ဧရာဝတီတိုင်း ဒေသကြီး မြန်အောင် မြို့နယ် ရေတွင်းကုန်း ကျေးရွာ စိတ္တသုခ ကျောင်းတိုက်၌ ဘုန်းကြီး အချင်းချင်း ဓားခုတ်မှု ဖြစ်ပွားခဲ့သည့် အတွက် သံဃာ တပါး ပျံလွန်တော်မူခဲ့ကြောင်း သတင်း ရရှိသည်။
ဖြစ်စဉ်မှာ မေလ ၁၃ ရက် နံနက်ပိုင်းက စိတ္တသုခကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်သည့် ဦးစိတ္တယ (လူအမည် ဘိုဘို(ခ) ဇော်ဘိုဘိုအောင်) သက်တော် ၃၁ နှစ်၊ ဝါတော် ၁ ဝါ ဖြစ်သူမှာ အရက်သေစာ သောက်သုံးသည့် အတွက် ရဟန်းဝတ်နှင့် အရက် မသောက်သင့်ကြောင်း တကျောင်းတည်း အတူ သီတင်းသုံး နေထိုင်သူ ဦးအဂ္ဂဝံသ (လူအမည် အောင်ဇော်ဝင်း) ဝါတော် ၃ လ၊ သက်တော် ၃၇ နှစ်က ပြောဆို ဆုံးမခဲ့ကြောင်း သိရသည်။
ထိုသို့ ဆိုဆုံးမသည်ကို မကျေနပ်သဖြင့် ဦးစိတ္တယမှာ ဦးအဂ္ဂဝံသကို ဓားမနှင့် ခုတ်ရာ ပါးရိုးနှင့် မေးရိုးပြတ်ရှ ဒဏ်ရာ ပြင်း ထန်စွာ ရရှိပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က သိရသည်။
ဧရာဝတီ ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “ဦးစိတ္တယက အရက်သောက်တာကို ဦးအဂ္ဂဝံသက မသင့်တော်ကြောင်း ဆုံးမတယ်။ အဲဒါကို မကျေနပ်လို့ ဦးစိတ္တယက ဓားမနဲ့ ခုတ်လိုက်တာ ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ အနေနဲ့ တရားခံကို ဖမ်းဆီးထားပြီး ပါပြီ။ ဥပဒေ အတိုင်း ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
အတူနေ ရဟန်းအား ဓားမဖြင့် ခုတ်သတ်မှုနှင့် ဦးစိတ္တယအား ရွှေကျင် နယ်မြေရဲစခန်းမှ ပြစ်မှု အမှတ် ၁၈၁/၂၀၁၉၊ ရာဇ သတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု)နှင့် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။
မြန်အောင် မြို့နယ်တွင် ယခင်က ဘုန်းကြီး အချင်းချင်း ဓားနှင့် ခုတ်သည့်ဖြစ်စဉ် မရှိခဲ့ဘဲ ယခုဖြစ်စဉ်မှာ ပထမဆုံး အကြိမ် ဖြစ်ပွားခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောဆိုသည်။
ဆက်စပ်ဖတ်ရှုရန် –
ဓားခုတ်မှုများလာသည့် မန္တလေးမြို့ လုံခြုံရေးပိုကြပ်မည်ဟု နယ်လုံဝန်ကြီး ပြော
တာချီလိတ်တွင် တရားမဝင်နေထိုင်သူ တရုတ် ၁၈၈ ဦးနှင့် သေနတ် ၃ လက်ဖမ်းမိ