုများ ရှိလာနိုင်ပြီး တချိန်ကျောင်း ကသာ အကောင်းဆုံး ဖြစ် ကြောင်းနှင့် တမ္ဘာလုံးတွင်လည်း တချိန်ကျောင်း စနစ်ကို သုံးစွဲနေကြောင်း၊ စာသင်ချင်သည့် ကျောင်းသားများကို စွန့်ပစ်၍ မရကြောင်း ပညာရေး ကျွမ်းကျင်သူ ဒေါက်တာ ဘိုင်အို က ပြောသည်။
ထို့ပြင် ယခင် ၁၁ တန်း အခြေခံပညာရေး စနစ်ကို နိုင်ငံတကာတွင် ကျင့်သုံးနေသည့် KG+12 အခြေခံ ပညာရေး စနစ်သို့ စတင် ကူးပြောင်းနေပြီ ဖြစ်ရာ သူငယ်တန်းနှင့် မူလတန်း သင်ရိုးသစ်များကို ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ လည်းကောင်း၊ အလယ်တန်း သင်ရိုး ညွှန်းတမ်းများကို အာရှဖွံ့ဖြိုးရေးဘဏ်နှင့် လည်းကောင်း၊ အထက်တန်း သင်ရိုးသစ်များကို ဥရောပ သမဂ္ဂနှင့် လည်းကောင်း ပူးပေါင်း ရေးဆွဲလျက် ရှိကြောင်း သိရသည်။
You may also like these stories:
အစိုးရ ကျောင်းများတွင် မသန်စွမ်း အထောက်အကူပြု ပုံစံမျိုး မဆောက်နိုင်သေး ဟုဆို