ရန်ကုန်၌ ယနေ့ မေလ ၁၄ ရက်နေ့ မနက်ပိုင်းက ရပ်တန့်ခဲ့သည့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်များ ပြန်လည် မောင်းနှင်နိုင်ပြီ ဖြစ်သဖြင့် ပုံမှန် အလှည့်ကျ မီးပေးနေသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ် ဓာတ်အားပေး ကော်ပိုရေးရှင်း (YESC)၊ ဓာတ်အား ဖြန့်ဖြူးရေး ဌာနက သိရသည်။
YESC ၊ ဓာတ်အား ဖြန့်ဖြူးရေး ဌာန အထွေထွေ မန်နေဂျာ ဦးတင်အောင် က “မောင်းနေပြီ၊ မကြာတော့ဘူး။ ပြန်လာတော့ မယ်၊ ပုံမှန်အတိုင်း ဖြစ်တော့မယ်။ ပုံမှန် ဆိုတာ မိုးတွေ ရေတွေ ဝင်လာတာ မဟုတ်သေးတဲ့ အတွက်ကြောင့် ပုံမှန် shut down လုပ်တဲ့ အတိုင်းပဲ ပေးနေဦးမယ်။ ၂၄ နာရီ အပြည့်ပေးမယ်လို့ ပြောချင်တာ မဟုတ်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တိုင်း အတွင်း ဓာတ်အားပေးလျက် ရှိသော ရတနာ ကမ်းလွန် ဓာတ်ငွေ့ဖြင့် အသုံးပြု မောင်းနှင်နေသည့် ဂတ်စ် တာဘိုင်စက် (GT) များသည် offshore တွင် Compressor ၂ လုံး အရေးပေါ် Shut Down ဖြစ်ပေါ်ခဲ့သည့် အတွက် မေ ၁၄ ရက် မနက်ပိုင်းမှ စတင်ကာ အလှည့်ကျ ဝန်အားလျော့ခြင်းများ အပြင် အရေးပေါ် လျှပ်စစ်မီး ဖြတ်တောက်မည် ဖြစ် ကြောင်း ရန်ကုန်တိုင်း လျှပ်စစ် ဓာတ်အားပေး ကော်ပိုရေးရှင်း (YESC)က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။
မေ ၁၄ ရက် ညနေပိုင်းတွင်မူ အဆိုပါ စက်များကို ပြုပြင် ပြီးစီးပြီ ဖြစ်၍ ပြန်လည် ဓာတ်အား ထုတ်လုပ်လျက် ရှိကြောင်း နှင့် သတ်မှတ် Gas Pressure ရရှိသည့် အချိန်တွင် စက်များ (အားလုံး) မောင်းနှင်၍ ဓာတ်အား ထုတ်လုပ်မည် ဖြစ်ကာ ပုံမှန် အတိုင်း ဓာတ်အား ပြန်လည် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း YESC က ထုတ်ပြန်ထားသည်။
ဦးတင်အောင် က “အခု စကောင်းနေပြီ။ pressure ထပ် တက်လာတာနဲ့ ၁ လုံး ရရင် ၁ လုံး မောင်းမယ် ။၂ လုံးရရင် ၂ လုံးမောင်းမယ်။ နဂိုရပ်ထားတာတွေကို pressure ပေါ် မူတည်ပြီးတော့ မောင်းနေပြီ” ဟု ဆိုသည်။
လျှပ်စစ် ဝန်အား လုံလောက်မှု မရှိသည့် အတွက် ရန်ကုန်တိုင်းရှိ မြို့နယ် အသီးသီး၌ အပိုင်း လေးပိုင်း (A,B,C,D) ခွဲကာ ၁ ကြိမ် ဖြတ်လျှင်၂ နာရီနှုန်းဖြင့် အများဆုံး ၃ ကြိမ် အလှည့်ကျ ဖြတ်တောက်နေခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
မီးပြတ်မှုကြောင့် ရေအားလျော့နည်းခြင်းနှင့် ရေပြတ်ခြင်းများဖြစ်ပေါ်နေ
ရန်ကုန်တွင် ၁ ရက် ၆ နာရီ အလှည့်ကျ မီးဖြတ်လျက်ရှိ
တိုးလာနေတဲ့ လျှပ်စစ်ပမာဏ ပြည့်မီဖို့ မလွယ်ဟု ဝန်ကြီးဌာန ဆို