မန္တလေး တံတားဦး လေဆိပ်၌ ဖြစ်ပွားခဲ့သည့် လေယာဉ် မတော်တဆမှုကြောင့် ခရီးသွားများနှင့် မိသားစုများ စိတ် အနှောင့်အယှက် ဖြစ်ကာ စိုးရိမ် ထိတ်လန့်ခဲ့ရသည့် အတွက် အနူးအညွတ် မေတ္တာရပ်ခံ တောင်းပန်ကြောင်း မြန်မာ အမျိုးသား လေကြောင်းလိုင်း(MNA) က မေ လ ၁၄ ရက် ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။
လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင် မောင်းနှင်ကာ ခရီးသည် ၈၂ ဦး တင်ဆောင်လာသည့် ရန်ကုန်-မန္တလေး ခရီးစဉ် အမှတ် UB-103 လေယာဉ်သည် အဆင်း၌ လေယာဉ်ရှေ့ဘီးချမရဘဲ ကိုယ်ထည်နှင့် လျောတိုက် ဆင်းခဲ့ရာတွင် လေယာဉ် အ နည်းငယ် ပျက်စီးမှု ရှိခဲ့သော်လည်း လေယာဉ် အမှုထမ်းများနှင့် ခရီးသည်များ ထိခိုက် ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရ သည်။
လေယာဉ် အရေးပေါ် ဆင်သက်ရသည့် အခြေအနေတွင် ပူးပေါင်း ပါဝင်ခဲ့ကြသည့် ခရီးသည်များကိုလည်း ကျေးဇူးတင်ရှိ ကြောင်းလည်း MNA က ကြေညာထားသည်။
ယခု ဖြစ်စဉ်တွင် ခရီးသည်များ ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိသော်လည်း ခရီးသွားသူများက ပြည်တွင်း လေကြောင်းလိုင်း များမှ လေယာဉ်များ၏ စက်ပိုင်းဆိုင်ရာနှင့် ကြံ့ခိုင်မှု အပေါ် စိုးရိမ်ပူပန်မှုများ ရှိလာကြသည်။
အလုပ်ကိစ္စ အတွက် လေကြောင်းဖြင့် မကြာခဏ ခရီးထွက်နေရသူ မဂရေ့စ်က “လေကြောင်းလိုင်း အချင်းချင်းက ဈေး ကွက် ယှဉ်ပြိုင်ချင်ကြတာနဲ့ လေယာဉ် အစီးရေတွေ၊ ခရီးစဉ်တွေ တိုးလာကြတယ်။ ဒါပေမယ့် တကယ် အရေးကြီးတဲ့ ခရီး သည်တွေ အသက် အန္တရာယ် လုံခြုံစိတ်ချရမှု အတွက် သေချာ ပြင်ဆင်သင့်တယ်။ ပြဿနာ တခုခု ဖြစ်လာရင် ခပ်ပေ့ါ ပေါ့မနေဘဲ ရေဆုံးမြေဆုံး စစ်ဆေး အဖြေရှာသင့်တယ်” ဟု ဧရာဝတီကို ပြောသည်။
မတော်တဆ ဖြစ်ခဲ့သည့် လေယာဉ်သည် ဘရာဇီး နိုင်ငံထုတ် Embraer ERJ-190LR အမျိုးအစား ဖြစ်ပြီး နည်းပညာ ဆိုင် ရာ ချို့ယွင်းမှုနှင့် ပြစ်ချက် အဖြေရှာရန် အတွက် လေယာဉ် ဝယ်ယူခဲ့သည့် ကုမ္ပဏီထံ ပြန်လည် ပေးပို့စစ်ဆေးသွား မည် ဟုလည်း MNA မှ လေယာဉ်မှူးကြီး ဦးသန်းထွန်းက ဆိုသည်။
MNA လေယာဉ်မှူးကြီး ဦးသန်းထွေး က “ဘာကြောင့် အခုလို ဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းအရင်း အတိအကျ သိရဖို့ လေယာဉ် ဝယ်ခဲ့တဲ့ ကုမ္ပဏီကို အကြောင်းကြားပြီး သူတို့ဆီ ပို့စစ်ဆေးဖို့ ရှိတယ်” ဟု ပြောသည်။
ယင်းသို့ ရှေ့ဘီးချမရသည့် အတွက် အရေးပေါ် ဆင်းသက်ခဲ့ရပြီး လေယာဉ်အား ပုံမှန် စစ်ဆေးမှုများ ပျက်ကွက်ခဲ့ခြင်း မရှိ ကြောင်းနှင့် လေကြောင်းလိုင်း အင်ဂျင်နီယာ အဖွဲ့က ပုံမှန် စစ်ဆေးခြင်းများ လုပ်ဆောင်သကဲ့သို့ Calendar အရ စစ် ဆေးခြင်း၊ Condition အရ စစ်ဆေးခြင်းများကို လုပ်ဆောင်လျက် ရှိကြောင်း ၎င်းက ဆိုသည်။
လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးရဲထွဋ်အောင်ကလည်း ပြည်တွင်း လေကြောင်းလိုင်းများရှိ လေယာဉ်များ၏ ကြံ့ခိုင်မှုနှင့် စက်ပိုင်းဆိုင်ရာ တို့အား ပုံမှန် စစ်ဆေးရန် ညွှန်ကြား ထားပြီး ဖြစ်၍ အဆိုပါ ကိစ္စအား ထပ်မံ သတိပေးရန် မလိုဟု ဧရာဝတီကို ပြောသည်။
“လေကြောင်းလိုင်းတွေမှာ မပျံသန်းခင်နဲ့ ပျံသန်းပြီး တနေ့ ၂ ကြိမ် ပုံမှန်စစ်ရတယ်။ ဒါ့အပြင် လိုအပ်လို့ ထပ်စစ်ဆေးတာ တွေ ရှိတယ်။ အဲဒီလို စစ်ဆေးတဲ့ မှတ်တမ်းတွေကို ဌာနကို လစဉ် သို့မဟုတ် ၃ လ တကြိမ် တင်ရတယ်။ အဲဒါကို ထပ်ပြီး Oversight (ကြီးကြပ်) လုပ်ပေးတယ်။ အဲဒါကြောင့် ထပ်ကြပ်မတ်ဖို့ ဆိုတာထက် လုပ်ရိုးလုပ်စဉ် အတိုင်း ပုံမှန် လုပ်နေ တယ်လို့ ပြောရပါမယ်” ဟု ၎င်းက ဆိုသည်။
MNA လေယာဉ် ဖြစ်စဉ်မှာ နည်းပညာ ဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပြီး Myanmar Aircraft Accident Investigation Bureau က စစ်ဆေးနေလျက် ရှိကာ ဖြစ်စဉ် အကြောင်းအရင်း အတိအကျကို စစ်ဆေးပြီးမှသာ သတင်း ထုတ်ပြန်နိုင်မည်ဟု ဦးရဲထွဋ်အောင်က ပြောဆိုသည်။
လက်ရှိ၌ ပြည်တွင်း လေကြောင်းလိုင်း ၁၂ ခုခန့် ရှိပြီး MNA လေကြောင်းလိုင်းသည်၂၀၁၅ ခုနှစ်မှ စတင်ကာ နိုင်ငံပိုင် မြန်မာ့ လေကြောင်း၏ ပစ္စည်းများနှင့် လုပ်ငန်းတာဝန်များအား လွှဲပြောင်း ဆက်ခံခွင့် ရရှိခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – မြန်မာလေကြောင်းလိုင်းများကို အနီးကပ် ကြည့်ရှုခြင်း အပိုင်း – ၁
မြန်မာလေကြောင်းလိုင်းများကို အနီးကပ် ကြည့်ရှုခြင်း အပိုင်း – ၂