ပြီးခဲ့သည့် အစိုးရသက်တမ်း သုံးနှစ်အတွင်းတွင် ၎င်းအတွက် အကြီးမားဆုံး လိုအပ်ချက်တခုမှာ သတင်းမီဒီယာများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို မတည်ဆောက်နိုင်ခဲ့ခြင်းဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။
ယနေ့ ၂၀၁၉ ခုနှစ် မေလ ၁၀ ရက်နေ့ ရန်ကုန်မြို့ Lotte ဟိုတယ်တွင် ကျင်းပပြုလုပ်သော ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ၌ ဆွေးနွေးပြောဆိုမှုတရပ်တွင် အစိုးရ သက်တမ်းသုံးနှစ်အတွင်းတွင် မှားယွင်းလုပ်ဆောင်ခဲ့သည့် ကိစ္စ၊ မကျော်လွှားနိုင်ခဲ့သည့် စိန်ခေါ်မှုများအကြောင်း ပြောကြားရာ ယင်းသု့ိ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးဖြိုးမင်းသိန်းက “တချို့သတင်းအချက်အလက်တွေကို ကျနော်တို့ တိတိကျကျ ရှင်းပြလို့ မရခဲ့တဲ့ အခြေအနေမျိုး ကြုံခဲ့ရတယ်။ ကျနော်ကလည်း အလုပ်ကများတော့ ဒီအပိုင်းကို သေချာ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ကျနော့်ရဲ့ အားနည်းချက်လို့ပဲ ပြောရမှာပါ” ဟု ပြောဆိုသည်။
ယင်းသို့ မီဒီယာများနှင့် ဆက်ဆံရေး မကောင်းမွန်ခဲ့သည့်အတွက် စီမံကိန်းတချို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အပါအဝင် တချို့အကြောင်းအရာများကို တိတိကျကျ ရှင်းပြခွင့်မရှိခဲ့ကြောင်းနှင့် မီဒီယာများကလည်း တိုင်းဒေသကြီးအစိုးရကို ဖော်ပြသော သတင်းများသည် ပြဿနာဖြစ်စေနိုင်သော သတင်းများကိုသာ ဖော်ပြလေ့ရှိပြီး ပြန်လည်ဖြေရှင်းသည့် သတင်းများကို ထည့်သွင်းဖော်ပြ မှုနည်းပါးကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
Weekly Eleven ဂျာနယ်တွင် ဖော်ပြခဲ့သော “အမြဲရှုံးနေသည့် စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးကြောင့် ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ဦးနရီမင်းနှင့် ဆောင်းပါးရေးသူ သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့ကို ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင် တရားလိုပြုလုပ်၍ ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်းကလည်း Eleven Media Group မှ စီအီးအို ဒေါက်တာ သန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို တန်ဘိုးကြီး လက်ပတ်နာရီ လက်သင့်ခံခဲ့သည်ဟု ရေးသားသောကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တကြိမ် တရားစွဲခဲ့သည်။
ဦးဖြိုးမင်းသိန်းက ဆက်လက်ပြီး “ကျနော် မီဒီယာတွေနဲ့ ပိုပြီး နီးနီးစပ်စပ်နေမယ်လို့ စိတ်ကူးထားတယ်။ တလကို နှစ်ကြိမ်လောက်ပေါ့။ ရုံးခန်း တခုမှာ ကော်ဖီလေး လက်ဖက်ရည်လေးသောက်ပြီးတော့ပေါ့။ ဒါ သူတို့ကို အကောင်းတွေရေးပေးဖို့ လာဘ်ထိုးတာတော့ မဟုတ်ပါဘူး။ သူတို့လည်း သိချင်တာမေးလို့ ရတယ်။ ကျနော်တို့လည်း ပြောပြလိုက်လို့ ရတယ် ”ဟု ပြောဆိုသည်။
ထို့ပြင် သတင်းမီဒီယာကောင်စီ နှင့် ဆွေးနွေးကာ နောက်ပိုင်းတွင် တလလျှင် နှစ်ကြိမ်ခန့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးတွင် ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ နှင့် သတင်းမီဒီယာများ ပုံမှန်တွေ့ဆုံမည့် အစီအစဉ်တခုကို အကောင်အထည်ဖော်သွားမည်ဟုလည်း ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။
ယင်းသို့ သတင်းမီဒီယာများအပေါ် သတင်းအချက်အလက်ပေးရန် ဆန္ဒရှိလာခြင်းမှာ ကောင်းမွန်သည့် လုပ်ရပ်တခု ဖြစ်သော်လည်း ရွေးကောက်ပွဲနီးလာချိန်တွင် မဲဆွယ်သည့် သဘောမဖြစ်ရန် လိုအပ်သည်ဟု သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးဇေယျာလှိုင်က ဧရာဝတီသို့ ပြောသည်။
“လူထုဘတ်ဂျက်ကို သုံးစွဲရင် ဘယ်နေရာမှာ ဘယ်လောက်သုံးလဲဆိုတာ လူထုကို သတင်းစာဆရာတွေက ပြန်အစီအရင်ခံဖို့ ကြိုးစားကြတာပေါ့။ ဒီလိုမျိုး သတင်းအချက်အလက်ပေးဖို့ကို သတင်းမီဒီယာဥပဒေမှာလည်း မေးလာရင် ဖြေကြားဖို့ကို ဖော်ပြထားတယ်။ ဒါကို သူက စတက်လာကတည်းက မျက်ကွယ်ပြုခဲ့တာပေါ့။ အခုလို ပြောင်းလဲတာကို ကျနော်တို့က ဝမ်းသာပါတယ် ” ဟု ဦးဇေယျာလှိုင်က ပြောဆိုသည်။
ဆက်စပ်ဖတ်ရှုရန် – ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကြောင့် မြောက်ဥက္ကလာ ဆေးရုံဝန်ထမ်းများ စိတ်မကောင်းဖြစ်
အဝေဖန်မခံနိုင်သော ရန်ကုန်တိုင်းအစိုးရသည် ကြည်ညိုစရာ မကောင်း