ပါကစ္စတန်နိုင်ငံ၏ ချည့်နဲ့၍ ကြွေးမြီဖိစီးနေသော စီးပွားရေးအတွက် ဒေါ်လာ ၆ ဘီလီယံ ငွေချေးပေးရန် ပဏာမသဘောတူညီခဲ့ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) နှင့် ပါကစ္စတန်အစိုးရတို့က တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။ ယင်းသည် ဝန်ကြီးချုပ် အင်မရန်ခန်း အာဏာမရမီ မပြုလုပ်လိုသည့် တိုင်းပြည်တွင် လိပ်ခဲတည်းလည်းဖြစ်နေခဲ့သော ဘဏ္ဍာရေး အကျပ်ဆိုက်မှုကို ကယ်တင်ရန် ဖြစ်သည်။
သွင်းကုန်နှင့် ထုတ်ကုန်အကြား မညီမျှမှုကြောင့် ပါကစ္စတန်၏ ဘဏ္ဍာရေးလိုငွေပြမှုမှာ တနေ့တခြား တိုးပွားလာပြီး အကျပ်အတည်းအဖြစ်သို့ ဆိုက်ရောက်လာကြောင်း တာဝန်ရှိသူများက ပြောကြသည်။ ပါကစ္စတန်သည် တရုတ်ကြွေးမြီနွံထဲတွင်နစ်နေပြီး ၎င်း၏နှေးကွေးနေသော စီးပွားရေးဖြင့် ယခုနှစ်အတွက် နောက်ထပ်စာချုပ်များ ချုပ်ရန်ပင် မျှော်လင့်နေသည်။
ချေးငွေအတွက် IMF နှင့် ပြီးခဲ့သည့် စက်တင်ဘာကတည်းက အကျေအလည် ညှိနှိုင်းနေခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်နိုင်ငံတွင် အဆိုပါချေးငွေယူရေးအတွက် မလွယ်ကူသည့် ဆက်ဆံရေးတခု ရှိနေပြီး အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားများက IMF သည် အမေရိကန် ဩဇာလွှမ်းမိုးအောက်တွင် ရှိသည်ဟု မြင်ကြသည်။
ပါကစ္စတန်သည် ယခင်ကလည်း IMF ထံမှ ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ချေးယူခဲ့ဖူးပြီး ယင်းအစီအစဉ်များ ပြီးဆုံးခဲ့သည်မှာ သိပ်မကြာလှသေးချေ။
“ပါကစ္စတန်ဟာ အသက်မပါတဲ့ တိုးတက်မှု၊ အတက်အကျကြမ်းတဲ့ ငွေကြေးဖောင်းပွမှု၊ ကြွေးမြီထူထပ်လာမှု၊ ပြည်ပဆက်ဆံရေး အားနည်းလာမှုတွေနဲ့ စီးပွားရေး စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်” ဟု ပါကစ္စတန်သို့ ရောက်ရှိလာသော IMF မစ်ရှင်အဖွဲ့ခေါင်းဆောင် အာနက်စတို ရာမီရက်ရီဂိုက တနင်္ဂနွေနေ့ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားထားသည်။
“အာဏာပိုင်တွေဘက်က ဒီစိန်ခေါ်မှုတွေ ဖြေရှင်းဖို့လိုအပ်ချက်ကို အသိအမှတ်ပြုပါတယ်။ ဒါ့အပြင် စီးပွားရေးမှာ ထုံးစံမဟုတ်တဲ့ကိစ္စတွေ အလုံးအရင်းရှိနေတာတွေ၊ လူသားအရင်းအမြစ်ကဏ္ဍမှာ အစိုးရရဲ့ သုံးစွဲမှု ကျဆင်းနေတာတွေနဲ့ ဆင်းရဲမွဲတေမှုတို့ကို ကိုင်တွယ်ဖို့ ရှိနေပါတယ်။”
အဆိုပါ သဘောတူညီချက်သည် IMF အလုပ်အမှုဆောင်အဖွဲ့၏ ထောက်ခံချက်ဖြင့် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
အဆိုပါ ငွေချေးသည့်အစီအစဉ်အောက်တွင် ပါကစ္စတန်အနေဖြင့် ဈေးကွက်က ဆုံးဖြတ်ပေးသည့် ငွေလဲလှယ်နှုန်း ရှိရမည်ဖြစ်ပြီး ယင်းနှုန်းအရ ပါကစ္စတန်သုံးငွေ ရူပီးသည် နောက်ထပ် တန်ဖိုးကျမည့်အသွင်ဆောင်သည်။ အတိုးနှုန်းမှာလည်း တရှိန်ထိုး တက်မည်ဖြစ်သည်။
လာမည့်ဘတ်ဂျက်သည် လိုငွေပြမှုကို စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP)၏ ၀ ဒသမ ၆ ရာခိုင်နှုန်းထိ ကျဆင်းသွားစေရန် ရည်ရွယ်ထားကြောင်း၊ ကင်းလွတ်ခွင့်များ ဖယ်ရှားပစ်ခြင်း၊ အခွင့်ထူးများကို ဖြတ်တောက်ခြင်းနှင့် အခွန်စည်းကြပ်မှုတိုးတက်စေခြင်းစသည်တို့ဖြင့် အစီအမံများမှနေ၍ အထောက်အကူပြုမည်ဖြစ်ကြောင်း မစ္စတာရာမီရက်ရီဂိုက ဆက်လက်ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံသည် အခွန်ဝင်ငွေနှင့်ပတ်သက်၍ အကြိမ်ကြိမ် ရုန်းကန်နေရဆဲဖြစ်သည်။ ယခု IMF ချေးငွေမှာ ပြည်သူ့ဘဏ္ဍာ တိုးတက်စေရေး၊ အခွန်မူဝါဒနှင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုတို့ကို ပြုလုပ်ကာ့ကြွေးမြီလျှော့ချရေး၊ ပိုမိုပွင့်လင်းမြင်သာပြီး ညီမျှသော အခွန်စနစ် တိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း မစ္စတာရာမီရက်ရီက ပြောသည်။
နိုင်ငံပိုင် လုပ်ငန်းများနှင့် စွမ်းအင်ကဏ္ဍတို့တွင် စရိတ်ကာမိရန် ပြုလုပ်ခြင်းသည် အစိုးရ၏ ရှားပါးနေသော အရင်းအမြစ်များ လျော့ကျစေသည့် ဘဏ္ဍာရေး လိုငွေပြမှု တစိတ်တပိုင်းကို သက်သာစေမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
ပြီးခဲ့သည့်သြဂုတ်လက အာဏာရလာခဲ့သော အင်မရန်ခန်းသည် တချိန်က IMF နှင့်ပတ်သက်၍ ကျယ်ကျယ်လောင်လောင် ဝေဖန်ခဲ့သော အတိုက်အခံ နိုင်ငံရေးသမားတဦးဖြစ်ခဲ့ပြီး ယမန်နှစ် ရွေးကောက်ပွဲ မဲဆွယ်ကာလကလည်း IMF ထံမှ အကူအညီမယူရေး ၎င်းက ကတိပြုခဲ့ဖူးသည်။ သို့သော် ယခုအခါ ၎င်းကိုယ်တိုင် ကတိချိုးဖောက်ရန် ဖိအားပေးခံလာရပြီး ၎င်း၏ လူမှုဖူလုံရေးအစီအစဉ်ပေးရေး အာမခံချက်များပင် ယခု IMF ၏ အစီအစဉ်များနှင့် ရှေ့နောက်မညီ ဖြစ်လာခဲ့သည်။
အခြားတင်းကြပ်လာသော အရွေ့များကြားတွင် ယခု လာမည့် ချေးငွေကိစ္စမှာ လောင်စာဆီ အရှုံးခံ ထောက်ပံ့ရေး ဖြတ်တောက်ရန် ဦးတည်မည့် အလားအလာရှိနေပြီး ပါကစ္စတန် နိုင်ငံသားများအပေါ် ပိုမို ဝန်ပိလာစေမည် ဖြစ်သည်။ ပါကစ္စတန်အစိုးရအနေဖြင့် ထောက်ပံ့မှုအချို့ ဖြတ်တောက်နှင့်ပြီးဖြစ်သကဲ့သို့ ငွေကြေးနှင့် ဘဏ္ဍာရေးမူဝါဒကို တင်းတင်းကြပ်ကြပ်လာစေခြင်းနှင့် ငွေကြေးတန်ဖိုး လျော့ချခြင်းကဲ့သို့ IMF အစီအမံဖြင့် ဝယ်လိုအား မြှင့်တင်လာနိုင်မည်ဟု မျှော်လင့်ရသည်။ ယင်းကဲ့သို့ အပြောင်းအလဲများသည် ဂျီဒီပီ တိုးတက်လာစေမည်ဟု ယုံကြည်ကြသည်။
မစ္စတာခန်း၏ပြိုင်ဘက်များက IMF ကိစ္စသည် ၎င်းကို ချည်ရန် အခွင့်အရေးဟု ရှုမြင်သုံးသပ်ကြပြီး မစ္စတာခန်း၏ မူလပါတီဖြစ်သော PTI ကို ယခု PTIMF ဟု သရော်လာကြသည်။ လက်ရှိအစိုးရ၏ စီးပွားရေးဆိုင်ရာ ထိပ်တန်းအဖွဲ့ဝင်များသည် အတိတ်က IMF အတွက် လုပ်ကိုင်ခဲ့ခြင်းကို ရည်ညွှန်းကိုးကား၍ ခေါ်ဝေါ်ကြခြင်းဖြစ်သည်။
အဆိုပါ ချေးငွေယူရေးဆွေးနွေးမှု အပြီးသတ်အဆင့်များတွင် မစ္စတာခန်းက ၎င်း၏ အစိုးရ ထိပ်တန်းအဖွဲ့ဝင်အ ားလုံးနီးပါးကို လူလဲအစားထိုးခဲ့ရာ အထင်ရှားဆုံးမှာ အေဇက်အူမာကို လူလဲခဲ့ခြင်းဖြစ်သည်။ အေဇက်အူမာသည် လူကြိုက်များသည့် နိုင်ငံရေးသမားတဦးဖြစ်ပြီး ယခင်လက ဘဏ္ဍာရေးဝန်ကြီးရာထူးမှ အဖယ်ရှားခံခဲ့ရသည်။
IMF နှင့်ဆွေးနွေးရာတွင် ပါဝင်ခဲ့ဖူးသည့် မစ္စတာအူမာက “ပါကစ္စတန်ပြည်သူများ ဘဏ္ဍာရေး လိုအပ်ချက်ဖြင့် နောက်ထပ် အထိမနာစေရန် မိမိ ကြိုတင်ပြင်ဆင်နိုင်ခဲ့ခြင်း မရှိကြောင်း” ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ပြင် နိုင်ငံပိုင်လုပ်ငန်းများအား ပုဂ္ဂလိကပိုင်ပြောင်းလဲရေးနှင့် IMF ငွေကြေးယူမိသည့် တိုင်းပြည်များအပေါ် IMF တောင်းဆိုချက်များကို အူမာက ဆန့်ကျင်ခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီး အခွင့်အာဏာယူထားသည့် အဗ္ဗဒူဟာဖီးရှိတ်သည် ဝန်ကြီးချုပ်၏ဘဏ္ဍာရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်သစ် ဖြစ်လာခဲ့ပြီး ၎င်းသည် IMF နှင့် ကမ္ဘာ့ဘဏ်တို့ နှစ်ခုစလုံးနှင့် လုပ်ကိုင်ဆောင်ရွက်နေရသည်။ မစ္စတာခန်းသည် IMF ဝန်ထမ်းဟောင်း ဒေါက်တာရီဇာဘကွာကို ပါကစ္စတန်ဗဟိုဘဏ်အကြီးအကဲအဖြစ် မကြာသေးမီက ခန့်အပ်တာဝန်ပေးခဲ့သည်။
ကိုးကား ။ ။ The New York Times