ဝန်ထမ်း နောင်ရေး ဗဟို ရန်ပုံငွေ အစီအစဉ် (Central Provident Fund-CPF) ကို လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းများ နှင့် စတင်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနက သိရသည်။
အဆိုပါ အစီအစဉ်မှာ အစိုးရ ဝန်ထမ်းများ တာဝန် ထမ်းဆောင်ချိန်မှ ပင်စင်ယူရမည့် လုပ်သက် အထိ လစဉ် ဝန်ထမ်း၏ လစာမှ ၅ ရာခိုင်နှုန်း နုတ်ထားခြင်း၊ အစိုးရ ၅ ရာခိုင်နှုန်း ထည့်ဝင်ပေးမည် ဖြစ်ပြီး ဝန်ထမ်း ပင်စင်ယူချိန်၌ ထိုငွေများကို အလုံးအရင်းဖြင့် ပြန်လည် ထုတ်ပေးမည် ဖြစ်သည်။
လုပ်သက် ၁၀ နှစ် အထက် ဝန်ထမ်းများကိုမူ လက်ရှိ ပေးနေသော ပင်စင် အစီအစဉ် ဖြစ်သာ ဆက်လက် လုပ်ဆောင်မ ည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အစိုးရနှင့် ဝန်ထမ်းများ၏ စုဆောင်းထားသော ရန်ပုံငွေများကို အစိုးရ၏ ငွေတိုက် စာချုပ်များကို ဝယ်ယူထား ခြင်းနှင့် အကျိုးအမြတ် ရရှိရန် သေချာသော နိုင်ငံတော် အစိုးရ၏ အကောင်အထည် ဖော်မည့် အရေးကြီးသည့် စီမံကိန်း များတွင် ရင်းနှီးမြှုပ်နှံပြီး ရန်ပုံငွေများကို တိုးပွားအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပင်စင် ဦးစီးဌာန၏ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ ဝါဝါမောင်က ပြောသည်။
၎င်းက “ဥပမာ ဝန်ထမ်းက တလ ၅ ထောင် ဆိုရင် အစိုးရကလည်း ၅ ထောင် ထည့်ပေးတဲ့ အတွက် ဝန်ထမ်း တယောက် တလမှာ ၁ သောင်း စုထားသလိုပေါ့။ ဒီအစီအစဉ်က နိုင်ငံတော်ကလည်း ပင်စင် အတွက် အသုံးစရိတ်ကို အလုံးအရင်းနဲ့ ပေးနေရတဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင် သလို အကောင်အထည် ဖော်မယ့် စီမံကိန်းတွေ အတွက်လည်း နိုင်ငံခြားကနေ အတိုးပေးပြီး ချေးစရာ မလိုတော့ဘဲ ဝန်ထမ်းတွေ အတွက်လည်း အကျိုးအမြတ် ရှိမယ်” ဟု ရှင်းပြသည်။
ထို့ကြောင့် ဝန်ထမ်းများ ထည့်ဝင်ထားသော ရန်ပုံငွေများသည် ပုံမှန် စုဆောင်းထားသည့် ငွေပမာဏ အပြင် ရင်းနှီးမြှုပ်နှံ မှုများကြောင့် ပြန်လည် ရရှိမည့် အကျိုးအမြတ်များကိုလည်း ရရှိမည် ဖြစ်ပြီး ယင်းအပြင် လက်ရှိအလုပ်လုပ် နေချိန်တွင် အလုပ်ထွက်ပါက ရရှိမည့် ရန်ပုံငွေ ပမာဏကိုလည်း အမြဲ သိရှိနိုင်မည့် အစီအစဉ် တခုလည်း ပါရှိမည် ဖြစ်သည်။
လက်ရှိ အချိန်တွင် လုပ်သက် ၁၀ နှစ်အောက် အစိုးရ ဝန်ထမ်း ဦးရေမှာ ၄ သိန်းကျော် ရှိခြင်းကြောင့် ၎င်းတို့နှင့် အစိုးရက ၁ လလျှင် ထည့်ဝင်မည့် ရန်ပုံငွေ ပမာဏသည် ကျပ် ၈ ဘီလီယံ မှ ၁၀ ဘီလီယံ ကျော် အထိ ရှိနိုင်မည် ဖြစ်ကြောင်း သိရ သည်။
ယင်းအစီအစဉ် အတွက် ဝန်ထမ်းနောင်ရေး ဗဟို ရန်ပုံငွေ ဥပဒေကြမ်းကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုဝန်ကြီး ဦးဆောင်သော ဝန်ထမ်း နောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည် ဖော်ရေး ကော်မတီက ရေးဆွဲလျက် ရှိပြီး NLD အစိုးရ သက်တမ်း အတွင်း အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်လျက် ရှိသည်။
ဒေါက်တာ ဝါဝါမောင်က “ဒီစနစ်ကို သူများ နိုင်ငံတွေမှာက စနေတာ နှစ်ပေါင်း တော်တော် ကြာနေပြီ။ ကျမတို့ဆီမှာက အခုမှ စမှာ ဖြစ်တဲ့အတွက် စိန်ခေါ်မှု အများကြီးတော့ ရှိတယ်။ ဝန်ထမ်းတွေကို စစ်တမ်း ကောက်ကြည့်တာတော့ ဒီအစီ အစဉ်ကို လက်ခံ သဘောကျကြတယ်။ သူတို့က ၅ ရာခိုင်နှုန်းထက် ပိုထည့်ချင်ကြတာ။ ဒါပေမဲ့ နိုင်ငံတော် ဘက်ကျတော့ ထည့်ရမယ့် ပမာဏ များရင်လည်း အဆင်မပြေဘူးလေ” ဟု ပြောသည်။
ယင်း ရန်ပုံငွေ အစီအစဉ်သည် ပင်စင် လုပ်သက် မပြည့်ခင် ကြားကာလ အတွင်း၌ ဝန်ထမ်းများကို ချေးငွေ ထုတ်ချေးပေး ခြင်း၊ အိမ်ရာဝယ်ယူမှုများ အတွက် ကနဦး ပေးသွင်းငွေများ ပေးသွင်းနိုင်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အတွက် အသုံးပြုနိုင်မည့် အစီအစဉ်များလည်း ပါဝင်ကြောင်း ဝန်ထမ်း နောင်ရေး ဗဟို ရန်ပုံငွေ အကောင်အထည် ဖော်ရေး ကော်မ တီမှ သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းနိုင် က “အခု ပေးနေတဲ့ ပင်စင်ရဲ့ သဘောတရား အရ အစိုးရ ဝန်ထမ်းက ပင်စင် လုပ်သက် မပြည့်ဘဲ အလုပ်ထွက်ရင် ပင်စင်ခ တပြားမှ မရဘူး။ CPF ရန်ပုံငွေရဲ့ အားသာ ချက်က ဝန်ထမ်းရဲ့ စုဆောင်းငွေ ဖြစ်တဲ့အတွက် ပင်စင်လုပ်သက် မပြည့်ဘဲ ထွက်ရင်လည်း ရပိုင်ခွင့် ရှိတာပေါ့” ဟု ဆို သည်။
ပြည်တွင်း အခွန်များ ဦးစီးဌာနတွင် အလုပ် လုပ်ကိုင်နေသော ဝန်ထမ်း တဦးက “အခု ချိန်မှာက ဒီအစီအစဉ်နဲ့ ပတ်သက် ပြီးတော့ ဘာမှ သေသေချာချာ မထွက်လာသေးတော့ ပြောဖို့ နည်းနည်း ခက်တာပေါ့။ အချက်အလက် ပြည့်ပြည့် စုံစုံ သိလာရရင်တော့ ကောင်းတယ် ဆိုးတယ်က ပြောလို့ ရတယ်။ အခုကတော့ ပင်စင်ကို အစိုးရ ဘတ်ဂျက်ထဲကပဲ ပေးနေ တာလေ ဒီအစီအစဉ်က ဝန်ထမ်းက ထည့်ဝင်ရမှာ ဖြစ်တဲ့ လစာ မတူညီမှုတွေကလည်း ရှိနေသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အချိန်တွင် ပင်စင်စား ဝန်ထမ်ဦးရေမှာ ၁ သန်းကျော် အထိ ရှိပြီး နိုင်ငံတော်၏ အခွန် ကောက်ခံရရှိမှု၏ ၆ ပုံ ၁ ပုံကို ပင်စင်ပေးနေရကာ ယခု ဘဏ္ဍာနှစ်တွင် ပင်စင်လစာ တိုးမြှင့်ပေးမှုများကြောင့် ငွေကျပ် ၁၀၀၀ ဘီလီယံ ဝန်းကျင် ရှိနေသည်။
အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင် လစာများသည် တနှစ်ထက် တနှစ် မြင့်တက်လာ သဖြင့် နိုင်ငံတော် အနေဖြင့် အခြား ကဏ္ဍများ၌ ဘတ်ဂျက် အသုံးပြုရာတွင် အခက်အခဲများ ရှိနေခြင်းကြောင့် နိုင်ငံတကာတွင် ကျင့်သုံးနေသော ယင်း ရန်ပုံ ငွေ အစီအစဉ်ကို အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် – ၂၀၁၉ မှစ၍ အငြိမ်းစား ပင်စင်လစာများ တိုးမြှင့်ခံစားခွင့်ပြုပြီ
Wave Money စနစ်ဖြင့် ပင်စင်လစာ ထုတ်နိုင်ပြီ