လူသေဆုံးမှုရှိခဲ့သည့် အကျဉ်းထောင်ဆူပူများအား သမ္မတရုံး၏ စုံစမ်းစစ်ဆေးမှုသည် လွတ်လပ်သည့်အဖွဲ့တခုဖြင့် ဆောင် ရွက်ရန်လိုအပ်ပြီး ပွင့်လင်းမြင်သာမှုနှင့် လူထုယုံကြည်နိုင်လောက်သည့် အခြေအနေဖြစ်ရန် လိုအပ်ကြောင်း တိုက်တွန်းမှုများ ရှိနေသည်။
သမ္မတရုံးအနေဖြင့် အကျဉ်းထောင် ၇ ခုတွင် ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့မှုအပေါ် ချိတ်ဆက်မှုနှင့် သွေး ထိုးလှုံ့ဆော်မှုများ ရှိနေကြောင်း သုံးသပ်ခဲ့ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး ထိရောက်စွာ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း မေ ၉ ရက်နေ့က ကြေညာလိုက်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)-AAPP မှ အတွင်းရေးမှူး ဦးဘိုကြည် က “ သေသေ ချာချာမသိသေးပဲနဲ့ ခန့်မှန်းချက်တွေနဲ့ ပြောဆိုနေကြတာ အန္တရာယ်ရှိတယ်။ တကယ် လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေး နိုင်တဲ့ အဖွဲ့တခုကို ဖွဲ့ဖို့လိုတယ်။ ပြီးရင်သူတို့နဲ့ ပေါင်းစပ် လုပ်ကိုင်နေတဲ့ အကျဉ်းသားတွေ၊ ဝန်ထမ်းတွေကို အရေးယူမခံရဖို့လဲ ပြတ်ပြတ်သားသား ပြောထားဖို့လိုတယ်။ ဖြစ်ရပ်မှန်တွေပေါ်တဲ့အခါ ဥပဒေအတိုင်းသွားဖို့လိုတယ်” ဟု ထောက်ပြပြောဆို သည်။
သမ္မတရုံး၏ ကြေညာချက်တွင် အကျဉ်းထောင်ဆူပူမှုအတွင်း အကျဉ်းသားများ၏တောင်းဆိုချက်များ ထပ်တူထပ်မျှနီးပါး တူညီနေခြင်းနှင့် အကျဉ်းသား အချို့မှ ဆူပူမှုဖြစ်စဉ်အား တယ်လီဖုန်းအသုံးပြုကာ လူမှုကွန်ယက်ဖေ့ဘုတ်မှ Live ရိုက် ကူး လွှင့်တင်ခြင်းများရှိခဲ့ခြင်းကို ထောက်ပြထားသည်။
ထို့ပြင် လွတ်ငြိမ်းသက်သာ ပေးမှုတွင် သက်ကြီးရွယ်အိုများ၊ နာတာရှည်ကျန်းမာရေး မကောင်းသူများ၊ အမျိုးသမီးများ၊ လူ ငယ်များ၊ မသန်စွမ်းသူ အကျဉ်းသား/သူများအား ရွေးချယ်ရေးမူဝါဒနှင့်အညီ စနစ်တကျစိစစ်ပြီး လွှတ်ပေးခဲ့ခြင်းဖြစ် ကြောင်း ကြေညာထားသည်။
ယင်းထောက်ပြထားချက်များသည့် တည်ဆဲဥပဒေအရ ဆောင်ရွက်ရမည့်ကိစ္စရပ်သာဖြစ်ပြီး အကျဉ်းသားများ၏ တန်းတူ ညီမျှအခွင့်အရေး တောင်းဆိုချက်ကိုသာ အဓိကထား ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ထောင်မှူးကြီးဟောင်း ဦးခင် မောင်မြင့်က ပြောသည်။
ဦးခင်မောင်မြင့်က “ထုတ်ပြန်လိုက်တာက စောလွန်းတယ်၊ ဖြစ်စဉ်က ဥပဒေရေးရာမညီမျှမှု၊ အခွင့်အရေး မညီမျှမှုအပေါ်မှာ တောင်းဆိုကြတာ၊ အကုန်လုံး လွှတ်ပေးပါလို့ တောင်းဆိုနေကြတာ မဟုတ်ဘူး။ ထောင်တိုင်းမှာ ဖြစ်စဉ်တူတဲ့ သူတိုင်းက တထပ်တည်း ဆန္ဒရှိမှာပဲ၊ အဲ့ဒီလိုလူတွေက ကျနော်တို့က ဘယ်လိုဖြေလျော့ပေးမလဲ။ သူတို့က တောင်းဆိုခွင့် မရှိတော့ဘူး လား။ အဲ့ဒီလို တထပ်တည်းဆန္ဒရှိတာကြောင့် ဖန်းတီးမှုတခုလို့ ယူရင် ဖြေရှင်းဖို့အတွက် လမ်းကြောင်းလွဲမှာပဲ” ဟု ပြော သည်။
၂၀၁၉ ခုနှစ် နှစ်သစ်ကူး အထိမ်းအမှတ် အနေဖြင့် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်ဖြစ်သည့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊အပိုင်ခွဲ(၁)အရ အကျဉ်းသား/သူ ၂၃၀၀၃ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦးတို့အား ၃ ကြိမ်ခွဲကာ လွတ်ငြိမ်း သက်သာခွင့် ပြုခဲ့ခြင်းဖြစ်သည်။
ယင်းလွတ်ငြိမ်းသက်သာခွင့်သည် အကျဉ်းသားများအပေါ် တန်တူးညီမျှမှုမရှိဟုဆိုကာ ဧပြီလအတွင်း ရွှေဘိုထောင်နှင့် မုပ္ပလင်ကုန်ထုတ်စခန်းတို့မှ လွတ်ငြိမ်းသက်သာခွင့် တန်းတူညီမျှရရှိရေး တောင်းဆိုခဲ့ပြီး သမ္မတ၏ မေလ ၇ ရက်နေ့က တတိယအကြိမ် လွတ်ငြိမ်သက်သာခွင့်လွတ်ပေးအပြီးတွင် ကလေး၊ ဘားအံ၊ ရွှေဘို၊ မြစ်ကြီးနား၊ ထားဝယ်၊ သာယာဝတီ နှင့် ပုသိမ်အကျဉ်းထောင်တို့တွင် ဆူပူမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုဆူပူမှုများအတွင်း အခြားသောအကျဉ်းထောင်များအား ထိန်းချုပ်နိုင်ခဲ့သော်လည်း နှစ်ကြိမ်တိုင်တောင်းဆိုခဲ့သည့် ရွှေဘို ထောင်တွင် အကျဉ်းသား ၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သည်အထိ အခြေအနေတင်းမားခဲ့ပြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ကိုယ်တိုင် အကျဉ်းထောင်အတွင်း ဝင်ရောက်ကာ ညှိနှိုင်းဆွေးနွေးခဲ့ရသည်။
ရွှေဘိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက “ဆူပူမှုကတော့ ငြိမ်သွားပါပြီ၊ ဖုန်းနဲ့ live လွှင့်တဲ့ ကိစ္စကလည်း ရောင်းပေးတဲ့ ထောင်ဝန်ထမ်းနဲ့ ဖုန်းနဲ့ရိုက်တဲ့အကျဉ်းသားကို စစ်ဆေးနေပြီလို့ သိရတယ်၊ ဒဏ်ရာရတဲ့ အကျဉ်းသား ၂ ယောက်မှ တယောက်ကို မန္တလေးပို့ထားပြီး တဦးကတော့ ရွှေဘိုမှာပါပဲ” ဟု ပြောသည်။
သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် ပေးသည့်လုပ်ငန်းစဉ်မှာလည်း ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ ဝေဖန်မှုများရှိနေပြီး မူး ယစ်ဆေးမှု ပုဒ်မတူချင်းတွင် မလွတ်သူများ၊ အမှုတွဲတခုတည်းဖြစ်သော်လည်း သက်သာခွင့်မရရှိခြင်းများ ရှိနေသည့်အ တွက် တန်းတူအခွင့်အရေးမရသည့်အပေါ် ထောင်တိုင်းရှိ အကျဉ်းသားအချို့ ခံစားနေရခြင်းဖြစ်ကြောင်း ဦးခင်မောင်မြင့် က ရှင်းပြသည်။
ဦးခင်မောင်မြင့်က “ ဖုန်းတွေသွင်းတာ၊ ကဒ်တွေကိုင်တာ၊ ဆူပူမှုဖြစ်စဉ်တွေဟာ တည်ဆဲအကျဉ်းထောင်ဥပဒေတွေကို ဆန့်ကျင်နေတဲ့အတွက် ဥပဒေအရ ဖော်ထုတ်အရေးယူမှာဖြစ်သလို နစ်နာမှုများတောင်းဆိုတာကိုလည်း လွတ်လပ်တဲ့ အဖွဲ့အစည်းတခုဖွဲ့စည်းကာ သေသေချာချာ ဆောင်ရွက်ဖို့လို။ နှစ်ခုက တပြိုင်တည်းလုပ်မှရမယ်။ တခုပဲလုပ်လို့ အဆင်မ ပြေနိုင်ဘူး၊ လွတ်ငြိမ်းနဲ့ပတ်သက်လို့ ခံစားရတာ ထောင်တိုင်းမှာ တူညီတဲ့သူတွေရှိနေတယ်”ဟု ထောက်ပြ သည်။
အကျဉ်းထောင်များအတွင်းသို့ တယ်လီဖုန်း၊ ရေဒီယိုစသည့် ကန့်သတ်ပစ္စည်းများ ခိုးသွင်းမှုနှင့်ပတ်သက်၍လည်း ဌာနမှ အရေးယူအပြစ်ပေးခဲ့သည့် ဖြစ်စဉ်များစွာရှိခဲ့ပြီး ယင်ပြသနာသည့် ယနေ့မှဖြစ်နေသည့်ကိစ္စမဟုတ်ကြောင်း၊ ဆူပူမှု ဖန်တီး သည့် ပြသနာကိုလည်း တည်ဆဲအကျဉ်းထောင်ဥပဒေများအရ အရေးယူဖို့ လိုအပ်ကြောင်း ၎င်းက ပြောသည်။