မွန်ပြည်နယ် လွှတ်တော် ဒု ဥက္ကဋ္ဌအား မေးခွန်း မေးမြန်းခြင်းနှင့် ပတ်သက်၍ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က စာပို့ သတိပေးခဲ့ရာမှ ပြန်လည် ရုပ်သိမ်းသွားပြီဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် လွှတ်တော်၏ ဒု ဥက္ကဋ္ဌဖြစ်သည့် ဒေါက်တာ အောင်နိုင်ဦး အနေဖြင့် ကိုယ်စားလှယ် တဦးကဲ့သို့ လွှတ်တော်၌ မေးခွန်း မေးမြန်းရန် မသင့်တော်ကြောင်းကို စာပို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ထံ မေးမြန်းရာတွင် ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့သော်လည်း ယင်းစာတွင် ပါဝင်သည့် အချက်အလက်များကိုမူ အသေးစိတ်ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ။
မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ က“အုပ်ချုပ်ရေး အာဏာနဲ့ ဥပဒေပြုရေး အာဏာသည် သီးခြားစီ ဖြစ်တယ်။ ဝင်ရောက် စွက်ဖက်ခွင့် မရှိဘူး။ အချင်းချင်း အပြန်အလှန် လေးစားရမယ်။ အဲဒါပဲ” ဟု ဆိုသည်။
ပြည်နယ် ဝန်ကြီးချုပ်မှ ပေးပို့ခဲ့သည့် စာနှင့် ပတ်သက်၍ ပြည်နယ် လွှတ်တော်ရုံးတွင် မေ ၉ ရက်၌ ဝင်စာ ရှိပြီး မေ ၁၀ ရက် တွင် စာပြန်လည် ရုပ်သိမ်းသွားသည့် ထွက်စာလည်း ရှိခဲ့ကြောင်း ဒေါ်တင်အိက အတည်ပြု ပြောဆိုသည်။
၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ၆ လတာ ဘဏ္ဍာရေးနှစ်၏ မီနီဘတ်ဂျက်မှ ငွေကျပ် သန်း ၁၀၀၀ ဖြင့် ရေး မြို့နယ်ရှိ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းခင်းခြင်း အပေါ် Southern Myanmar Development (SMD) ကုမ္ပဏီအား တင်ဒါ မခေါ်ဘဲ လုပ်ကိုင်ခွင့် ပြုခြင်းမှာ သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ သွေးဖယ်နေကြောင်း မေလ ၃ ရက်တွင် ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ဒေါက်တာ အောင်နိုင်ဦးက မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မေးခွန်း မေးမြန်း ထောက်ပြပြီးနောက် မေ ၉ ရက်၌ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက အထက်ပါ စာကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ဒေါ်တင်အိ က “ဒု ဥက္ကဋ္ဌလည်း ကိုယ်စားလှယ်ပဲ။ ကိုယ်စားလှယ်တိုင်းသည် မေးခွန်း မေးလို့ ရတယ်” ဟု ပြော ဆိုသည်။
ဒေါက်တာ အောင်နိုင်ဦးသည် မွန်ပြည်နယ် လွှတ်တော်တွင် ချောင်းဆုံ မြို့နယ် အမှတ် (၁) ကိုယ်စားလှယ် အနေနှင့် မေးခွန်း မေးမြန်းမှုမှာ လွှတ်တော် ဥပဒေနှင့်လည်း ငြိစွန်းမှု မရှိကြောင်း ၎င်းက ဆိုသည်။
ဒေါက်တာ အောင်နိုင်ဦးသည် ချောင်းဆုံ မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စား လှယ်ဖြစ်ကာ ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် သက်တမ်းတွင် မေးခွန်း ၄၀ ကျော် မေးမြန်းခဲ့ပြီး အဆို ၅ ခုထက်မနည်း တင် သွင်းခဲ့သူလည်း ဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒေါက်တာ အောင်နိုင်ဦးထံ သွားရောက် စုံစမ်းခဲ့ရာတွင် မှတ်ချက် တစုံတရာ မပေးခဲ့ပေ။
You may also like these stories:
ကချင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေး ရက်အကန့်အသတ် မရှိ ရပ်ဆိုင်း
“ကလေးလုပ်သားလိုဟာမျိုးက တိုင်ကြားမှု ရှိလာမှ ကိုင်တွယ်လို့ ရမှာ”
ဖမ်းဆီးခံ ရခိုင်တိုင်းရင်းသား ၂၅ ဦးကို ရဲအထူးအမှုစစ် အဖွဲ့ဖြင့် စစ်ဆေးနေ
မြောက်ဦး၌ လူနာ ၁ ဦး ဆေးရုံ ပို့စဉ် အဖမ်းခံရပြီး သေဆုံး