ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကို အဆင့်နိမ့် ဖွဲ့စည်းမည်ဆိုလျှင် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်မည်ဖြစ်ကြောင်း ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာဝတီသို့ ပြောသည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ မေလ ၁၄ ရက်မှ ၁၈ ရက်ထိ ထိပ်သီး အစည်းအဝေး တရပ် ကို ကျင်းပကြမည် ဖြစ်သည်။
ထိုအစည်းအဝေးတွင် PPST အစား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး Peace Process Coordinating Meeting အဖြစ် (PPCM) ကိုဖွဲ့စည်းမည်ဟု သတင်းထွက်ပေါ်နေခြင်းအပေါ် မှတ်ချက်ပေး ပြောဆိုခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “PPST အဆင့်နိမ့်သွားရင်တော့ ဘယ်သူမှ မပါတော့ဘူး၊ ကျနော်တို့တော့ မပါတော့ဘူး၊ အဆင့်နိမ့်သွားတာ ကို လက်ခံရင် ကျနော်တို့တော့ မပါတော့ဘူး၊ ကျနော်တို့ အဖွဲ့ဝင်ကနေ ထွက်မယ်၊ အဲဒီ PPCM ကို ကျနော်တို့ က လက်မခံဘူး ဝင်လည်းဝင်မှာ မဟုတ်ဘူး၊ အတင်းအကြပ် အဲဒါကို ဖွဲ့ရင်ကတော့ ကျနော်တို့က ပူးပေါင်း ဆောင်ရွက်မှု မလုပ်တော့ဘူးပေါ့ဗျာ”ဟု ပြောသည်။
အဆိုပါ ထိပ်သီး အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှေးကွေးသွားမှုကို ကျော်လွှားနိုင်ရေး၊ PPST စုဖွဲ့မှု၊ လမ်းကြောင်းလွဲနေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည် တည့်မတ်နိုင်ရေး စသည် ကိစ္စများကို ဆွေးနွေး ကြမည်ဟု PPST အဖွဲ့ဝင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) မှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ဧရာဝတီသို့ ပြောသည်။
NCA လက်မှတ်ထိုးထားသည့် ၁၀ ဖွဲ့ထဲတွင် PPST ကို မူလအတိုင်း ၂၀၂၀ အထိ ထား၍ အစိုးရ- တပ်မတော်ဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် အဆိုပြုသူများရှိသကဲ့သို့ Peace Process Committee (PPC) အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် အဆိုပြုသူများလည်းရှိကြောင်း၊ အင်အားကြီး အဖွဲ့တချို့ကလည်း PPST ကို အဆင့်နိမ့်စေမည့် PPCM ဆိုသော စုဖွဲ့မှုကို သွားရန် တင်ပြနေသည်ဟုဆိုသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “PPST က ကျနော် တို့ Coordinating Meeting လောက်ပဲ ဖြစ်သွားရင်တော့ အလုပ် လုံးဝ အားမရှိတော့ဘူးပေါ့၊ Meeting ဆိုတာ သူက Meeting ခေါ်တဲ့ အချိန်လောက်ပဲ လုပ်ပိုင်ခွင့်ရှိ တာကို Meeting မရှိဘူး အိမ်ပြန်သွားရင် ရိုးရိုးကိုယ့် အဖွဲ့ဝင် ပြန်ဖြစ်သွားတာကို။ အဲတော့ Meeting ကတော့ အလုပ် မဖြစ်ဘူးပေါ့ အားလုံးက မြင်ကြတာ အစိုးရ-တပ်မတော်က ကျနော်တို့ ပါတနာဆိုတော့ ပါတနာတွေက အဲဒီ Coordinating Meeting ကို လက်ခံဖို့ က တော့ တော်တော် ခက်တယ်လို့ ကျနော် သိရတယ်” ဟု ပြောသည်။
PPCM ကို ဖွဲ့စည်းရန် ယခုနှစ် မတ် ၅ ရက်မှ ၇ ရက်ထိ ကျင်းပခဲ့သော PPST အစည်းအဝေးတွင် တချို့သော လက်နက်ကိုင်အဖွဲ့များက တင်ပြမှုများ ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် PPST မှာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသော ကရင်အမျိုးသားအစည်းအရုံး(KNU)မှ အထွေအထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက PPST ကို တကယ် ညှိနှိုင်းတိုင်ပင် ဆွေးနွေးနိုင်မည့် အဝန်း အဝိုင်း ပုံစံမျိုး ဖြစ်စေချင်ကြောင်း၊ လက်မှတ်ထိုးထားသည့် အဖွဲ့များဖြင့်သာ ဘောင်ခတ်မထားလိုကြောင်း၊ လက်မှတ်ထိုးထားခြင်းကို အခြေမခံပဲ ရည်မှန်းချက်ခြင်းတူညီသော EAO များကြားထဲမှာ အတူတကွ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်နိုင်သည့် အနေအထားမျိုး ဖြစ်စေချင်ကြောင်း ဧရာဝတီသို့ ပြောသည်။
ပဒိုစောတာဒိုမှူး က “EAO တွေကလည်း ညှိဖို့ ကဏ္ဍမှာ အရေးပါတဲ့ ကဏ္ဍမှာ ရှိတယ်ဆိုပေမယ့် EAO ကြားထဲမှာလည်း မတူညီတဲ့ အစုအဖွဲ့ပုံစံမျိုးတွေနဲ့ စည်းခြားတဲ့ ပုံစံတွေက ကျနော်တို့ ကြားထဲမှာ မရှိသင့်တော့ဘူး ထင်တယ်။ အဲအတွက် ကြောင့် ဒီလက်မှတ်ထိုးခြင်း မထိုးခြင်းဆိုတာထက် ဒီနိုင်ငံရဲ့ စစ်မှန်တဲ့ ရေရှည် ငြိမ်းချမ်းရေး ရရှိဖို့ အတွက် အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ကြတဲ့ Stakeholders တွေကို ဘယ်လိုကဏ္ဍနဲ့မှ ကျနော်တို့ ချန်လှပ် ထားခြင်းမရှိသင့်ဘူးဆိုတဲ့ အခြေခံတခုကို ကျနော်တို့ ကိုင်ပြီးတော့ အဖြေရှာသွားဖို့ လိုအပ်ပါတယ်။ အဲတော့မှ ကျနော်တို့ ဒီမိုကရေစီကို ဦးတည်တယ်၊ ဖက်ဒရယ်ကိုသွားမယ်လို့ အခြေခံကို လက်ခံထားတဲ့ ဒီသဘောတူညီ ချက်နဲ့ စဉ်းစားတွေးခေါ်မှုတွေ ဖြည့်စီးရကြပါလိမ့်မယ်” ဟု ပြောသည်။
PPST ကို ၂၀၁၇ ခုနှစ်က NCA ထိုးထားသည့် RCSS၊ KNU ၊ PNLO၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DK BA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ပါဝင်သည်။
You May Also Know These :
AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရ ဖိတ်ခေါ်
ပလက်၀ ဒေသ ဖွံ့ဖြိုးရေး အဟန့်အတားမလုပ်ဖို့ AAကို ချင်းအရပ်ဖက်အဖွဲ့များ တောင်းဆို
ကုလ လူသားချင်း စာနာမှုဆိုင်ရာ ဒုတိယအကြီးအကဲ မြန်မာပြည်လာမည်