လူမျိုးစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ အစွဲကင်းစွာဖြင့် မျက်နှာမလိုက်၊ အခွင့်အရေး မပေးဘဲ အဂတိလိုက်စားမှုများနှင့် ဆက်နွယ် ပတ်သက် သည့် ကိစ္စရပ်များအား တိတိကျကျ ဖော်ထုတ်အရေးယူပေးရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တဦးက တောင်းဆို လိုက်သည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ နှစ်ပတ် လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအကြောင်း ဆွေးနွေးစဉ် တပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီး မြင့်ဆွေက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဒုတိယ ဗိုလ်မှူးကြီး မြင့်ဆွေက “ပြဌာန်းချက်သာ ရှိပြီး တိုက်ဖျက်ရေး လုပ်ဆောင်မှု အားနည်းနေခြင်းအပေါ် တိကျစွာ ဆောင်ရွက်နိုင်ဖို့ ဘက်ပေါင်းစုံမှ အားပေး ကူညီ ပံ့ပိုးသင့်ပါတယ်” ဟု လွှတ်တော်တွင် ပြောသည်။
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ နှစ်ပတ်လည်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ အပေါ်တွင် ယနေ့တွင် အရပ်ဘက်၊ စစ်ဘက် လွှတ်တော် ကိုယ်စားလှယ် ၁၈ ဦး က ပါဝင်ဆွေးနွေးခဲ့ကြသည်။
ကုလသမဂ္ဂမှ ထုတ်ပြန်ထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ မူဝါဒစာအုပ်တွင် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ မဲ ဆွယ်ကာလက ရန်ပုံငွေများ လက်ခံပြီး နိုင်ငံရေးအာဏာ ရရှိသည့်အခါ အလှူရှင်များကို ပြန်လည် ကြည့်ရှု့ ပေးခြင်းခြင်း အဂတိမှု ကို ကျူးလွန်ကြကြောင်း တွေ့ရှိရသဖြင့် မြန်မာနိုင်ငံတွင်လည်း ထိုသို့ အဂတိမှုမျိုးကို မည်ကဲ့သို့ ထိန်းချုပ်မည်ကို သိလိုကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး လှနိုင်က ပြောသည်။
ဒုတိယ ဗိုလ်မှူးကြီး လှနိုင်က “ကော်မရှင် အနေနဲ့ အရေးယူမှုတချို့ ပြုလုပ်နိုင်တာကို အသိအမှတ်ပြုရမှာ ဖြစ်ပေမယ့် ပြည်သူလူထုရဲ့ ယုံကြည်အားထားမှု ရရှိဖို့ ဆိုရင်တော့ ကျောသားရင်သား မခွဲခြားဘဲ ပိုမိုထိရောက်စွာ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း အကြံပြုလုပ်ပါတယ်”ဟု ပြော သည်။
ထို့ပြင် မည်သည့်ရာထူးကြီးငယ်မဆို ကျော်စောမှုရှိသော်လည်း အရေးယူနိုင်ခြင်း မရှိပါက ကော်မရှင်ကို မည်သူက ကြပ်မတ်မည် ဆိုသည့် အချက်မှာ ပြည်သူများအတွက် မေးခွန်းထုတ်စရာတခု ဖြစ်လာနိုင်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး လှနိုင်က လွှတ်တော်တွင် ပြောသည်။
တပ်မတော်က အဂတိ တိုက်ဖျက်ရေးကို မျက်နှာမလိုက်ဘဲ တိတိကျကျ အရေးယူပေးရန် လွှတ်တော်တွင် တောင်းဆိုနေသော် လည်း ၎င်းတို့ကိုယ်တိုင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အရေးယူမှုမှ ကင်းလွတ်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ခံစားခွင့် ရနေသည်။
ကော်မရှင် ဥပဒေအရ အဂတိလိုက်စားကြောင်း တွေ့ရှိရသူ မည်သူကိုမဆို ပြစ်ဒဏ်ချမှတ်ခံရမည် ဆိုသော်လည်း လက်တွေ့တွင် တပ်မတော်နှင့် ပတ်သက်သော တိုင်ကြားမှုများ ရှိလာပါမူ မည်သို့မှ အရေး ယူနိုင်ခြင်း မရှိသောကြောင့် တပ်မတော်နှင့် ပတ်သက် သော အမှုများသည် ကော်မရှင်၏ လုပ်ပိုင်ခွင့်တွင် ပါဝင်ခြင်း မရှိကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ထုတ်ဖော် ပြောဆို ထားသည်။
ယင်းအချက်ကို ယနေ့တွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း က ဆက်လက် ဆွေးနွေးခဲ့ရာ ၎င်းကို မဲဆန္ဒရှင်ပြည်သူများက မေးခွန်းထုတ်နေကြောင်း လွှတ်တော်တွင် ပြောသည်။
ဦးလှဆန်း က “ဖွဲ့ စည်းပုံ အခြေခံ ဥပဒေဖြစ်တဲ့ ပုဒ်မတခုမှာ နိုင်ငံဝန်ထမ်းဖြစ်တဲ့ တပ်မတော်သားများ၏ သဘောသဘာဝသည် ထူးခြားမှု ရှိသည့် အလျောက် တပ်မတော်သားများအတွက် တပ်မတော်ဆိုင်ရာ ဥပဒေများနှင့် အညီ ဆောင်ရွက်ရမည်လို့ ဆိုလိုထားတဲ့ အတွက် ကျနော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖတ်ပြခဲ့ပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။
၎င်းအနေဖြင့် ဆက်လက်ရှင်းပြရာတွင် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ပုဒ်မ ၉၊ ပုဒ်မခွဲ ၄၇ တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်၊ ဥပဒေ၏ အကာအကွယ်ကို လည်း တန်းတူညီမျှ ရယူပိုင်ခွင့် ပေးရမည်ဟု ဖော်ပြထားသဖြင့် အခြေခံ ဥပဒေကို လေ့လာထားကြရန် မှာကြားခဲ့ရသည်ဟု အမျိုး သား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက ပြောသည်။
ဦးအောင်ကြည် ဦးဆောင်ဦးဆောင်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် သမ္မတ ဦးသိန်းစိန် လက်ထက် ကထက် ပို အလုပ်ဖြစ်သည်ဟု သုံးသပ်နိုင်ကြောင်း၊ သို့သော် အကောင်းဆုံး လုပ်ဆောင်နိုင်သည်ဟု မပြောနိုင်သေးကြောင်း၊ ကော်မရှင် အဖွဲ့ ဝင်များသည် သန့်သန့်ရှင်းရှင်း ဆောင်ရွက်နေသည်ဟု ထင်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲ ထွန်းက ပြောသည်။
ဦးရဲ ထွန်းက “ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကိစ္စဆိုရင် မကျေနပ်တာတွေ ပြောကြဆိုတာ တိုင်တန်းကြတာတွေ ရှိတယ်။ ဒါပေမယ့် ဘာဖြစ် လို့ မကိုင်တွယ်သလဲ၊ မစုံစမ်းသလဲပေါ့နော်။ ဒါမျိုးဆိုရင် တိုင်တဲ့လူ ရှိမှာပဲလို့ ကျနော်တို့က ထင်တယ်။ အဲဒါကြောင့် သူ့လုပ်နိုင်စွမ်း ရှိသလောက် အကုန်လုပ်နိုင်တယ်လို့တော့ မပြောနိုင်ဘူး”ဟု ပြောသည်။
NLD အစိုးရလက်ထက်တွင် တနသာၤရီတိုင်း ဝန်ကြီးချုပ်ကို အဂတိမှုဖြင့် အရေးယူနိုင်ခဲ့သလို အစိုးရ အရာရှိကြီးများ ဖြစ်သည့် ညွှန် ချုပ်၊ ညွှန်ကြားရေးမှူးများကိုလည်း ယခင်ကထက် ပိုအရေးယူလာနိုင်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အများပြည်သူ၏ စိတ်ဝင်စားမှု ပြန်လည် မြင့်တက်လာခဲ့သည်။
သို့သော် ကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ မပေါ်မီ ၂၀၁၃ ခုနှစ်၊ အရှေ့ပိုင်း အမှုကိစ္စများကိုမူ ကော်မရှင် က ဥပဒေအရ အရေးယူနိုင်စွမ်း မရှိသေးပေ။ ယင်းဥပဒေ ပေါ်ပေါက်လာပြီး အမှုများကိုသာ ကော်မရှင်က စစ်ဆေးပိုင်ခွင့်ရှိသည်။
ယနေ့ လွှတ်တော်တွင် NLD ကိုယ်စားလှယ်များက လူတဦးတယောက်ကို ဥပဒေအရ လုပ်ပိုင်ခွင့်များစွာ ပေးထားခြင်းက အဂတိ လိုက်စားမှုကို ဖြစ်စေကြောင်း၊ အဂတိ တိုင်ကြားစာများကို ပြည်သူသိအောင် ထုတ်ပြန်ပေးသင့်ကြောင်း၊ ငါးကြီးကြီး ကြော်ပြရန် လိုပြီး ငါးကြီးကြီး ကြော်လိုက်ပါက ကျန်ငါးကလေးများမှာ မလှုပ်ရဲတော့ကြောင်း ဆွေးနွေးကြသည်။
NLD ပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း က “အဂတိ လိုက်စားမှုမှာ မြန်မာနိုင်ငံဟာ သရဖူဆုတောင် ရရှိတော့မှာ ဖြစ်ပါတယ်။ ပြီးတော့ ကော်မရှင်ဟာ တိုင်ကြားစာ ၂၅ ရာခိုင် နှုန်းကို အရေးယူဆောင်ရွက်လို့ မရခဲ့သလို တိုင်စာရဲ့ ၁ ရာခိုင်နှုန်းကိုပဲ ကော်မရှင်က ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု လွှတ်တော်တွင် ပြောသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကိုယ်တိုင်က အဂတိ လိုက်စားမှုများကို တိုက်ဖျက်ရန် ဥပဒေ များ ပြင်ဆင်၍ အင်တိုက်အားတိုက် ဆောင်ရွက်နေသော်လည်း အဂတိ လိုက်စားမှု သည် ၂၀၀၈ နှစ်ကုန်အထိ သိသိသာသာ ကျ ဆင်းသွားခြင်း မရှိဘဲ ယခင်အတိုင်း ဆက်လက် တည်ရှိနေဆဲ ဖြစ်ကြောင်း လွှတ်တော်တွင် ဝန်ခံပြောဆိုထားသည်။
၂၀၁၈ ခုနှစ်တွင် ကော်မရှင်သည် တိုင်ကြားစာ ၁၀၅၄၃ စောင် လက်ခံရရှိရာ ယင်းတို့အထဲမှ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥ ပဒေနှင့်အညီ စုံစမ်းစစ်ဆေးသည့် တိုင်ကြားစောင် ၄၆ စောင် ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အရေးယူသင့်သည့် တိုင်ကြားစာ ၁၇၉၅ စောင်ကို အစိုးရဌာနများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အစိုးရ ဌာနများသို့ လွှဲပြောင်းပေးခဲ့သည့် တိုင်ကြားစာ ၁၇၉၅ စောင်တွင် အရေးယူခဲ့ကြောင်း ပြန်ကြားသည့် စာအရေအတွက်မှာ ၅၃၆ စောင် ဖြစ်ကြောင်း သိရသည်။ ကျန်ရှိသည့် တိုင်စာများကို အစိုးရဌာနများက အရေးမလုပ်သည့်အပေါ်တွင်လည်း ယနေ့တွင် လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်းထုတ်ကြသည်။
ယနေ့ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးပြောဆို မေးမြန်းမှုများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ပြည် ထောင်စု လွှတ်တော်တွင် ပြန်လည် ရှင်းလင်းပြောဆိုရဦးမည် ဖြစ်ပြီး ယင်းအချိန်၊ နေ့ရက်ကိုမူ လွှတ်တော် နာယက ဦးတီခွန်မြတ် က ကြိုတင်ကြေညာခြင်း မရှိသေးပေ။
You May Also Like These :
အဂတိ လိုက်စားမှုဖြင့် ရခိုင်က မြေစာရင်း အရာရှိတချို့ အဖမ်းခံရ
အဂတိ အမှုဖြင့် အများဆုံး အတိုင်ခံရသည့် ဝန်ကြီးဌာန ၁၄ ခုကို ကော်မရှင်က သင်တန်းပေးမည်
စီးပွား/ကူးသန်း ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ချုပ်ကို ဝန်ထမ်း စည်းမျဉ်းနှင့် မညီ၍ အရေးယူဟု ဆို
လွှတ်တော်တွင်း တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေမှု ကြံ့ခိုင်ရေး ကာကွယ်ပြောဆို