ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအား လုံးဝ မပြောင်းရွှေ့ပေးနိုင် ကြောင်း ပြည်နယ် ဝန်ကြီးချုပ် အယ်ဖောင်းရှိုးက ပြောကြားလိုက်သည်။
မပြေမလည်ဖြစ်နေသည့် ဗိုလ်ချုပ်ရုပ်တု ပြောင်းရွှေ့နိုင်ရေးကိစ္စနှင့် ပတ်သက်၍ ကရင်နီပြည်လူငယ်များအင်အားစု သပိတ် ကော်မတီနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ယနေ့ (မေ ၁၄ ရက်) နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကြေးရုပ်နဲ့ ပတ်သက်တဲ့ ကယားပြည်နယ် အစိုးရရဲ့ သဘောထားကို တင်ပြပါမယ်။ ကယားပြည်နယ် အစိုးရ အနေနဲ့ ဗိုလ် ချုပ် ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်ပေးနေသော်လည်း အဆင်မပြေခဲ့တဲ့ အနေ အထားရှိပါတယ်။ ဒါကြောင့် ကယားပြည်နယ် အစိုးရအနေနဲ့ ဗိုလ်ချုပ်ကြေးရုပ် ကိစ္စနဲ့ ပတ်သက်ပြီး လုံးဝ မပြောင်းရွှေ့ဘူး ဆိုတဲ့ အကြောင်း တင်ပြလိုပါတယ်” ဟု ဝန်ကြီးချုပ် အယ်ဖောင်းရှိုးက ပြောသည်။
တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ယနေ့ တွေ့ဆုံညှိနှိုင်းမှု အစည်းအဝေးကို ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် တိုက်ရိုက် (live) ထုတ်လွှင့် ပြသခဲ့ရာ ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောဆိုခဲ့သည်ကို တွေ့ရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်က “ပြည်နယ်အစိုးရအဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်များကို ထိန်းသိမ်းစောင့်ရှောက် ရန် တာဝန်ရှိတဲ့အတွက်ကြောင့် လက်ရှိ ကယားပြည်နယ် ကန္ဒာဟေဝန်ပန်းခြံမှာ တည်ရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို ထိန်း သိမ်း ကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ချက်ကို အတိအလင်းသိရှိနိုင်ဖို့ လေးလေးစားစား တင်ပြပါတယ်” ဟုလည်း ပြောဆိုခဲ့သည်။
ဝန်ကြီးချုပ်၏ ယင်းကဲ့သို့ ပြောဆိုမှုအပြီးတွင် ကရင်နီပြည် လူငယ်များ အင်အားစု သပိတ်ကော်မတီဘက်မှ ဆက်လက် ဆွေးနွေးစရာ မရှိတော့ကြောင်း ပြောဆိုပြီးနောက် အစည်းအဝေး ပျက်သွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၇ ရက်နေ့က ဗိုလ်ချုပ် ရုပ်တု ရွှေ့ပြောင်းရေးနှင့် ပတ်သက်၍ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေး ဗဟိုဌာန (NRPC)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ကရင်နီပြည် လူငယ်များ အင်အားစု သပိတ်ကော်မတို့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ယင်းဆွေးနွေးပွဲ ရလဒ်အရ ဗိုလ်ချုပ်ရုပ်တု ရွှေ့ပြောင်းနိုင်ရေး ကိစ္စကို ယခု မေလအတွင်း အပြီးပြတ် ဆောင်ရွက်မည်ဖြစ် ကြောင်း၊ ယနေ့ တွေ့ဆုံပွဲတွင် ရွှေ့ပြောင်းရေး ဆက်လက် ညှိနှိုင်းမည်ဟု သဘောတူခဲ့ခြင်း ဖြစ်သည်။
“အစည်းဝေး စစချင်းမှာပဲ ဝန်ကြီးချုပ်က အဖွင့် အမှာစကား ပြောမယ်ဆိုတဲ့ အချိန်မှာ ကြေးရုပ်ကို လုံးဝ မရွှေ့ပေးနိုင်ဘူး ဆိုတဲ့ဟာ အတိအလင်း ကြေညာတယ်။ ဆိုလိုတာက ဆက်ပြီးဆွေးနွေးစရာ အကြောင်းမရှိဘူး။ သူတို့ဘက်က ဒါကို လုံးဝ မရွှေ့ပေးနိုင်ဘူး။ ဆက်လက် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ဟာ ပြောပြီးတော့ ကျနော်တို့ဘက်က ပြန်ပြော လိုက်တယ်။ အဲဒီလိုပဲဆိုရင် ဒါ တွေ့ဆုံညှိနှိုင်းရေး မဟုတ်တော့ဘူး။ ကျနော်တို့ဘက်က အစည်းအဝေးကို ရုပ်သိမ်းလိုက်ပြီး ပြန်သွားတယ်။ အစည်းအဝေး ပျက်သွားတယ်ဆိုတဲ့ သဘော ဖြစ်သွားပါတယ်” ဟု သပိတ်ကော်မတီမှ ခွန်းသောမတ်စ်က ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက ဗိုလ်ချုပ်ကြေးရုပ်နှင့် ပတ်သက်၍ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း ပြည်နယ်အစိုးရအနေဖြင့် ဆွေးနွေးပွဲ သဘောတူညီချက်တိုင်းကို အကြိမ်ကြိမ် ချိုးဖောက်နေသည့် အတွက် ဆက်လက်ဆွေးနွေးစရာ အကြောင်းမရှိ တော့ကြောင်း၊ ပြဿနာ တဖြည်းဖြည်း ကြီးလာသည့်အဆင်သို့ ရောက်သွားပြီဖြစ်ကြောင်း၊ သပိတ်ကော်မတီအနေဖြင့် လှုပ်ရှားမှုများ ဆက်ရှိနေမည်ဖြစ်သော်လည်း အသေးစိတ်ကို သတင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရှင်းပြသည်။
ခွန်းသောမတ်စ်က “တော်တော်ရိုင်းတယ်လို့ပဲ ကျနော်တို့ ကော်မတီတခုလုံးက မှတ်ချက်ပြုတယ်။ အဲဒီလို အပိတ်တွေ ခ ဏခဏ ပြောလေ့ရှိပါတယ်။ သို့သော် ဒီတခေါက်က ညှိနှိုင်း ဖော်ဆောင်ရေး ကော်မတီက လူကြီးတွေရှေ့မှာတင် ကတိ တွေ ချိုးဖောက်တယ်ဆိုတော့ ဒီဝန်ကြီးချုပ်ရဲ့ လုပ်ပုံကိုင်ပုံတွေက တော်တော်လေး ပြည်နယ်သူ/သားတွေကို စော်ကား တယ်။ တော်တော်လေး ကတိမတည်တဲ့ အတွက် ကျနော်တို့ ပြည်နယ်မှာ အဲဒီလို ဝန်ကြီးချုပ်ရှိတာက တော်တော်လေးကို ပြည်နယ်အတွက် နစ်နာတယ်” ဟု ဆိုသည်။
ယနေ့ တွေ့ဆုံညှိနှိုင်းမှု ပျက်သွားပြီ ဖြစ်ရာ မေလ ၇ ရက်နေ့ ဆွေးနွေးပွဲ ရလဒ်အရ ဖွဲ့စည်းခဲ့သည့် လွှတ်တော်ကိုယ်စား လှယ်၊ လက်နက်ကိုင်အဖွဲ့အစည်း၊ ဘာသာရေးခေါင်းဆောင်နှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၈ ဦး ပါဝင် သော ညှိနှိုင်းဖော်ဆောင်ရေး ကော်မတီကိုလည်း ဖျက်သိမ်းပေးရန် အဆိုပါ ကော်မတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက တင်ပြခဲ့သည်။
ကရင်နီပြည် လူငယ်များ အင်အားစု သပိတ်ကော်မတီက ဗိုလ်ချုပ်ကြေးရုပ်ကို ပြည်နယ် ပြင်ပသို့ ရွှေ့ပြောင်းရန်၊ ပြည်နယ် ပြင်ပသို့ ရွှေ့ပြောင်းပေးရန် အဆင်မပြေပါက အများနှင့် မသက်ဆိုင်သည့်နေရာ (NLD ရုံး၊ ပရဟိတရုံး)တွင် ထားရှိရန်ဟု နည်းလမ်း ၂ ရပ်ကို အဆိုပြုထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဗိုလ်ချုပ်ရုပ်တု ဖယ်ရှားရေးနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ဆက်စပ်ဖတ်ရှု့ရန် – လွိုင်ကော်က ဗိုလ်ချုပ်ရုပ်တု ရွှေ့ပြောင်းပေးတော့မလား
ကယား ဗိုလ်ချုပ် ရုပ်တု ရွှေ့ပြောင်းရေး တွေ့ဆုံပွဲ ရလဒ် မထွက်
ကရင်နီလူငယ်များ ဆန္ဒပြမှုရပ်၊ အမှုများ ရုပ်သိမ်းပေးရန် သဘောတူညီမှုရ
ကရင်နီ လူထု ဆန္ဒပြပွဲ ရာဘာကျည်ဖြင့် ပစ်ခတ်ခံရမှု ၄ ဦး ဒဏ်ရာရ