လွှတ်တော်တွင် တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်ကြောင့် ပြည်သူလူထုတွင် မည်သည့် ထိခိုက်နစ်နာမှုမျှ မရှိကြောင်း လွှတ် တော်တွင်း တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မောင်မောင်က ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ဗိုလ်မှူးချုပ် မောင်မောင် က “ကျနေ်ာတို့ ပါခြင်းအားဖြင့် ပြည်သူလူထုမှာ ဘာမှ နစ်နာသွားတာ မရှိဘူး။ ပြည်သူလူထု ကိုယ်စားပြုမှုတွေက တပ်မတော်သား တွေကို ဖယ်ပေးလိုက်ရလို့ နစ်နာတာ တခုမှ မရှိဘူး။ လက်ရှိမှာ ကျနော်တို့ ၂၅ ရာခိုင်နှုန်းကို ထည့်ပြီးတော့မှ လိုအပ်တာတွေကို ထိန်းသိမ်း ကြပ်မတ်ဖို့အတွက် ကာကွယ်စောင့်ရှောက်ဖို့အတွက် ထည့်ထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
တပ်မတော်သည် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံ၏ အချုပ်အခြာ အာဏာ ယိမ်းယိုင် မသွားစေရန်နှင့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ လိုသလို ပြင်ပြီး ယိုင်နဲ့ မသွားအောင် ကာကွယ် စောင့်ရှောက်နေခြင်း ဖြစ် ကြောင်း ၎င်းက ပြောသည်။
မေ ၁၄ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့ စည်းပုံ အခြေခဲ ဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို သီးသန့် မဆောင်ရွက်တော့ဘဲ လွှတ်တော်တွင်း ဖွဲ့ စည်းထားပြီး ဖြစ်သည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီအောက်သို့ ထည့်သွင်းလိုက် သဖြင့် တပ်မတော်မှာ မကျေမနပ် ဖြစ်သွားခဲ့ရသည်။
ဗိုလ်မှူးချုပ် မောင်မောင် က “ကျနော်တု့ိကသာလျှင် နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာအတွက်ကို ထိပါးလာမယ့် ကိစ္စမျိုးတွေ ရှိလာရင် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ခိုင်ခိုင်မာမာ ရပ်တည်ကာကွယ်နိုင်ဖို့ ပါနေတာ ဖြစ်တယ်။ ဖွဲ့ စည်းပုံ အရ ပါနေတာ ဖြစ်တယ်။ ဖွဲ့ စည်းပုံအရ ပါစရာ မလိုဘူးဆိုတဲ့ အချိန်မှာ ထွက်သွားမယ်”ဟု သတင်းထောက်များကို ပြောသည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ဦးဆောင်ရေးဆွဲခဲ့သူမှာ တပ်မတော်ဖြစ်ပြီး လက်ရှိတွင် တပ်မတော်သည် ၂၀၀၈ ဖွဲ့ စည်းပုံ အ ခြေခံ ဥပဒေအရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့တွင် ပါဝင်ခွင့် ရရှိနေပြီး ဖွဲ့စည်းပုံတွင် တပ်မတော်ကို အခန်းတခု ရေးဆွဲ၍ သီးခြား ပြဌာန်းပေးထားသည်။
ပြည်သူက ရွေးချယ်ခြင်းမဟုတ်ဘဲ လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုမှာ ပြည်ထောင်စုမပြိုကွဲရန်၊ အချုပ် အခြာ အာဏာမဆုံးရှုံးရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရန် အတွက် အတွက်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး)မှ ဒုဗိုလ်ချုပ်ကြီးဟောင်း သောင်းအေးက ဧရာဝတီသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြောဆိုထားသည်။
အုပ်ချုပ်ရေး မဏ္ဍိုင်တွင် ဒုတိယ သမ္မတ တယောက်ကို ရွေးချယ်ခွင့် ရရှိခြင်း၊ ဥပဒေပြုရေး မဏ္ဍိုင်တွင် ၂၅ ရာခိုင်နှုန်း ပါရှိပြီး တရား စီရင်ရေးမှာလည်း တပ်မတော်က ပါဝင်နေသည့် လက်ရှိ ဖွဲ့ စည်းပုံဖြင့် ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး မဖြစ်နိုင်ကြောင်း မန္တလေး မြို့မှ စာရေးဆရာ မောင်ဉာဏက ဧရာဝတီသို့ ပြောသည်။
ဖွဲ့ စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ဆောင်းပါးများ ရေးသားနေသူ မောင်ဉာဏ က “ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို စောင့်ရှောက်ခြင်း၊ မစောင့်ရှောက်ခြင်းက သူတို့ရဲ့ ခံယူချက် တပိုင်း၊ ထိခိုက်မှု မရှိလား၊ ရှိလားဆိုတာ ပြည်သူတွေ ရွေးချယ်ခန့်ထားတဲ့ ရာနှုန်းပြည့် ကိုယ်စားလှယ်တွေ မပါတဲ့အတွက် ဒီမိုကရေစီလို ဟာမျိုး၊ ဖက်ဒရယ်ကို သွားမယ်ဆို တာမျိုးကတော့ အပြောပဲ ဖြစ်နေမှာပဲ” ဟု သုံးသပ်သည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်ကမူ “ဒီမိုကရေစီ ဖက်ဒရယ် ပြည် ထောင်စုကို သွားမယ်ဆိုရင် လွှတ်တော်ထဲမှာ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပဲ ရှိရပါတယ်။ တပ်မ တော်ကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိနေခြင်းကိုက ဒီမိုကရေစီ စနစ်နဲ့ ဆန့်ကျင်နေပါတယ်။ အဲလို ဆန့်ကျင်ရင် နိုင်ငံမှာ အကျိုးစီးပွား ထိခိုက်ပါတယ်။ သမိုင်းမှာလည်း အများကြီးပဲ ရှိခဲ့ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အနေအထားတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် အမျိုးသား ရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အ ထောက်အကူ မပြုတော့ဘဲ လက်ရှိ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကြောင့် တပ်မတော်ကတခု၊ အစိုးရက တခု ဖြစ်နေရပြီး တပ်မတော် မှာလည်း လက်ရှိ အာဏာရ ပါတီ၏ အတိုက်ခံ သဘောမျိုး ဖြစ်လာနေကြောင်း မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောသည်။
ဦးစိုင်းသီဟကျော်က “လက်ရှိ နိုင်ငံရဲ့ အခြေအနေက ပြန်ကြည့်လိုက်ရင် ကွဲတာ၊ ပြဲတာ မတည့်တာ တဖက်နဲ့တဖက် အမြင်မကြည်တာ မယုံကြည်ကြတာ အဲဒါတွေ ဖြစ်တာ များနေတာ တွေ့ ရတယ်။ အဲဒါတွေကို ကြည့်တဲ့အခါ အဓိက ပြဿနာက လူပုဂ္ဂိုလ် အဖွဲ့ အစည်းကြောင့် မဟုတ် ဘဲနဲ့ စနစ်ကြောင့်ဖြစ်တဲ့ ဒီဖွဲ့ စည်းပုံ အခြေခံ ဥပဒေကြောင့် ဖြစ်တယ်လို့ အခုမြင်နေရတဲ့ အနေအထားမှာ ရှိတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “တဖက်နဲ့ တဖက် ယုံကြည်ကြပြီးတော့မှ စည်းစည်းလုံးလုံးနဲ့ ရှေ့တိုးနိုင်မယ့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတရပ် ပေါ် ပေါက်လာဖို့ မျှော်လင့်တယ်။ အဓိက ပြဿနာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဿနာ ဖြစ်ပါတယ်။ တပ်က လွှတ်တော်ထဲမှာ ရှိခြင်း၊ မရှိခြင်း ဆိုတာဟာ ကျနော်တို့အတွက် အဓိက ပြဿနာ မဟုတ်ပါဘူး” ဟု ပြောသည်။
တပ်မတော်ကမူ တိုင်းရင်းသားများအကျိုးအတွက် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ကြိုးစားသော်လည်း လွှတ်တော်၏ ဆောင်ရွက်ချက် ကြောင့် ကြန့်ကြာတော့မည် အခြေအနေ ဖြစ်ပေါ်နေရာ အမျိုးသား ရင်ကြားစေ့ရေး၊ တိုင်းရင်းသားရေးတို့အတွက် မည်သူက ဆောင်ရွက်ပေးနေသလဲ ဆိုသည်မှာ အဖြေရှိနေပြီ ဖြစ်ကြောင်း ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။
ထို့ပြင် NLD အစိုးရလက်ထက် ဆောင်ရွက်မှုများကြောင့် တိုင်းပြည်၏ လက်ရှိ အခြေအနေမှာ ပြည်တွင်း၊ ပြည်ပ အဖွဲ့ အစည်းများ က အချုပ် အခြာ အာဏာကို လာရောက် ထိပါးနေသည့် အခြေအနေတွင် ရှိနေပြီး ပြည်သူ၏ စီးပွားရေးမှာလည်း အလွန် နိမ့်ကျ နေသလို လုံခြုံမှုလည်း ကင်းမဲ့နေပြီဟု ၎င်းက ထောက်ပြခဲ့သည်။
“ဒါမျိုးလေးတွေ တွေ့ နေရတာ ဖြစ်တဲ့ အတွက် ဒါတွေနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်နေတဲ့အချက်တွေဟာ မှန်ကန်ရဲ့ လား၊ မျှ တရဲ့လား အများနဲ့ မဲခွဲပြီး ဆုံးဖြတ်လိုက်တိုင်း မှန်ရဲ့လား စဉ်းစားစရာ ဖြစ်လာတယ်။ ဒီမိုကရေစီ၊ ဒီမိုကရေစီ ဆိုပြီးတော့ လုပ်ချင်ရာ လုပ်နေတဲ့ ပုံစံမျိုးတွေ တွေ့တွေ့ နေတယ်” ဟု ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။
ယင်းပြောဆိုချက်ကို လက်မခံနိုင်ကြောင်း၊ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို စီမံခန့်ခွဲရသည့် ပြည်ထဲရေး ဝန်ကြီးသည် မည်သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်ကို စဉ်းစားရန် လိုကြောင်း NLD ပါတီမှ ဒေါက်တာ မျိုးညွှန့်က ပြောသည်။
“ကျနော်တို့ အစိုးရလက်ထက်မှာ လုံခြုံမှု ကင်းမဲ့တယ်ဆိုရင် လုံခြုံရေးက ပြည်ထဲရေးက အဓိက တာဝန်ယူထားရတာ ဖြစ်ပါတယ်။ ပြည်ထဲရေး ဝန်ကြီးက အစိုးရရဲ့ လက်အောက် ဖြစ်ပေမယ့် ပြည်ထဲရေးဝန်ကြီး ခန့်နိုင်တာ၊ ဖယ်ရှားနိုင်တာဟာ သမ္မတ မဟုတ်ပါ ဘူး။ အဲဒီအချက်ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်မှာ အားနည်းတယ်ဆိုရင် သမ္မတမှာပဲ လုံးဝ တာဝန်ရှိတယ်လို့ ပြောလို့ မရဘူး”ဟု ဒေါက်တာ မျိုးညွှန့် က ဆိုသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကြိုးစားနေရာ တပ်မတော်၏ ပါဝင်မှုသည် အလွန် အရေးကြီးသဖြင့် လက်ရှိ အာဏာရ ပါတီကမူ အမျိုးသား ပြန်လည် သင့်မြတ်ရေးမူဖြင့် တပ်မတော်ကို စည်းရုံးလျက် နိုင်ငံရေး ခရီး ရှေ့ဆက်နိုင်ရန် ကြိုးစား အားထုတ်လျက်ရှိသလို တချိန်တည်းတွင်လည်း တပ်မတော် အာဏာပြန်သိမ်းမည်ကိုလည်း စိုးရိမ်ပူပန်မှုများ ရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ၃ ပါးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းရခြင်း ဖြစ်ပြီး သမ္မတက လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်ရခြင်း ဖြစ်သည်။ ယခု အချိန်တွင် ၎င်းတို့အားလုံးသည် အသက် ၆၀ ပြည့်ပြီ ဖြစ်သော်လည်း သက်ပြည့်ပင်စင် မယူကြသေးပါ။
လက်ရှိ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးမှာ ယခင် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြား ဆက်ဆံရေးကဲ့သို့ နီးကပ်သည့် ဆက်ဆံရေးမျိုးတွင် မဟုတ်ဘဲ သံတမန် ဆက်ဆံရေး မျိုးသာ ရှိသည်ဟု နေပြည်တော် နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်သည်။
သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့ကြား ၂ ဦးတည်း တွေ့ဆုံပြီး တိုင်းပြည်၏ မျက်မှောက်ရေးရာကိစ္စရပ်များကို ဆွေးနွေးပြောဆိုမှုများ ရှိသည်ဟု သမ္မတရုံးက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက ပြောဆိုထားသည်။
ဆက်စပ်ဖတ်ရှူရန်
တပ်မတော်သည် အစိုးရ လက်အောက်တွင် ရှိ၊ မရှိ လွှတ်တော်တွင် လူသိရှင်ကြား မေးခွင့်မရ
လွှတ်တော်တွင် ဒီမိုကရေစီ “အနိုင်ကျင့်ခံရပြန်ပြီ” ဟု တပ်မတော်ပြော
အဂတိလိုက်စားမှုများကို မျက်နှာမလိုက်ဘဲ ဖော်ထုတ်ပေးရန် တပ်မတော် တောင်းဆို