ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာတွင် ရက္ခိုင့် တပ်မတော် (AA)နှင့် ပတ်သက်မှုဖြင့် သံသယရှိသူ လူ ပေါင်း ၂၇၅ ဦး ခေါ်ယူ စစ်ဆေးခဲ့ပြီး ပြန်လည် လွတ်မြောက်သွားသူများထဲမှ ၂ ဦးကို AA နှင့် ဆက်စပ်သည်ဟု သံသယ ရှိသဖြင့် ပြန်လည် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် မေလ ၁ ရက်နေ့က AA အဖွဲ့နှင့် ဆက်စပ်မှု ရှိသည်ဟုဆိုကာ ၂၇၅ ဦးအား ယင်း ကျေးရွာ စာသင်ကျောင်းတွင် တပ်မတော် လုံခြုံရေး တပ်ဖွဲ့ ဝင်များက ထိန်းသိမ်း စစ်ဆေးမှုများ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ယင်းစစ်ဆေးသူများထဲမှ ၄ ဦးသည် AA အမာခံ အဖွဲ့ ဝင် ဖြစ်နေပြီး ၂ ဦးကိုမူ သံသယဖြင့် ၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့တွင် ဖမ်း ဆီးခဲ့ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သို့ ဥပဒေနှင့်အညီ တရားစွဲတင်နိုင်ရေး တပ်မတော်က ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အရင်လွှတ်ပေးထားတာ ၁၂၆ တသုတ်၊ ၄၈ တသုတ်၊ ၃၅ တသုတ် ရှိတယ်။ ဆက်စပ် စစ်ဆေးချက်တွေအရ အဲဒီအထဲက ၂ ယော က်က AA သောင်းကျန်သူတွေနဲ့ ဆက်စပ်တယ်ဆိုတာကို အခိုင် အမာ အထောက်အထား ရတယ်။ အဲဒီ ၂ ယောက်ကို ပြန်ပြီးတော့မှ ဖမ်းရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် ကျောက်တန်း ကျေးရွာ စာသင်ကျောင်းတွင် တပ်မတော်လက်ထဲ၌ ကျေးရွာသာ ၄၅ ဦး ကျန်ရှိနေရာ ၎င်းတို့ထဲမှ ၂၁ ဦးကို မေ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း၊ ယခုလို ရွာသားများကို စစ်ဆင်ရေးကာလအတွင်း လိုအပ်ချက် အရ ဥပဒေနှင့်အညီ ထိန်းသိမ်းနိုင်ခွင့်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
အဖမ်းခံရသူပေါင်း ၂၇၅ ဦးထဲမှ မေလ ၂ ရက်နေ့က ၁၂၆ ဦးကို လွှတ်ပေးခဲ့ပြီး ၁၄၉ ယောက် ကျန်ရှိရာတွင် ၎င်းတို့ထဲမှ သေဆုံး သူ ၆ ဦး၊ ဆေးရုံတက်သူ ၈ ဦး၊ ထွက်ပြေးပျောက်နေသူ ၄ ဦးတို့ရှိရာ တပ်မတော်လက်ထဲတွင် စုစုပေါင်း ၁၃၁ ဦး ကျန်ရှိနေ ကြောင်း၊ မေလ ၆ ရက်နေ့တွင် ၄၈ ဦး၊ မေလ ၈ ရက်နေ့တွင် ၃၅ ဦး ထပ်မံလွှတ်ပေးခဲ့ရာ တပ်မတော်လက်ထဲတွင် လူ ၄၀ ကျော်သာ ကျန်တော့ကြောင်း သိရသည်။
ကျောက်တန်းကျေးရွာတွင် အဖမ်းခံရသည့် လူများသည် မေလ ၁ ရက်နေ့ ညပိုင်းက ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတခု အတွင်း တပ် မတော်၏ ပစ်ခတ်ကြောင့် ရွာသား ၆ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တခု ဖြစ်ပေါ်ခဲ့ရာ ယင်းကိစ္စကို ဥပဒေနှင့်အညီ စုံစမ်း စစ်ဆေးမည် ဖြစ်ပြီး ဥပဒေနှင့် မညီသည့် ဆောင်ရွက်ချက်များ ရှိပါက ပြင်းပြင်းထန်ထန် အရေးယူပေးမည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက မနေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောဆိုထားသည်။
အရပ်သားများ အပစ်ခံရသည့် ဖြစ်စဉ်ကို စုံစမ်းရန် တပ်မတော်က အရာရှိကြီး တဦး ဦးဆောင်ပြီး လူပုဂ္ဂိုလ် ၅ ဦးဖြင့် မေလ ၃ ရက် နေ့က စတင် ဖွဲ့စည်းပေးခဲ့ပြီး ယင်းဒေသရှိ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေး တပ်ဖွဲ့ ဝင်များကို စုံစမ်းမေးမြန်းမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း တပ်မတော်မှ ပြောသည်။
ရက္ခိုင့် တပ်မတော် (AA)ကမူ ယင်းကျေးရွာတွင် ၎င်းတို့၏ တပ်ဖွဲ့ ဝင်များ မရှိကြောင်းနှင့် ယခု ဝန်ခံသူများမှာလည်း လုံခြုံရေး အဖွဲ့ အစည်းများ၏ နှိပ်စက်မှုကြောင့် ဝန်ခံရခြင်း ဖြစ်နိုင်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက မီဒီယာတချို့ သို့ ထုတ်ဖော်ပြောဆို ထားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ မြန်မာ့ တပ်မတော်နှင့် AA တို့ကြား ရသေ့တောင်၊ ဘူးသီး တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၁ သောင်း ကျော်အထိ များလာပြီ ဖြစ်သည်။
အစိုးရက AA အဖွဲ့ကို နေပြည်တော်အထိ ဖိတ်ခေါ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုများ မရရှိခဲ့ သလို တပ်မတော်ကလည်း AA ကို အကြမ်းဖက် သောင်းကျန်သူအဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
You may also like these stories:
AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခြင်း (အပိုင်း – ၂)
အကြမ်းဖက်မှုအလွန် သီရိလင်္ကာ ခရီးသွားလုပ်ငန်း အထိနာလျက်ရှိ
မြန်မာကိုယ်စားပြု ဖိုက်တာ ၃ ဦး အောင်ပွဲဆင်နိုင်မလား
တပ်မတော်သား ၃ ဦး AA စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးထား
“ဟစ်တိုင်” ဇာတ်ကားထဲမှာ အိန္ဒြာကျော်ဇင်ရဲ့ သူငယ်ချင်းနေရာက သရုပ်ဆောင်ထားတဲ့ မုဏ်း