နီပေါတွင် ဦးသန့် ရုပ်တု စိုက်ထူမည်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ရုပ်တုကို လာမည့်သောကြာနေ့၌ နီပေါနိုင်ငံ အလယ်ပိုင်းရှိ လုမ္ဗိနီ ဥယျာဉ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ၊ ဦးသန့်နေအိမ်ပြတိုက်က ထုတ်ပြန် ကြေညာသည်။ အဆိုပါပြတိုက်သည် ရန်ကုန်မြို့တွင် ဦးသန့်နေထိုင်သွားခဲ့သော နေအိမ်ကို ပြတိုက်အဖြစ် အသွင်ပြောင်းလဲ ထားခြင်းဖြစ်သည်။
ကျောက်သားဖြင့် ထုဆစ်ထားသော အဆိုပါရုပ်တုကို လုမ္ဗိနီဖွံ့ဖြိုးရေး ကော်မတီက အစပျိုး အကောင်အထည် ဖော်ခဲ့သည်။
၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အတွင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးသန့်သည် ၁၉၆၇ ခုနှစ်၊ ဧပြီလက ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်သို့ ရောက်ရှိခဲ့သည်။ ယင်း မြင့်မြတ်ရာနေရာကို နိုင်ငံတကာ ဘုရားဖူးများ လာရောက်ရာနေရာ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ခန္တီတရားတို့၏ သရုပ် လက္ခဏာအဖြစ် ဖွံ့ဖြိုးရေးလုပ်ဆောင်ရန် ဦးသန့်က အစောဆုံး အကြံပြုခဲ့သည်။
ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာ နေရာမြတ်သို့ လာရောက်ဖူးမြင်ရခြင်းသည် သူ့ဘဝမှာ အရေးအပါဆုံး နေ့တနေ့ပင် ဖြစ်ပါကြောင်း ထိုစဉ်က ဦးသန့်က ပြောကြားခဲ့ဖူးသည်။
မြန်မာနိုင်ငံ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ပန်းတနော်မြို့ ဇာတိဖြစ်သော ဦးသန့်သည် ကုလသမဂ္ဂတွင် အမြင့်ဆုံးရာထူးကို ဥရောပတိုက်ဖွား မဟုတ်ဘဲနှင့် ပထမဆုံး တာဝန် ထမ်းဆောင်နိုင်ခဲ့သူ ဖြစ်သည်။ ယနေ့ထက်တိုင် ဦးသန့် သက်ရှိထင်ရှား ရှိနေလျှင် သူ့အသက် ၁၁၀ ရှိမည်ဖြစ်သည်။
ကုလသမဂ္ဂတွင် ၁၀ နှစ်နှင့် ၁ လ တာဝန်ထမ်းဆောင်ခဲ့စဉ် အတွင်း ဦးသန့်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာသည်ဟု သူယူဆသော အရှေ့နှင့်အနောက် အုပ်စုနှစ်ခုစလုံး၏ လုပ်ဆောင်ချက်များ၊ သဘောထား ရပ်တည်ချက်များကို ဝေဖန်ထောက်ပြခဲ့သည်။
အမေရိကန်နှင့် ဆိုဗီယက်တို့ နျူးကလီးယားစစ် ဖြစ်လုနီးနီး ကျူးဘား ဒုံးကျည်အကျပ်အတည်းတွင် ဦးသန့်က တားဆီး ဖြေရှင်းပေးခဲ့သည်။ ဦးသန့် အောင်မြင်စွာ ကိုင်တွယ်ခဲ့သော လုပ်ဆောင်များတွင် ကွန်ဂိုနိုင်ငံ၊ ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် အထောက်အကူ ပြုခဲ့ခြင်းလည်း ပါဝင်သည်။
ဦးသန့်သည် အသက် ၆၅ နှစ်အရွယ်၊ ၁၉၇၄ ခုနှစ်တွင် အဆုတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ခဲ့သော သူ့ကြောင့် မြန်မာလူထုတရပ်လုံးမှာ ဂုဏ်သိက္ခာ မြင့်တက်ခဲ့ရသည်။
ဦးသန့်၏မြေးဖြစ်သူ ဦးသန့်မြင့်ဦးက နီပေါသမ္မတ ဘိုင်ဒယာဒေဝီ ဘာဟန်ဒရီနှင့်အတူ သောကြာနေ့တွင် ကျင်းပမည့် ဦးသန့်ရုပ်တု ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်။