မွတ်စလင်တို့၏ ရာမာဒန် ဥပုသ်လအတွင်း ကွာလာလမ်ပူ မြို့တော်တဝိုက် တိုက်ခိုက်သတ်ဖြတ်ရန် စီစဉ်ခဲ့သည်ဟု သံသယရှိသူ ၄ ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း တနင်္လာနေ့တွင် အဆိုပါရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။
ယခုသံသယရှိသူ ၄ ဦးအနက် နှစ်ဦးမှာ ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ဆိုသူ မြန်မာနိုင်ငံမှ ဘင်္ဂါလီများဖြစ်ပြီး ကျန်နှစ်ဦးမှာ မလေးရှား တဦးနှင့် အင်ဒိုနီးရှား တဦးတို့ဖြစ်ကြောင်း ရဲမှူးကြီး အဗ္ဗဒူဟာမစ်ဘာဒေါ်က သတင်းထောက်များကို ရှင်းပြသည်။
အစ္စလာမ္မစ်နိုင်ငံ (IS) အုပ်စုနှင့် မဟာမိတ်ပြုလုပ်ထားသော သေနတ်သမားများက ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် မလေးရှားနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျာကာတာ၌ ဆက်တိုက် တိုက်ခိုက်မှုများ ကြုံခဲ့ရသဖြင့် အရှေ့တောင်အာရှတခွင်တွင် သတိပေးနှိုးဆော်မှုများ အရှိန်မြှင့်ထားသည်။
Wolf pack ဆဲလ်ဟု အမည်ပေးထားသော အဆိုပါ အကြမ်းဖက်သမားများသည် ယမန်နှစ် နိုဝင်ဘာလက ဟိန္ဒူ ဘုရားကျောင်း တကျောင်းတွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအတွင်း ပြင်းထန်စွာ ရိုက်နှက်ခံရ၍ သေဆုံးခဲ့သော မွတ်စလင် မီးသတ်သမားတဦးအတွက် လက်စားချေရန် ရာမာဒန် ဥပုသ်လ ပထမပတ်၌ တိုက်ခိုက်မှု အမြောက်အမြား ကျူးလွန်နိုင်ရေး စီစဉ်နေခဲ့ကြကြောင်း ရဲမှူးကြီးက ဆက်လက်ရှင်းပြခဲ့သည်။
အဆိုပါမီးသတ်သမား သေဆုံးမှုကြောင့် မလေးရှားနိုင်ငံတွင် လူများစုဖြစ်သည့် မွတ်စလင်များ မကျေမနပ် ဖြစ်ခဲ့ကြပြီး လူမျိုးရေးခွဲခြားမှု မှတ်ချက်များဖြင့် ဟိန္ဒူခေါင်းဆောင်များ လက်ချက်ဟု စွပ်စွဲခဲ့ကြသည်။
“ဒီအုပ်စုဟာ မွတ်စလင် ထုံးတန်းစဉ်လာကို အကြီးအကျယ် ထိပါးနှောင့်ယှက်ပြီး လုပ်ကြံမယ့် စစ်ဆင်ရေးတခု စိုင်းပြင်းနေတာ ဖြစ်ပါတယ်” ဟု အဗ္ဗဒူဟာမစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ပစ်မှတ်ထား သတ်ဖြတ်မည့် အစီအစဉ်များကို အတိအကျ ထုတ်ဖော်ပြောကြားရန် ၎င်းက ငြင်းဆန်ခဲ့သည်။
ရာမာဒန်ကာလ နေ့ခင်းပိုင်း အချိန်များတွင် ကမ္ဘာတလွှားရှိ မွတ်ဆလင်များ ဥပုသ်စောင့်ကြလေ့ ရှိသည်။
အသက် ၂၀ အရွယ် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ စားပွဲထိုးတဦးသည် ARSA လက်နက်ကိုင်အဖွဲ့ကို ထောက်ခံသူတဦး ဖြစ်ကြောင်း၊ ARSA အဖွဲ့သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် သတ်ဖြတ် တိုက်ခိုက်မှု အများအပြား ကျူးလွန်ခဲ့သည်ဟု အဆိုရှိကြောင်း ရဲမှူးကြီး အဗ္ဗဒူဟာမစ်က ဆက်လက် ပြောကြားသည်။
၎င်းထံတွင် UNHCR ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီမှ ထုတ်ပေးထားသည့် သက်သေခံ ကတ်ပြားတခုကို တွေ့ရကြောင်းလည်း ရဲမှူးကြီးက ပြောသည်။
၎င်းတို့ကို ဖမ်းဆီးရမိစဉ် သေနတ်တလက်နှင့် လက်လုပ် ဖောက်ခွဲရေးပစ္စည်း ၆ မျိုးကိုလည်း ရဲက သိမ်းဆည်း ရမိခဲ့သည်။
ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများသည် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည်မှာ နှစ်ချီနေပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ရွှေ့ပြောင်းလာသူများဟု သတ်မှတ်၍ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရသည်။ ၎င်းတို့သည် ရံဖန်ရံခါ အရှေ့တောင်အာရှ နိုင်ငံများရှိ ကမ်းခြေများသို့ လှေစီးပြေး၍ ခိုလှုံခွင့် တောင်းလေ့ရှိသည်။
မလေးရှားနိုင်ငံတွင် ကုလသမဂ္ဂက မှတ်ပုံတင်ပေးထားသည့် ဘင်္ဂါလီ ၉ သောင်းကျော် ရှိနေသော်လည်း NGO များက မလေးရှား၌ ဘင်္ဂါလီ ၁ သိန်းရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။
ကိုးကား ။ ။ Reuters
ဆက်စပ်ဖတ်ရှုရန်
ISIS က မြန်မာကို ပစ်မှတ်ထားလာဟု မလေးရှား ရဲချုပ် ပြော
သီရိလင်္ကာ အသေခံဗုံးခွဲသူများသည် ပညာတတ် လူလတ်တန်းစားများဖြစ်