ကျောက်ဆည်မြို့နယ်အတွင်း တရားမဝင်မှောင်ခိုမှုများအား ဖော်ထုတ်နေစဉ် နယ်ပြောင်းရွေ့ခံရပြီး အုပ်စုဖွဲ့ အန္တရာယ်ပြု ခြင်းများ ရှိလာသည့်အတွက် မေလ ၈ ရက်နေ့က ရဲချုပ်ရုံးထံ နှုတ်ထွက်စာတင်လိုက်ပြီဖြစ်ကြောင်း ရဲတပ်သားထွန်းထွန်း ဝင်း နှင့်ချစ်ကိုတို့က ပြောသည်။
ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ချစ်ကို တို့သည် နောက်ထပ်မှောင်ခိုလမ်း ကြောင်းတခုအား ဖမ်းဆီးရန် စီစဉ်နေစဉ် မေလ ၁ ရက်နေ့ညက သံရွာနယ်မြေ ရဲစခန်းအပိုင် အတွင်း လူ ၈ ဦးခန့်ပါသည့်အဖွဲ့မှ ၎င်းတို့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးသည် ယင်းဖြစ်စဉ်မတိုင်မီ ဧပြီ ၅ ရက်နေ့ညက တရားမဝင်သစ်ကား ၄ စီးနှင့် လူ ၁၀ ဦးအား ပြည်သူများနှင့် ပူးပေါင်းကာ ဖမ်းဆီးခဲ့သေးသည်။
ရဲတပ်သားချစ်ကို က “နှစ်ယောက်စလုံးကို ပြောင်းဖို့လုပ်တာလဲ တမင်သက်သက်ကြီးလုပ်တာပါပဲ၊ အဲ့ဒီလမ်းကြောင်းမှာလဲ သစ်ရော၊ သတ္ထုကားတွေရော ဖြတ်တယ်လို့ စုံစမ်းထားတာ ဖမ်းဖို့လုပ်နေတုန်း တိုက်ခိုက်ခံရတာ၊ ခုလိုတိုက်ခိုက်တဲ့ လုပ် ရပ်တွေပါ ပါလာတော့ တော်တော်လွန်လာပါပြီ၊ ရဲထဲလဲ နေချင်စိတ်ကိုမရှိတော့ဘူး၊ စိတ်ကုန်နေပြီ” ဟု ပြောသည်။
တိုက်ခိုက်ခံရမှုကြောင့် တဦးတွင် တင်ပါးဓားဒဏ်ရာတချက် ရရှိခဲ့ပြီး ခြေ/လက်တို့တွင် ပွန်းပဲ့ရာများလည်း ရရှိခဲ့ကြောင်း သိရသည်။
ရဲတပ်သား ထွန်းထွန်းဝင်း က “ချစ်ကိုနေတဲ့ဆီပြန်အပို့ ညဘက်လမ်းမှာဖြစ်တာ၊ ကားကိုလဲ ခဲနဲ့ဝိုင်းထုကြတယ်၊ ကျနော်တို့ လာမှာကို စောင့်ပြီးလုပ်တဲ့သဘောပါပဲ၊ ဘယ်ပြောင်းပြောင်း အချိတ်အဆက်တွေက ရှိနေတယ်လေ၊ ကျနော်တို့ ဆက်ပြီး လုပ်ချင်စိတ်မရှိတော့ဘူး ” ဟု ပြောသည်။
၎င်းတို့ဖမ်းခဲ့သည့် သစ်ကား ၄ စီးနှင့်ကွင်းဆက်အနေဖြင့် ရဲရမန်တောင်တန်းဒေသ အတွင်း ဧပြီ ၃၀ ရက်နေ့အထိ တရားမ ဝင် သစ်မျိုးစုံ ၁၂၅ တန် ကျော်ကို ပိုင်ရှင်မဲ့အဖြစ် ထပ်မံဖမ်းမိခဲ့ပြီး သစ်တောဝန်ထမ်းအချို့ကိုလည်း နယ်ပြောင်းရွေ့လိုက်ကြောင်း ကျောက်ဆည် သစ်တောဦးစီးမှူး ဦးညီညီဖြိုးက ပြောထားသည်။
တရားမဝင်သစ်နှင့်အတူ ဖမ်းမိထားသူ ၁၀ ဦးအား လက်ရှိတွင် စဉ့်ကိုင်ရဲစခန်း၌အမှုဖွင့်ကာ တရားစွဲထားပြီး ဖမ်းမိချိန်တွင် တာဝန်ရှိသူအချို့နှင့် တယ်လီဖုန်းပြောထားသည့် ဗီဒီယိုအထောက်အထားများကိုလည်း တွေ့ရသည်။
ထိုအမှုများအား စုံစမ်းနေစဉ် ရဲတပ်သား ချစ်ကိုအား နောင်ချိုမြို့နယ်အတွင်းရှိ ရဲစခန်းတခုသို့ ပြောင်းရွေ့မိန့်ကျခဲ့ခြင်းဖြစ် ပြီး ဖမ်းဆီးပြီးချိန်တွင် ရဲတပ်သား ထွန်းထွန်းဝင်းအား ညောင်ဦးရဲစခန်းသို့ ပြောင်းရွေ့မိန့် ကျခဲ့ခြင်းဖြစ်သည်။
၎င်းတို့၏ နှုတ်ထွက်စာတွင် အပြောင်းအရွေ့စီနီယာအရသော်လည်းကောင်း၊ အနေကြာ တာဝန်ထမ်းဆောင်ခြင်းကြောင့် လည်း ကောင်း၊ ရဲစည်းကမ်းအရ လည်းကောင်း တစုံတရာအကြောင်းပြချက်မရှိဘဲ ရုတ်တရက်ပြောင်းရွေ့မိန့် ထုတ်ပြန် ခြင်းမှာ ရဲတပ်ဖွဲ့ လုပ်ရိုးလုပ်စဉ်နှင့် များစွာကွဲလွဲလျှက်ရှိကြောင်း ၎င်းတို့ကဆိုထားသည်။
၂၀၁၄ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ စတင်ဝင်ရောက်ခဲ့သည့် ရဲတပ်သားထွန်းထွန်းဝင်းသည် ရခိုင်ပြည်နယ်တွင် ၂ နှစ်ခန့် တာဝန် ထမ်းဆောင်ပြီးနောက် ၂၀၁၇ ခုနှစ်တွင် ကျောက်ဆည်မြို့သို့ ပြောင်းရွေ့လာခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ စ တင်ဝင်ရောက်ခဲ့သည့် ရဲတပ်သားချစ်ကိုသည်လည်း ရခိုင်ပြည်နယ်တွင် ၂ နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ကာ၂၀၁၄ ခုနှစ် တွင် ကျောက်ဆည်ရဲစခန်းသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလအတွင်းကလည်း ၎င်းတို့နှစ်ဦးအပါအဝင် ရဲတပ်သား ၅ ဦးက ကျောက်ဆည်ရဲစခန်း အကြီး ပိုင်းတာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည့် သစ်မှောင်ခိုကားအား ဖမ်ဆီးဖော်ထုတ်ခဲ့သည့်အတွက် ရဲစခန်းမှူးနှစ်ဦး၊ နယ် ထိန်းခေါင်းဆောင်တဦး၊ ဒုတပ်ကြပ်တဦး ထောင်ဒဏ် ချမှတ်ခံရသည့်အပြင် မြို့နယ်မှူးအား ရာထူးလျော့ကာ နယ်ပြောင်း ခဲ့သည်။
ယင်းဖော်ထုတ်မှုကြောင့် ၎င်းတို့ ၅ ဦးအား မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် ဒေသခံများက ဂုဏ်ပြုပွဲကျင်းပခဲ့သည့်အပြင် ဆဲ ဗင်းဒေးသတင်းဌာနကလည်း သူရဲကောင်းဆု ချီးမြှင့်ခဲ့သည်။
ထိုဂုဏ်ပြုပွဲတွင် ၎င်းတို့၏ သဘောဆန္ဒမပါဘဲ နယ်ပြောင်းရွေ့ရခြင်းမရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များက ခရိုင်အ ဆင့်၊ တိုင်းအဆင့်ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် လူသိရှင်ကြား ညှိနှိုင်းပြောကြားခဲ့သော်လည်း တနှစ်အကြာ လက်ရှိတွင် ၎င်းရဲတပ်သား ၅ ဦးလုံး ကျောက်ဆည်စခန်းတွင် တာဝန်ထမ်းဆောင်ရခြင်း မရှိတော့ကြောင်း ကျောက်ဆည်မြို့ခံ ဦးစိုး သီဟက ပြောသည်။
၎င်းတို့ ၅ ဦးထဲမှ ၃ ဦးသည် နယ်ပြောင်းရွေ့ခဲ့ခြင်းဖြစ်ပြီး ၂ ဦးမှာ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအား ချိုးဖောက်သည် ဟုဆိုကာ ပြစ်ဒဏ်ချမှတ်ခံရပြီး ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခံခဲ့ရသည်။
ကျောက်ဆည်မြို့ခံ တဦးဖြစ်သည့် ဦးစိုးသီဟ က “စခန်းမှာ သူတို့ထက်နှစ်ကြာနေတဲ့သူတွေရှိတယ်၊ အခုက သူတို့ခိုင်းတဲ့ အတိုင်းလုပ်ဆိုလုပ်၊ ရဲတပ်ဖွဲ့ရဲ့ မသမာမှုလုပ်တာကို ဖော်ထုတ်တဲ့ အောက်လက်ငယ်သား တယောက်ကို ဒီလိုနှိပ်ကွပ်တယ် ဆိုတာ ပြချင်လို့ဒီလိုလုပ်တယ်လို့ပဲ ယူဆရမယ်၊ သူတို့အကြောင်းကို နိုင်ငံတော်အဆင့်ထိ အားလုံးသိအောင် ပြောခဲ့ကြပေမယ့် ဘယ်သူကမှ အရေးတယူမလုပ်ခဲ့ကြပါဘူး” ဟု ပြောသည်။
ကျောက်ဆည်ဒေသခံများ အနေဖြင့်လည်း တရားဥပဒေ စိုးမိုးရေး၊ ရဲတပ်ဖွဲ့ပြုပြင် ပြောင်းလဲရေးအတွက် ပထမဆုံးခြေလှမ်း အဖြစ် ၎င်းတို့ဖော်ထုတ်ခဲ့မှုအပေါ် ဂုဏ်ပြုခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများအား နှိပ်ကွပ်နေသည့် ဥပဒေများကြောင့် နိုင်ငံ ပြုပြင် ပြောင်းလဲရေးတွင် များစွာအနှောက်အယှက်ဖြစ်စေပြီး မတရားမှုအား ဖော်ထုတ်နေသူများအား အကြောင်းပြချက်မရှိ ပြောင်းရွေ့မှုများသည်လည်း ရဲတပ်ဖွဲ့အတွက် သိက္ခာကျစရာ ဖြစ်နေကြောင်း ၎င်းက ဝေဖန်ခဲ့သည်။
၎င်းရဲတပ်သားများကဲ့သို့ပင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနီး ဘင်္ဂါလီ ၁၀ သတ်ဖြတ်ခံရမှုအား ဖော်ထုတ်ရေးသားခဲ့သည့် Reuters သတင်းထောက်နှစ်ဦးအား ရဲမှူးချုပ်တင်ကိုကိုက ဦးစီးကာ ထောင်ခြောက်ဆင်ဖမ်းဆီး ခဲ့ကြောင်း ဖွင့်ချထွက်ဆိုခဲ့သည့် ဒုရဲမှူး မိုးရန်နိုင်သည်လည်း ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် တနှစ်ချမှတ် ခံခဲ့ရသည်။
ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ချစ်ကိုတို့သည် ၂၀၁၈ ခုနှစ် မေလက ပြည်သူများနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါး ရောင်းချသူ တဦးအား ဖမ်းဆီးခဲ့သည့်အပြင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင်လည်း ဘော်တောင်ဒေသ၌ တရားမဝင် ခိုးယူတူးဖော်ကာ တန်ဖိုးကြီးသတ္ထုရိုင်းအိတ် ၁၂၀၀ တင်ဆောင်လာသည့် ကားနှစ်စီးနှင့်တရားခံများအား ဖမ်းဆီး ဖော်ထုတ်ပေးခဲ့ကြောင်း လည်း ၎င်းတို့၏နှုတ်ထွက်စာတွင် ဖော်ပြထားသည်။
ယင်းနှုတ်ထွက်စာနှင့်ပတ်သက်၍ တာဝန်ရှိသူများထံမှ တစုံတရာပြန်ကြားလာခြင်းမရှိသေးဘဲ ခွင့်ပြုထားသည့် ခွင့်ရက်မှာ ပြည်နေပြီဖြစ်သည့်အတွက် ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူခံရမည့် အခြေအနေလည်း ရင်ဆိုင်နေရကြောင်း သိရ သည်။