မူဆယ်- မန္တလေး ပြေးဆွဲမည့် ရထားလမ်း စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ ၈. ၉ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း မြန်မာ့ မီးရထားလုပ်ငန်းမှ သိရသည်။
မြန်မာ့ မီးရထား လုပ်ငန်းမှ အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့် က “မန္တလေး – မူဆယ် ရထားလမ်းသည် မြန်မာ နိုင်ငံမှာပထမဆုံး အိမ်နီး နားချင်း နိုင်ငံနဲ့ ပထမဆုံး ချိတ်ဆက်မယ့် ရထားလမ်း ပိုင်းဖြစ်တယ်” ဟု အစိုးရ၏ ၃ နှစ်တာ ကလအတွင်း ဆောင်ရွက်ချက်များ အကြောင်း ရှင်းလင်းပွဲတွင် ပြောသည်။
ရထားလမ်းဖောက်လုပ်ရန်အတွက် မြေပြင်တိုင်းတာမှု လုပ်ငန်းများအတွက် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီး ရ ထားနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group တို့ နားလည်မှု စာချွန်လွှာကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်ဟု မြန်မာ့ မီးရထား လုပ်ငန်းမှ သိရသည်။
ထိုသို့ ရထားလမ်းဖောက်လုပ်ရန် အတွက် လမ်းကို ရွေးချယ်ရန်အတွက် ပြည်တွင်း ၊ ပြည်ပ ပညာရှင်များနှင့် စီစစ်နေဆဲ ဖြစ်ကြောင်း ၊ တနာရီကို ၁၆၀ ကီလိုမီတာမှ ၂၀၀ ကီလိုမီတာ အထိ ပြေးဆွဲနိုင်သည့် ရထားလမ်း ဖြစ်ရန် ဆောင်ရွက်နေကြောင်း၊ အဆိုပါ မြန်နှုန်းဖြင့် တွက်ချက် ပါက အချိန် ၃ နာရီသာ ကြာမြင့်ပြီ ဖြစ်ပြီး လတ်တလောတွင် တလမ်းသွား စနစ်ကိုသာ ရွေးချယ်ထားကြောင်း မြန်မာ့ မီးရ ထား လုပ်ငန်း မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က လည်း ပြောသည်။
ဦးဘမြင့်က “လမ်းအူကြောင်းက ရွေးနေတုန်းပဲ ရှိပါသေးတယ်။ တော်တော်လေး အသေးစိတ် ရွေးရပါတယ်။ လူတွေရှိတဲ့ မြို့တွေကိုေ ရာက်အောင် သွားရပါတယ်။ ရထားလမ်းကို စဉ်းစားတဲ့ အခါမှာ ရေးလမ်းကြောင်းတွေကို ရှောင်ရတယ်” ဟု ပြောသည်။
ထိုသို့ လမ်းဖောက်လုပ်ရန်အတွက် မြေပြင် စမ်းသပ်မှုများကို ယခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ ရထားလမ်းပိုင်းမှာ အသစ်ဖြစ်ကြောင်း၊ မြေပုံအတွင်း တွက်ချက်မှု များအရ မူဆယ်-မန္တလေးရထား လမ်းသည် ၄၂၁ ကီလိုမီတာ (၂၆၇ဒသမ ၈၁ မိုင်) ခန့် ကွာဝေးပြီး မူဆယ်၊ ကွတ်ခိုင်၊ သိန်းနီ၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မေမြို့ စသည့် မြို့များကို ဖြတ်သန်းမည်ဖြစ် ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရ သည်။
သီပေါမြို့နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း၊ ဦးရဲထွန်းက ယခုဖောက်လုပ်မည့် မီးရထား လမ်းပိုင်းမှာ တရုတ်နိုင်ငံ၏ ကြီးမား သည့် ဈေးကွက်နှင့် ချိတ်ဆက်မည်ဖြစ်၍ မြန်မာနိုင်ငံဘက်မှ နစ်နာမှု မရှိစေရန် မြေယာ အတွက် ၃၀ ရာခိုင်နှုန်း ကောက်ယူသည့် စနစ်မျိုးကို စဉ်းစားသင့်ကြောင်း အကြံပြုသည်။
ဦးရဲထွန်းက “ကိုယ်ဘက်က ဘာမှ တင်ဒါ ခေါ်စရာမလိုဘူး။ သူတို့ စိတ်ဝင်စားတာပဲ။ ကီလိုမီတာ ဘယ်လောက်နဲ့ လုပ်မလဲ သူတို့ လုပ်ပါစေ။ ဘယ်ကုမ္ပဏီပဲ ခေါ်ခေါ် တင်ဒါ ခေါ်တဲ့ ကိစ္စမှာလည်း ဦးနှောက် စားစရာမလိုဘူးလေ။ ဒီလမ်းကြီးက အသွားအလာ နည်းလို့ အခွန်အခ သိပ်မရဘူးဆိုတာလည်း ပူစရာ မလိုဘူး” ဟု ပြောသည်။
အဆိုပါ မူဆယ်- မန္တလေး မီးရထားလမ်းဖောက်လုပ်ပြီးပါက၊ တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းများ ဝင်ရောက်သကဲ့သို့ မြန်မာ ထုတ်ကုန် များလည်း တရုတ်မှ တဆင့် အရှေ့အလယ်ပိုင်း၊ ဥရောပ နိုင်ငံများ အထိရောက်နိုင်ကြောင်း၊ နိုင်ငံအများစုမှာ တရုတ်ဈေးကွက်နှင့် ချိတ်ဆက်ချင်သည့် ကာလ လည်း ဖြစ်သဖြင့် ယခု ဖောက်လုပ်မည့် လမ်းပိုင်းကို ကြိုဆိုကြောင်း ကုန်သည် စက်မှု အသင်းချုပ် UMFCCI မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။
ဒေါက်တာ မောင်မောင်လေးက “ မြန်မာနိုင်ငံက ဒီအခွင့်ရေးရတာကို ဝင်ဖို့ပဲ လိုတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ မီးရထားလမ်းဖောက်လုပ်မည် ဆိုပါက နိုင်ငံတကာ အဆင့်မီ တင်ဒါ ခေါ်ယူသွားမည် ဖြစ်ပြီး၊ PPP စနစ်ဖြင့် သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထား လုပ်ငန်းမှ သိရသည်။
မူဆယ်ဘက်မှ ပြေးဆွဲမည့် မန္တလေး ဘူတာကြီး အစား၊ ဆိုက်ရောက်မည့် ဘူတာကိုလည်း မန္တ လေးမြို့တောင်ဘက်ရှိ ပလိပ်မြို့ အနီး မြေနေရာလွတ် တခုတွင် အသစ်ပြုလုပ်မည်ဟုလည်း မြန်မာ့ မီးရထားမှ သိရသည်။
မူဆယ်- မန္တလေး ရထားလမ်း သစ်ဖောက်လုပ်ရေး အကြို စီမံကိန်းကို ၂၀၁၉ ခုနှစ် ဇွန်လ အတွင်းက မူဆယ်မြို့တွင် ကျင်းပခဲ့ပြီး၊ အဆိုပါ ညှိနှိုင်း အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ တရုတ်နိုင်ငံ China Railway Eryuan Engineering Group ဘက်မှ ပညာရှင် ၅ ဦး၊ မူဆယ်မြို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် မြေတိုင်းတာခြင်း၊ မြေယာ လျော်ကြေး ကိစ္စများ အတွက် အကြိုညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
မြန်မာ့ မီးရထား လုပ်ငန်းမှာ ပြည်သူများနှင့် တိုက်ရိုက် ဆက်စပ်သည့် လုပ်ငန်းဖြစ်သည့် အတွက် အစိုးရ အနေဖြင့် အရှုံးနှင့် နှစ်စဉ်ရင်ဆိုင်နေသော်လည်း ပြည်တွင်း ၌ ရထား လမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ရန်ကုန်မြို့၏ ယာဉ်ကျော ပိတ်ဆို့မှု ဖြေရှင်းနိုင်ရန် အတွက် ရန်ကုန်မြို့ မိုးပျံ မြို့ပတ် ရထားလမ်းကို ဆောင်ရွက်ရန် အတွက် စီစဉ်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။
You May Also Like These Stories :
မူဆယ်-မန္တလေး ရထားလမ်းက အကြွေးနှင့် ပဋိပက္ခများအတွက် စိုးရိမ်နေကြ
ရန်ကုန်မြို့ပတ်ရထားလမ်း အနောက်ခြမ်း အဆင့်မြှင့်ခြင်း စမည်
တရုတ်-မြန်မာ မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်း အရှိန်ရလာ
၂၀၁၉ တွင် စောင့်ကြည့်ရမည့် တရုတ် ပိုးလမ်းမ စီမံကိန်းများ