သတင်း

စစ်ဘက် ထောက်လှမ်းရေးကို မီဒီယာနှင့် ခိုင်းနှိုင်းမှု NLD အမတ်များ လက်မခံကြ

Want create site? Find Free WordPress Themes and plugins.

လွှတ်တော်ကိုယ်စားလှယ်များနောက်သို့ နောက်ယောင်ခံလိုက်၍ သတင်းယူနေသည့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ)၏ ဆောင်ရွက်ချက်များကို စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းထောက်များနှင့် ခိုင်းနှိုင်းပြောဆိုခဲ့သည့် ကာကွယ်ရေး ဒုဝန်ကြီး၏ ပြော ဆိုချက်ကို လက်မခံနိုင်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ကိုယ်စားလှယ်များက ပြောသည်။

မေ ၁၀ ရက်နေ့က ကျင်းပသည့် ပြည်သူလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများအပေါ် စစ်ဘက်ဆိုင်ရာ လုံခြုံရေး အဖွဲ့များ၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွှတ်ခြင်း ရှိမရှိ မေးခွန်းကို ဖြေကြားရာတွင် ကာကွယ်ရေး ဒုဝန် ကြီး ဗိုလ်ချုပ်မြင့်နွယ်က ၎င်း၏ စရဖအဖွဲ့ များကို စတုတ္ထမဏ္ဍိုင်နှင့် ခိုင်းနှိုင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

NLD ပါတီမှ ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်က လွှတ်တော် ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများ အပေါ် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ များ၏ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွှတ်ခြင်း ရှိ၊ မရှိ မေးခွန်းတခုကို ယနေ့ လွှတ်တော်တွင် မေးမြန်းခဲ့သည်။

ယင်းမေးမြန်းချက်ကို ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်ကိုယ်စားလှယ်များ၏ လူထုနှင့် တွေ့ ဆုံရာတွင် ပွင့်လင်းမြင်သာစွာ ထိတွေ့ ဆောင်ရွက်လျက်ရှိရာ ယင်းကိစ္စရပ်များကို နိုင်ငံပိုင် သတင်းဌာနများ၊ ပုဂ္ဂလိက မီဒီယာများနှင့် လူမှုကွန်ရက်များတွင်ပါ ဖော်ပြ နေကြောင်း ခိုင်းနှိုင်း ပြောဆိုခဲ့ရာ ကိုယ်စားလှယ်ကြား ဆွေးနွေးစရာ ကိစ္စတခု ဖြစ်လာခဲ့သည်။

ကာကွယ်ရေး ဒုဝန်ကြီး၏ အဖြေကို လက်မခံနိုင်ခြင်းမှာ သတင်းယူသည့် စတုတ္ထမဏ္ဍိုင်များသည် ၎င်းတို့ယူသည့် သတင်းများကို မီဒီယာများတွင် ပြန်လည် ဖော်ပြလေ့ရှိသော်လည်း စရဖအဖွဲ့ များက သတင်းများကို ရေးမှတ်ပြီး ၎င်းတို့၏ အထက်အရာရှိများသို့ တင်ပြလေ့ရှိရာ မည်သို့ မှတ်ချက်ချ၊ မည်သို့ သဘောထားသည်ကို မသိနိုင်ကြောင်း NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ဒေါ်ခင်စန်းလှိုင် က “ပြည်သူလူထုကြားထဲမှာ ထင်ယောင်ထင်မှားဖြစ်အောင် ကျမတို့ အခမ်းအနားမှာ တက်ရောက်လာတဲ့သူတွေ အနေနဲ့ကလည်း စိတ်ပူပန်တာမျိုးတွေလည်း ရှိနိုင်တယ်လေ။ အဲ့ဒီတော့ ပြောချင်တာက လွှတ်တော်ကိုယ်စားလှယ်ကို မေးမြန်းချင်တာရှိရင် ကိုယ် စားလှယ်နဲ့ တိုက်ရိုက်မေးမြန်း၊ ကိုယ်စားလှယ်ကို တိုက်ရိုက်ပြောဆိုတာ ပိုသင့်တော်မယ်လို့ ထင်တယ်”ဟု ပြောသည်။

၎င်းက ဆက်၍ “၂၀၁၂ ရွေးကောက်ပွဲတုန်းက ကျမတို့နောက်မှာ တချိန်လုံးလိုက်ပြီး အသံဖမ်းတယ်။ ကျမတို့ရဲ့ ပြောဆို ဟော ကြားချက်တွေကို ဗီဒီယိုဖိုင်တွေနဲ့ ပြန်လည်တင်ပြတာတွေ ၂၀၁၅ ရွေးကောက်ပွဲအထိ ခံလာခဲ့ရတဲ့ အခါကျတော့ ဒီလို အခြေ အ နေမျိုးနဲ့ ဒီလိုပုံစံမျိုးတွေက ဒီလိုအခြေအနေမှာ မဖြစ်သင့်ဘူးပေါ့။ စတုတ္ထမဏ္ဍိုင်နဲ့ စရဖနဲ့ သတင်းယူတဲ့ ပုံကလည်း မတူညီတဲ့ အချက်တွေရှိတဲ့ အတွက်ကြောင့် ဒီ ၂ ခုကို ခိုင်းနှိုင်း ပြောခြင်းဟာ ဝန်ကြီးရဲ့ ဥပမာပေးချက်ဟာ လွဲနေတယ်” ဟု ပြောသည်။

ယခု မေးခွန်းကို မေးမြန်းခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က ၎င်းကို နောက်ယောင်ခံသည့် စရဖများကို ပြန်လည် စုံစမ်း မေးမြန်းရာ နာမည် ပြောသော်လည်း ကိုယ်ပိုင်နံပါတ် မပြောကြောင်း လွှတ်တော်တွင် ဆက်စပ်မေးခွန်းမေးမြန်း၍ ဒုဝန်ကြီးကို ပြန်လည် ဖြေကြားပေးရန် ပြောဆိုခဲ့သည်။

ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က “ကျနော် ဖြေကြားပေးတာလည်း ပြည့်စုံနေပါပြီ။ ဒီကိစ္စဟာ လူသိရှင်ကြား ဆောင်ရွက် ခြင်း ကိစ္စသာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်တော်ကြီး အနေနဲ့လည်း ကိုယ့်ကို လိုက်မေးတဲ့ လူတွေကို သတင်း မီဒီယာသမားတွေ ကိုလည်း ဘယ်သတင်းဌာနက မေးတာလဲဆိုတာ မေးမြန်းခြင်း ရှိပါသလားလို့ ကျနော်လည်း မေးချင်ပါတယ်” ဟု ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် လူထုနှင့် တွေ့ဆုံခြင်းသည် ဥပဒေပိုင်းဆိုင်ရာအရ တရားဝင် ဆောင်ရွက်ခြင်း ဖြစ်သဖြင့် စရဖ အဖွဲ့ များ၏ နောက်ယောင်ခံခြင်း၊ စုံစမ်း၊ ထောက်လှမ်းခြင်းတို့သည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ချိုးဖောက်ခြင်း မရှိကြောင်း ကာကွယ်ရေး ဒုဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်ကြီးခင်ညွှန် ဦးဆောင်ခဲ့သည့် တပ်မတော် ထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းပြီးသည့် နောက်ပိုင်းတွင် မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ က ရဲသတင်းတပ်ဖွဲ့ ဖွဲ့ စည်း၍ သတင်းများကို စုဆောင်းခဲ့သလို တပ်မတော်ကလည်း စစ်ဖက်ဆိုင်ရာ စုံစမ်းရေး အဖွဲ့ (စရဖ) ဖွဲ့ စည်းပြီး ထောက်လှမ်းခဲ့သည်။

ရဲတပ်ဖွဲ့ က ရရှိသည့် သတင်းများကို ရဲချုပ်မှ တဆင့် ပြည်ထဲရေးဝန်ကြီးသို့ တင်ပြလျက်ရှိပြီး စရဖအဖွဲ့ မှာမူ စရဖ အရာရှိချုပ်ထံသို့ သတင်းများ တင်ပြရပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ယင်းသတင်းများ ရောက်ရှိနိုင်သည့် အခြေအနေမျိုး ဖြစ်သည်။

သို့သော် ယင်းအဖွဲ့ များ၏ ထောက်လှမ်းရေး သတင်းအချက်အလက်များကို အရပ်သား သမ္မတထံသို့ တင်ပြခြင်း ရှိ၊ မရှိ ရှင်းရှင်း လင်းလင်း မသိရပါ။

ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် က “စရဖဆိုရင်လည်း ကျမတို့နိုင်ငံအတွက် မလိုအပ်ဖူးလို့ တခါမှ သဘောထား မရှိခဲ့ဘူး။ ဒီအဖွဲ့ အစည်းတွေ အကုန်လုံးကလည်း လို အပ်တာပါပဲ။ ဒီဖြေသွားတဲ့အပေါ်မှာတော့ စိုးရိမ်ပူပန်မိတယ်လို့ ပြောချင်တယ်။ ကျမနားလည်သလောက် ပြောရမယ်ဆိုရင် စရဖကို စတုတ္ထ မဏ္ဍိုင်တခုအနေနဲ့ လက်ခံရမှာလားဆိုတာပေါ့နော်” ဟု ပြောသည်။

စစ်ဖက် လုံခြုံရေး အဖွဲ့ အစည်းများနှင့် စတုတ္ထမဏ္ဍိုင်ကြား နားလည်မှု လွဲမှားသည့် ပြောကြားချက်မျိုးသည် ၂ ခု စလုံးအတွက် မကောင်းကြောင်း၊ လုံခြုံပြီး လွတ်လပ်မှုရှိသည့် ဒီမိုကရေစီ နိုင်ငံတခု အဖြစ်သို့ သွားသည့်အခါတွင် အဖွဲ့များ၏ တင့်တင့် တယ်တယ် ရပ်တည်နိုင်မှုသည့် အရေးကြီးဟာ ကာကွယ်ရေး ဒုဝန်ကြီးထံမှ ယခုထက်ပို ကောင်းမွန်တဲ့ အဖြေမျိုးကို မျှော်လင့်ခဲ့မိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် မိမိတို့၏ မဲဆန္ဒနယ်မြေများသို့ သွားရောက်ပြီး လွှတ် တော်အတွေ့အကြုံ ရှင်းလင်းခြင်း၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက ဖိတ်ကြား၍ အခမ်းအနားများ တက်ရောက်သည့် အခါ စရဖများ၏ နောက်ယောင်ခံမှုကြောင့် အဆင်မပြေဖြစ်နေရကြောင်း ယနေ့ ကာကွယ်ရေး ဝန်ကြီးဌာနကို မေးခွန်းထုတ်ခဲ့သူ ကိုယ်စားလှယ် ဦးခင်ဇော်က ပြောသည်။

ဦးခင်ဇော်က “အစည်းအဝေးများမှာ သတင်းရယူ၍ အသံဖမ်းခြင်း၊ ဓာတ်ပုံရိုက်ခြင်းတို့ကို နားလည်မှုပေးနိုင်ပေမယ့် လွှတ်တော် ကိုယ်စားလှယ် များဟာ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေမှာ မဲဆန္ဒရှင်ပြည်သူများနဲ့ တွေ့ဆုံပြီးတော့ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းတဲ့ နေရာမှာ ၎င်းတို့ ၏ စောင့်ကြည့်ခြင်း၊ သတင်းရယူခြင်းများဟာ မဲဆန္ဒရှင် ပြည်သူကိုရော၊ လွှတ်တော်ကိုယ်စားလှယ်ကိုပါ လွတ်လပ်မှု မရှိသလို လုံခြုံမှုမရှိသလို တရားဥပဒေစိုးမိုးမှု မရှိသလို ခံစားနေရပါတယ်”ဟု လွှတ်တော်တွင် ဆွေးနွေးသည်။

၂၀၁၇ခုနှစ်၊ မတ်လ ၈ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ပြဌာန်းခဲ့သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လူပုဂ္ဂိုလ် ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၂(ဂ) တွင် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ သွားလာဆောင်ရွက်ခွင့်၊ လွတ်လပ်စွာ နေထိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်တို့ကို ဆိုလိုသည်ဟု ပြဌာန်းထား သည်။

ထို့ပြင် ပုဒ်မ ၈ (ခ) တွင် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အနှောက်အယှက်ဖြစ်စေသော လူ့သိက္ခာကို ထိခိုက်စေသော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်းတို့ကို မပြုရ ပြဌာန်းထားကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က ယင်းအချက်များကို ကိုးကား၍ ဆွေးနွေးသည်။

ကာကွယ်ရေး ဒုတိယ ဝန်ကြီးကမူ လွှတ်တော်ကိုယ်စားလှယ်ကို ပုဂ္ဂိုလ်ဆိုင်ရာ နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း နှင့် စုံစမ်းခြင်း ပြုလုပ်မှသာ သတင်းရရှိနိုင်သည့် ကိစ္စရပ်များ မဟုတ်ဘဲ လူသိရှင်ကြား ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို စရဖ အဖွဲ့ များက သတင်းရယူမှုသည် ယင်းဥပဒေကို ချိုးဖောက်ခြင်း မဟုတ်ကြောင်း လွှတ်တော်တွင် ပြန်လည် ဆွေးနွေးသည်။

ဗိုလ်ချုပ်မြင့်နွယ် က “၎င်းကိစ္စအပေါ် သတင်းရယူခြင်းမှာ နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေအား ဆန့်ကျင် ချိုးဖောက်သည်ဟု ဆိုနိုင်မည် မဟုတ်ပါကြောင်းနှင့် အများပြည်သူနှင့်အတူ ပွင့်လင်းမြင်သာစွာ သတင်းရယူခြင်းသာ ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ပြောသည်။

ယခု ကိုယ်စားလှယ်များကို နောက်ယောက်ခံခြင်း ပြဿနာသည် စရဖ အဖွဲ့ဝင် တဦးချင်းစီ၏ လုပ်ကိုင်ဆောင်ရွက်ပုံများနှင့်လည်း သက်ဆိုင်ပြီး အချို့ မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်နှင့် ယင်းအဖွဲ့ ဝင်များကြား အဆင်ပြေကြောင်း၊ ကိုယ်စားလှယ်များကပင် ၎င်းတို့ နယ်ဆင်းသည့်အခါ ထမင်းစရိတ်ခံ၍ ခေါ်ယူသွားသည့် ဖြစ်စဉ်များပင် ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် အသိုင်း အဝိုင်းမှ သိရသည်။

ရွှေကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းက “သတင်းယူတဲ့အခါမှာ ကိုယ်စားလှယ်ကို အသိပေးပြီးမှ ဆက် သွယ်ပြီးမှ သတင်းယူတာလား၊ ဒါမှ မဟုတ် မပွင့်လင်းတဲ့ အနေ အ ထားနဲ့ အသွင်ယူတဲ့ပုံစံနဲ့ အရပ်ဝတ်နဲ့ မထင်မရှားနဲ့ ယူတာ လားဆိုတာ သုံးသပ်ပြီးမှ လုပ်ဖို့တော့ လိုပါတယ်။ နိုင်ငံကြီးသား ပီသစွာနဲ့ ကိုယ်စားလှယ်ကို ချိတ်ဆက်ပြီးမှ လုပ်မယ်ဆိုရင်တော့ ပြဿနာ မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောပြသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို အနှောင့်အယှက် ဖြစ်စေသော ထောက်လှမ်းရေး နောက်ယောင်ခံပြုလုပ်ခြင်းများ NLD ပါတီမှ အင်းစိန်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြည်သူ့လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သေးသည်။

ထို့စဉ်က ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ကိုယ်စားလှယ်များ၏ လုပ်ငန်းဆောင်ရွက်မှုများကိုတိုးတိုး တိတ်တိတ် ဖြစ်စေ၊ ပေါ်ပေါ်တင်တင် ဖြစ်စေနောက်မှလိုက်လံစုံစမ်းရန် မည်သူကိုမှ တာဝန်ပေးမထားကြောင်း၊ ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ နှင့်ပုဒ်မ ၁၀ တို့အရ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းနှင့် ညီညွှတ်မှုရှိ၊ မရှိစုံစမ်းစစ်ဆေးသည့် ကိစ္စမှလွဲ၍အခြား စုံစမ်းရမည့် အကြောင်း မရှိကြောင်း လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့ဖူးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading