အမေရိကန်၏ မကြာသေးမီက ပြဋ္ဌာန်းသော အခွန်စည်းကြပ်မှု အသစ်အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန် သွင်းကုန် ဒေါ်လာ ၆၀ ဘီလီယံ တန်ဖိုးပစ်မှတ်ထား၍ ဇွန်လ ၁ ရက်တွင် စတင်တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း တရုတ်ဘဏ္ဍာရေး ဝန်ကြီးဌာနက မနေ့က ကြေညာခဲ့သည်။
အဆိုပါ တိုးမြှင့် ကောက်ခံမည့် နှုန်းမှာ အမေရိကန်မှ တရုတ်သို့ တင်ပို့ကုန်အမျိုးအမယ် ၅၀၀၀ ကျော်တို့အတွက် ၂၅ ရာခိုင်နှုန်းသက်ရောက်မှုရှိမည်ဟု ဆိုသည်။
ထရမ့် အစိုးရကို တရုတ်ကုန်စည်များ အပေါ် ဒေါ်လာဘီလီယံနှင့်ချီ၍ အခွန်စည်းကြပ်နေခြင်းအပေါ် တရုတ်ဘက်မှ နောက်ဆုံး တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ယခင်သီတင်းပတ်က အိမ်ဖြူတော်သည် တရုတ်ကုန်စည်များအပေါ် ၁၀ ရာခိုင် နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ထပ်မံအခွန်စည်းကြပ်ခဲ့သည်။
အစောပိုင်းက တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားရာတွင် အိမ်ဖြူတော် အနေဖြင့် တရုတ်ကုန်စည် အားလုံးကို ထပ်မံ အခွန်စည်းကြပ်၍ ပြည်ပ ဖိအားပေး ခြိမ်းခြောက်လာမှုအပေါ် မိမိတို့နိုင်ငံ ဘယ်သောအခါမှ အညံ့ခံသွားမည် မဟုတ်ကြောင်း ဆိုသည်။
“တရုတ်က ပြည်ပ ဖိအားပေးမှု အပေါ်မှာ ဘယ်တော့မှ အညံ့ခံမှာမဟုတ်ပါဘူး။ ကျနော်တို့ ဥပဒေနဲ့ တရားသဖြင့် အခွင့်အရေး ကာကွယ်နိုင်စွမ်း ယုံကြည်စိတ်ချမှုရှိပါတယ်” တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဂမ်ရှောင်က တနင်္လာနေ့တွင် ထုတ်ပြန်သော နေ့စဉ်သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ကမ္ဘာ့ စီးပွားရေး အင်အားကြီး နှစ်နိုင်ငံကြားတွင် ပြီးခဲ့သည့် နှစ် နှစ်ကာလမှစ၍ ကုန်သွယ်ရေးအငြင်းပွားမှု အတိအလင်း ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
တရုတ်နှင့် အမေရိကန်ကြား ကုန်သွယ်ရေး လိုငွေပြမှု ကျဉ်းမြောင်းစေရေး အတွက် ထရမ့်က တရုတ်ကုန်စည်များအပေါ် အခွန်းစည်းကြပ်မှု မြှင့်တင်ခဲ့သည်။ ဝါရှင်တန်၏အကျိုးစီးပွားကာကွယ်ရေးဝါဒဖြင့် အစီအမံများကို ဘေဂျင်းက ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ပြီးဖြစ်သည်။
တရုတ်ဘက်မှ တုံ့ပြန်လိုက်သည့်သတင်းကြောင့် တနင်္လာနေ့က ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်မှာ ထိုးကျသွားခဲ့သည်။
ဘေဂျင်းသည် အမေရိကန်၏လေယာဉ်ကုမ္ပဏီဖြစ်သော ဘိုးအင်းတခုတည်းကို ကွက်၍ ခြိမ်းခြောက်မှုရှိခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ အမေရိကန်လေယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီ၏ ရှယ်ယာများမှာ ၃ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
“တရုတ် အနေနဲ့ အမေရိကန် စိုက်ပျိုးကုန်တွေနဲ့ စွမ်းအင် ဝယ်ယူခြင်းကို ရပ်တန့်ကောင်း ရပ်တန့်နိုင်ပြီးတော့ ဘိုးအင်းကို အော်ဒါမှာတာတွေ လျှော့ပါမယ်။ တရုတ်နဲ့ ထိတွေ့နေတဲ့ အမေရိကန်ဝန်ဆောင်မှုကုန်သွယ်ရေးကိုလည်း ကန့်သတ်ပါ မယ်။ တရုတ်ပညာရှင် အများအပြားက အမေရိကန်ဘဏ္ဍာရေး စုပုံလာ နေနိုင်ခြေကို ဆွေးနွေးနေကြပြီးတော့ ထိထိ ရောက်ရောက် ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ အခုတိုင်ပင်နေကြပြီဖြစ်ပါတယ်” ဟု တွီတာလူမှုကွန်ရက်ပေါ်တွင် တရုတ်အစိုးရပိုင် ဂလိုဘယ်တိုင်းမ်သတင်းစာ၏ အယ်ဒီတာချုပ် ဟူဇီဂျင်းက ရေးသားထားသည်။