မန္တလေးခရိုင် မဟာအောင်မြေ မြို့နယ် အတွင်းရှိ ၇၃ လမ်းမှ ၇၈ လမ်းထိ တိုက်ရိုက် ဖောက်လုပ်နေသည့် ၃၈ လမ်းသစ် ကို ဇွန်လ အတွင်း ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရ သည်။
မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က “အဲဒီလမ်းကို အမြန်ဆုံး ဖွင့်လှစ်ပေးနိုင်ဖို့ ကျ နော်တို့ အားလုံး ဝိုင်းဝန်း လုပ်ဆောင်နေကြပါတယ်။ လျှောက်လမ်းတွေကို ဆေးသုတ်တာ၊ မိုးတွင်းမှာ လမ်းပေါ်က မိုးရေ တွေ လွယ်ကူစွာ စီးဆင်းစေဖို့ လုပ်ဆောင်နေတာ။ ပန်းပင်တွေ စိုက်ဖို့ Flower box တွေ လုပ်နေတာတွေ အပြင် မကြာ ခင် မြောင်းဖုံးတွေလည်း တပ်ဆင်မှာ ဆိုတော့ မြို့တော်ဝန် ပြောတဲ့ ရက်အမီ လမ်းဖွင့်လှစ်နိုင်ပါလိမ့်မယ်” ဟု ပြောသည်။
အဆိုပါ လမ်းကို ဖောက်လုပ်ရခြင်းမှာ ၇၈ လမ်းနှင့် ၇၃ လမ်းမှာ ယာဉ်ကြောကျပ်မှုများ ဖြစ်လာသည့် အတွက် ယာဉ်ကြော ပိတ်ဆို့မှုများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ ၃၈ လမ်းဖောက်လုပ်ခြင်းဖြစ်ကြောင်းနှင့် လမ်း အလျားပေ ၂၈၀၀၊ အနံပေ ၈၀ ရှိကြောင်း သိရသည်။
၃၈ လမ်းကို တပ်မတော် ပိုင်မြေ ဧရိယာအား ဖြတ်သန်း၍ ၇၃ လမ်းမှ ၇၈ လမ်းထိ တိုက်ရိုက် ဖောက်လုပ်နေခြင်း ဖြစ်ကာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး၊ မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်၏ Facebook စာမျက်နှာ၌ ရေးသား ပြောဆိုထားသည်။
မြို့တော်ဝန် ဒေါက်တာ ရဲလွင်က “၃၈လမ်း နိုင်လွန် ခင်းပြီးသွားပါပြီ။ မဟာဗျူဟာလမ်း အသစ် ဖြစ်တာမို့ နိုင်ငံတကာ အဆင့်မီအောင် ကြိုးစားနေလို့ လမ်းဖွင့်ဖို့ အချိန် ခဏ စောင့်စေချင်ပါတယ်။ မန္တလေးမြို့ရဲ့ စံပြလမ်းတခု ဖြစ်လာမှာပါ။ ဇွန်လ ၁၉ ရက်မှာ ဖွင့်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားနေပါတယ်”ဟု ပြောကြားထားသည်။
၃၈ လမ်း ဖောက်လုပ်ခြင်းကို တိုင်းအစိုးရ ဘတ်ဂျတ်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး လမ်းလျှောက် ပလက်ဖောင်းများ အား garden stone design နှင့် ဆေးအညိုရောင် သုတ်ခြင်း၊ ရေမြောင်းများ ပြုလုပ်ခြင်း၊ လမ်းမီး တပ်ဆင်ခြင်း၊ မီးပွိုင့် အသစ် တပ်ဆင်ခြင်း၊ သစ်ပင် ပန်းပင် စိုက်ပျိုးခြင်းများကို ပြုလုပ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ လမ်းဖောက်လုပ်ရန် အတွက် ၂၀၁၃ ခုနှစ်က မန္တလေးတိုင်း အစိုးရ အဖွဲ့ အနေဖြင့် တပ်မတော်နှင့် ဆွေးနွေး ညှိ နှိုင်းမှုများ ပြုလုပ်ခဲ့ရာ တပ်မြေ ပိုင်ဆိုင်မှုနှင့် လူနေရပ်ကွက်၏ ပိုင်ဆိုင်မှု အငြင်းပွားမှုများ ရှိနေခဲ့ခြင်းကြောင့် ၂၀၁၄ ခုနှစ် တွင် ဆွေးနွေးမှု ရပ်ဆိုင်းခဲ့သည်။
ထို့နောက် လက်ရှိ အစိုးရ လက်ထက်၌ ထပ်မံ ညှိနှိုင်းကြရာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက တပ်မတော်မှ ဖောက်လုပ်ခွင့်ပြု ပေးခြင်းကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် မိနီ ဘတ်ဂျတ်ကာလတွင် စတင် လုပ်ဆောင်ခဲ့ခြင်း ဟု သိရသည်။
မန္တလေးမြို့ခံ ကိုနိုင်လင်းဦးက “မန္တလေးမြို့က အခုကာလမှာ အရင်လို မဟုတ်တော့ဘူး။ လမ်းတွေ ပိတ်လာတော့ ခရီး ဖင့်လာတယ်။ အချိန်ပို ပေးနေရတယ်။ အရှေ့အနောက် တိုးလျှိုပေါက်တဲ့ လမ်းတွေထဲမှာ ၃၈ လမ်း ထပ်တိုးတာ ကောင်း ပါတယ်။ ကျန်တဲ့ လုပ်လို့ရမယ့် နေရာတွေကိုလည်း ဆက်လုပ်ပေးပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
ယခုအခါ ၇၃ လမ်းနှင့် ၇၈ လမ်းကို ဖြတ်သန်းရာတွင် အခြားလမ်းများက ဖြတ်သန်းနေကြရပြီး လမ်းကြောင်း နည်းပါးသည့် အပြင် ၇၃ လမ်းမှ ၇၈ လမ်းရှိ ၃၈ လမ်းသို့ သွားလိုလျှင် ၃၇ လမ်းမှ ပတ်၍ သွားနေရကြောင်း မြို့ခံများက ပြောဆိုသည်။
မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ယခု ဖောက်လုပ်နေသည့် ၃၈ လမ်း အပြင် ၄၁ လမ်းကိုလည်း ၇၈ လမ်းနှင့် လမ်း ၈၀ ကြား တိုက်ရိုက် ဖောက်လုပ်နိုင်ရန် စီစဉ် ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။
You May Also Like These Stories :
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဘတ်ဂျက် ကျပြီးသား လုပ်ငန်း ၃၀၀၀ ကျော် အကောင်အထည် မဖော်နိုင်
မန္တလေး စည်ပင် နယ်နိမိတ် အတွင်း နေအိမ်အများစု ဂရန် မရှိ
မန္တလေးမြို့ နေအိမ် စာရင်းများ ပြန်လည် ကောက်ယူမှု ၉၈ ရာခိုင်နှုန်း ပြီးစီး
ပွင့်လင်းမြင်သာမှု အစီရင်ခံစာတွင် ပုဂ္ဂလိကပိုင် ကုမ္ပဏီကြီးများ ဦးဆောင်နေ