ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် ကျောက်တန်း ကျေးရွာတွင် ရက္ခိုင့် တပ်မတော် (AA)နှင့် ပတ်သက်မှုဖြင့် သံသယရှိသူပေါင်း ၂၇၅ ဦးကို မေလ ၁ ရက်မှ စတင် ခေါ်ယူ စစ်ဆေးနေရာမှ ရခိုင်တိုင်းရင်းသား ၈ ဦးမှ လွဲ၍ ကျန်ရှိသူများ အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဒီနေ့ ၂ နာရီကျော်မှာ ကျောက်တန်း ဖြစ်စဉ်မှာ ကျန်နေ တဲ့ ၂၂ ယောက်ကို လွှတ်ပေးလိုက်ပြီ။ ကျနော်တို့ လက်ထဲမှာ တယောက်မှ မရှိတော့ဘူး။ စစ်တွေကိုတော့ ၈ ယောက် ပို့ထားတယ်။ အဲဒီထဲက ၆ ယောက်ကိုတော့ AA နဲ့ ပတ်သက်တဲ့ အတွက် တရားစွဲတင်နိုင်ရေး ဆက်လက် ဆောင် ရွက်နေတယ်”ဟု ပြောသည်။
စစ်တွေမြို့သို့ ပို့ဆောင်ပြီး ဖမ်းဆီးထားသူ ၈ ဦးမှ ၆ ဦးကို တပ်မတော်က အမှုဖွင့် အရေးယူမည် ဖြစ်သလို ကျန် သံ သယ ရှိသူ ၂ ဦးကိုလည်း ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ကျောက်တန်း ကျေးရွာသို့ မည်သူမဆို လွတ်လပ်စွာ သွားလာခွင့် ရှိကြောင်း တပ်မတော်က ဆိုသည်။
လက်ရှိ ကျောက်တန်း ဖြစ်စဉ်တွင် ဖမ်းဆီး အရေးယူထားသူ ၆ ဦး၊ လက္ကာရွာ ဖြစ်စဉ်တွင် ဖမ်းဆီး အရေးယူထားသူ ၁၈ ဦး ရှိသဖြင့် AA နှင့် ဆက်နွယ်သည်ဟု သံသယရှိ၍ အဖမ်းခံရသူ ၂၄ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
တပ်မတော်မှ တရားစွဲဆိုမည်ဟု ပြောဆိုထားသည့် အမျိုးသား ၆ ဦးထဲတွင် အသက် ၁၇ နှစ်၊ အသက် ၂၀ ကျော်နှင့် အသက် ၃၀ အရွယ်များ ဖြစ်သည်ဟု သိရသည်။
ရသေ့တောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဦးဦးသန်းနိုင်က သံသယရှိသူ ၂ ဦးထဲမှ တဦးမှာ တပ်မတော်၊ ဘူးသီးတောင် တပ်ရင်းမှ ထွက်ပြေးထားသူ ဖြစ်သည်ဟု ပြောသည်။
ဦးဦးသန်းနိုင်က “အခု ဖမ်းထားတဲ့ လူထဲမှာ ဘာမှမသိတဲ့ လူတွေ ပါသလို ရိုးရိုးသားသား နေတဲ့ လူတွေ များပါတယ်။ နီးရာဓားကြောက်လို့ ဆန်ပေးဆီပေးရတာမျိုးကို AA လို့ ပြောလို့ မရဘူးလေဗျာ။ အမှန်တကယ် သင်တန်းဆင်းပြီး AA တပ်မတော်ရဲ့တပ်ဖွဲ့ဝင် ဖြစ်လား။ အဲဒါမျိုး ဖြစ်ဖို့ လိုပါတယ်” ဟုလည်း ပြောသည်။
တပ်မတော်နှင့် AA ကြား ပဋိပက္ခများ ဖြစ်ပွားရာတွင် တပ်မတော်ဘက်မှ အရပ်သားများကို စုပြုံစစ်ဆေးခြင်းကြောင့် ကျောက်တန်းရွာ အနီးအနားရှိ ကျေးရွာ ၄ ရွာခန့်မှ ရာချီသည့် အရပ်သားများမှာလည်း ထိတ်လန့်ပြီး ထွက်ပြေးခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားထားသည်ဟု ဦးဦးသန်းနိုင် က ပြောသည်။
လက်ရှိတွင် AAဟု ပြောဆိုပြီး တရားစွဲဆိုခံရမည့် ၆ ဦးကို မည်သည့် ပုဒ်မများနှင့် စွဲဆိုမည် ဟူသည်ကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောပြခြင်း မရှိပါ။
AA က ကျောက်တန်းမှ ဖမ်းဆီးခံထားရသူများမှာ ၎င်းတို့ တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း ငြင်းဆိုသည်။
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ က “ကျနော်တို့နဲ့ အဲဒီလူတွေနဲ့ ဆက်စပ်ပတ်သက်မှု မရှိဘူး။ အဲဒီလူတွေက ရိုးရိုးသာမန် အရပ်သားတွေ ဖြစ်ပါတယ်။ ကျနော်တို့ သိသလောက်က ဒီလူတွေကို အတင်းအကျပ် နှိပ်စက် ညှင်းပန်းပြီး AA ကပါ ဆိုပြီး အတင်း လက်မှတ်ထိုး ဝန်ခံ ခိုင်းတယ်လို့ သိရပါတယ်” ဟု ပြောသည်။
လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်၍ တရားစွဲဆိုပါက မတရားသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)ဖြင့် အစိုးရ၊ တပ်မတော်တို့မှ အမှုဖွင့်လေ့ ရှိပြီး ပုဒ်မ ၁၇ (၁) အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၂ နှစ်ထက် မနည်း၊ ၃ နှစ်ထက် မပိုသည့် ထောင်ဒဏ်နှင့် ငွေဒဏ် ကျခံရမည် ဖြစ်သည်။
ရသေ့တောင် မြို့နယ် ကျောက်တန်း ကျေးရွာတွင် မေလ ၁ ရက်က AA အဖွဲ့နှင့် ဆက်စပ်မှု ရှိသည်ဟု ဆိုကာ ၂၇၅ ဦးအား ယင်း ကျေးရွာ စာသင်ကျောင်း၌ တပ်မတော် လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိန်းသိမ်း စစ်ဆေးမှုများ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ယင်း စစ်ဆေးသူများထဲမှ ၄ ဦးသည် AA အမာခံ အဖွဲ့ဝင် ဖြစ်နေပြီး ၂ ဦးကိုမူ သံသယဖြင့် ၂၀၁၈ ခုနှစ် မေလ ၈ ရက် တွင် ဖမ်းဆီးခဲ့ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့ပြီး ယနေ့တွင် ကျန်၂ ဦးကို စစ်တွေမြို့သို့ ထပ်မံ ပို့ဆောင်ခဲ့ သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အရင် လွှတ်ပေးထားတာ ၁၂၆ တသုတ်၊ ၄၈ တသုတ်၊ ၃၅ တသုတ် ရှိတယ်။ ဆက်စပ် စစ်ဆေးချက်တွေ အရ အဲဒီ အထဲက ၂ ယောက်က AA သောင်းကျန်သူတွေနဲ့ ဆက်စပ်တယ် ဆိုတာကို အခိုင်အမာ အထောက်အထား ရတယ်။ အဲဒီ ၂ ယောက်ကို ပြန်ပြီးတော့မှ ဖမ်းရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် ကျောက်တန်း ကျေးရွာ စာသင်ကျောင်းတွင် တပ်မတော် လက်ထဲ၌ ကျေးရွာသာ ၄၅ ဦး ကျန်ရှိနေရာ ၎င်း တို့ထဲမှ ၂၁ ဦးကို ယနေ့ နေ့လယ်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း၊ ယခုလို ရွာသားများကို စစ်ဆင်ရေး ကာ လ အတွင်း လိုအပ်ချက် အရ ဥပဒေနှင့် အညီ ထိန်းသိမ်းနိုင်ခွင့် ရှိကြောင်း ၎င်းက ပြောသည်။
ကျောက်တန်း ကျေးရွာတွင် အဖမ်းခံရသည့် သူများသည် မေလ ၁ ရက် ညပိုင်းက ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှု တခု အတွင်း တပ်မတော်၏ ပစ်ခတ်ကြောင့် ရွာသား ၆ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ် တခု ဖြစ်ပေါ်ခဲ့ရာ ယင်းကိစ္စကို ဥပဒေ နှင့် အညီ စုံစမ်း စစ်ဆေးမည် ဖြစ်ပြီး ဥပဒေနှင့် မညီသည့် ဆောင်ရွက်ချက်များ ရှိပါက ပြင်းပြင်းထန်ထန် အရေးယူ ပေးမည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက မနေ့က နေပြည်တော်တွင် သတင်း ထောက်များကို ပြောဆိုထားသည်။
အရပ်သားများ အပစ်ခံရသည့် ဖြစ်စဉ်ကို စုံစမ်းရန် တပ်မတော်က အရာရှိကြီး တဦး ဦးဆောင်ပြီး လူပုဂ္ဂိုလ် ၅ ဦးဖြင့် မေလ ၃ ရက်က စတင် ဖွဲ့စည်းပေးခဲ့ပြီး ယင်း ဒေသရှိ ရပ်မိရပ်ဖများ၊ ဌာန ဆိုင်ရာများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကို စုံစမ်း မေးမြန်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တပ်မတော်က ပြောသည်။
AA ဘက်ကမူ ယင်းကျေးရွာတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ မရှိကြောင်းနှင့် ယခု ဝန်ခံသူများမှာလည်း လုံခြုံရေး အဖွဲ့ အစည်းများ၏ နှိပ်စက်မှုကြောင့် ဝန်ခံရခြင်း ဖြစ်နိုင်ကြောင်း AA ပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခက မီဒီယာတချို့သို့ ထုတ် ဖော် ပြောဆိုထားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ တပ်မတော်နှင့် AA တို့ကြား ရသေ့တောင်၊ ဘူးသီး တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေး ရှောင် ၁ သောင်းကျော် အထိ များလာပြီ ဖြစ်သည်။
အစိုးရက AA အဖွဲ့ကို နေပြည်တော် အထိ ဖိတ်ခေါ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု များ မရရှိခဲ့သလို တပ်မတော်ကလည်း AA ကို အကြမ်းဖက် သောင်းကျန်သူ အဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
နန်းလွင်နှင်းပွင် ပူးပေါင်းရေးသားသည်။
ဆက်စပ်ဖတ်ရှုရန် – ရခိုင်ပြည်နယ်၊ ကျောက်တန်း ဖြစ်စဉ်တွင် AA ဟု ဝန်ခံသူများကို အရေးယူမည်
ရခိုင်တွင် ထိန်းသိမ်းခံရသူ ၆ ဦး သေဆုံးမှု ဥပဒေနှင့်အညီ စစ်ဆေးမည်ဟု ကာကွယ်ရေး ဝန်ကြီး ပြော