စစ်ကိုင်းတိုင်း၊ ရွှေဘိုထောင် ဆူပူမှုဖြစ်စဉ်တွင် Facebook မှ Live ထုတ်လွှင့်ခဲ့သည့် အကျဉ်းသား ၃ ဦးကို ထောင်အတွင်း စည်းကမ်းဖောက်ဖျက်မှု အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ ၄၂ ဖြင့် ထောင် ၆ လ ချခဲ့ကြောင်း အကျဉ်းဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။
ထို့အပြင် အီလက်ထရောနစ်ဥပဒေဖြင့် ထပ်မ ံတရားစွဲဆိုသွားမည်ဟုလည်း ဆိုသည်။ “အဲ့ဒီအကျဉ်းသား ၃ ဦးကို အကျဉ်းထောင်အက်ဥပဒေအပြင် ကျနော်တို့က လူမှုကွန်ယက်မှာ တိုက်ရိုက်လွှင့်တဲ့အတွက် အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃(က) နဲ့ပါ ထပ်မံအရေးယူမှာပါ” ဟု ဦးမင်းထွန်းစိုးက ဧရာဝတီသို့ ပြောသည်။
“နေပြည်တော်က ညွှန်ကြားရေးမှူး ဦးချစ်လွင် ဦးဆောင်တဲ့အဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ စစ်ဆေးရေးအဖွဲ့အနေနဲ့ ထောင်ပိုင်ကြီးကအစ ဝန်ထမ်းတွေ၊ ပါဝင်ပတ်သက်တဲ့ အကျဉ်းသားတွေအထိ စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ထောင်အာဏာပိုင်တွေဘက်ကိုတော့ ဘယ်လိုအရေးယူသင့်၊ မသင့်ဆိုတာ နောက်တပတ်လောက်မှ အဖြေထွက်လာမှာပါ” ဟု သူက ဆိုသည်။
ထို့အပြင် အဆိုပါအကျဉ်းသားများထံသို့ ဖုန်းကို တရားမဝင်သွင်းပေးသည့် ထောင်ဝန်ထမ်းတဦးကိုလည်း အဆိုပါပုဒ်မဖြင့်ပင် ထပ်မံအရေးယူခဲ့ကြောင်း ဦးမင်းထွန်းစိုးက ပြောသော်လည်း မည်ကဲ့သို့ အပြစ်ဒဏ်ပေးလိုက်သည်ကို မပြောခဲ့ပေ။
အီလက်ထရောနစ် ဥပဒေ ၃၃(က) တွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံ၏ စည်းပွားရေး၊ အမျိုးသားယဉ်ကျေးမှုများကို ထိခိုက်မည်ဆိုလျှင်၊ နိုင်ငံ့လျှို့ဝှက်ချက်နှင့် ပက်သက်သည့် သတင်းများကို ရယူခြင်း၊ ပေးပို့ခြင်းများ ပြုလုပ်မည်ဆိုလျှင် အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
မေလ ၇ ရက်နေ့က နိုင်ငံတော်သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် တတိယအကြိမ်အဖြစ် နောက်ဆုံးပေးခဲ့ပြီး နောက်ပိုင်း မေလ ၈ ရက်နေ့တွင်ညတွင် စစ်ကိုင်းတိုင်း ရွှေဘိုထောင်အပါအဝင် မြန်မာတနိုင်ငံလုံးမှ အကျဉ်းထောင် ၇ ထောင်က ဆူပူမှုဖြစ်ပွားခဲ့သည်။ ရွှေဘိုထောင်က ယခုတကြိမ်နှင့်ဆိုလျှင် ၁၅ ရက်အတွင်း ဒုတိယအကြိမ် ထပ်မံဆူပူမှု ဖြစ်ခဲ့ခြင်းဖြစ်သည်။
ရွှေဘိုထောင် ဒုတိယအကြိမ် ဆူပူမှုတွင် အကျဉ်းထောင်အာဏာပိုင်များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် အကျဉ်းသား ၄ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့သည်။ ထိုထောင်တွင် ထောင်ဆူမှုဖြစ်နေစဉ် အကျဉ်းသား တချို့က ထောင်တွင်း အခြေအနေများကို လူမှုကွန်ယက်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့်အတွက် အကျဉ်းထောင်အတွင်း ဖုန်းများ သုံးစွဲနေမှုကို ပြည်သူအများက ဝေဖန်ခဲ့ကြသည်။
မြန်မာနှစ်ဆန်းတရက်နေ့ ဧပြီ ၁၇ ရက်နေ့တွင် တကြိမ်၊ ဧပြီလ ၂၆ ရက်နေ့တွင် တကြိမ်၊ မေလ ၇ ရက်နေ့တွင် တကြိမ် နိုင်ငံတော်သမ္မတက မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၂၃၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။
ယခု လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် လွတ်မြောက်လာသော အကျဉ်းသား ၇၅ ရာခိုင်နှုန်းခန့်သည် မူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းကျနေသည့် အကျဉ်းသားများဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ ပြောကြားထားသည်။
ဆက်စပ်ဖတ်ရှုရန် – လွတ်ငြိမ်းချမ်းသာခွင့် အကြောင်းပြပြီး ထောင်တွေဆူကြသည်
ထောင်ဆူပူမှုများ ပြည်ထဲရေးတွင် တာဝန်ရှိဟု NLD အမတ်တချို့ပြော
ထောင်ဆူမှု သွေးရိုးသားရိုးဖြစ်စဉ်လို့ မမြင်ဘူး