ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့တွင် ဥပဒေနှင့်မညီဘဲ တစ်ရှုးငှက်ပျောများ စိုက်ပျိုးနေသည့် ပုဂ္ဂလိက ကုမ္ပဏီတခု ကို အရေးမယူဘဲ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေနှင့်အညီ တရားဝင် မြေလျှောက်ခွင့် ပြုပေးထားကြောင်း ကချင်ပြည်နယ်မှ အ မျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ ပြောသည်။
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်း က “သက်ဆိုင်ရာ ပြည်နယ် အစိုးရကလည်း ပျော့တယ်။ ဒီကိစ္စကို ပြည်နယ် အစိုးရကပဲ ဖြစ်ဖြစ်၊ ပြည်ထောင်စု အစိုးရကပဲ ဖြစ်ဖြစ် လေးလေးနက်နက် ကိုင်တွယ်စေချင်တယ်။ စိုက်ထားတာ ဖြစ်လို့ ဒါကို မင်းတို့ မြေလွတ်မြေရိုင်း ဥပဒေသစ်အရ လျှောက်ကြပါ ဆိုရင် သူတို့တွေက ပိုင်ရှင်ဖြစ်ပွားမှာပေါ့။ မဟုတ်ဘူးဆိုရင် ဥပဒေနဲ့အညီပဲ အရေးယူပေး”ဟု ပြောသည်။
၎င်းသည် ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် တစ်သျှူးငှက်ပျောများ ထပ်မံ တိုးချဲ့ စိုက်ပျိုးခြင်း မပြုရန် ပြည်နယ် အစိုး ရ၏ တားမြစ်ချက်ကို ဖောက်ဖျက်ပြီး ဒေါ့ဖုန်းယန်မြို့ ၊ တာဆိုင်၊ တန်ပကျိုင်း ဒေသတဝိုက်တွင် သတ္တုတူးဖော်လုပ်ငန်း အမည်ခံ ပန်းမြတ်မာလာ ကုမ္ပဏီမှ တရားမဝင် စိုက်ပျိုးနေမှု အပေါ် အမြန်ဆုံး ဖြေရှင်းပေးရန် အစိုးရသို့ တောင်းဆိုခဲ့သည်။
ယင်းဒေသတွင် တစ်သျူးငှက်ပျောများကို လက်ရှိ စိုက်ပျိုးထားသည့် မြေမှအပ ထပ်မံ တိုးချဲ စိုက်ပျိုးခြင်း မပြုရန် ကုမ္ပဏီတခုကို ခေါ်ယူပြီး ဒေါ့ဖုံးရန်မြို့ နယ် အာဏာပိုင်များက ဝန်ခံ လက်မှတ်ရေးထိုးခိုင်းခဲ့သော်လည်း ကုမ္ပဏီက မလိုက်နာသဖြင့် တည်ဆဲ ဥပဒေ နှင့် တရားစွဲဆိုရန် မြို့နယ်အဆင့်တွင် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။
သို့သော် မြို့နယ်အဆင့်တွင် အရေးယူရန် ဆုံးဖြတ်ခဲ့သော်လည်း ဗန်းမော်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ ဆက်လက် တင်ပြသည့်အခါ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် အချက်အလက် အပြည်အစုံဖြင့် မြေ လျှောက်ထားနိုင်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက အမျိုးသား လွှတ်တော်တွင် ပြောသည်။
ဒုတိယ ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက “သတ်မှတ်ချက်နဲ့အညီ ဗဟိုကော်မတီ (သို့မဟုတ်) သက်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသို့ လျှောက်ထားရမည်ဟု ဆုံးဖြတ်ခဲ့ပြီး မိုးမောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ ညွှန်ကြားထားပြီး ဖြစ်ပါကြောင်းကို ကချင်ပြည်နယ် အစိုးရအဖွဲ့ မှ ဖြေကြား ထားပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်”ဟု ပြောသည်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ပန်းမြတ်မာလာ ကုမ္ပဏီ လီမိတက်သို့ ဓာတ်သတ္တု အသေးစား ထုတ်လုပ်ရန် ခွင့်ပြုမိန့်ကို ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ၃ နှစ်တိတိ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားခွင့် ပြုသည့် စနစ်ဖြင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ပြီး ကု မ္ပဏီ အနေဖြင့် သတ္တုတမျိုးတည်းကိုသာ တူးဖော်ခွင့် ရှိပြီး အခြား မည်သည့် စီးပွားရေး လုပ်ငန်းကိုမျှ လုပ်ကိုင်ခွင့် ပြုမထား ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ပြောသည်။
ယခုလို အခြေအနေကြောင့် အောက်ခြေတွင် ပွက်လောရိုက်နေပြီး သက်ဆိုင်တဲ့ ကျေးရွာ ဥက္ကဋ္ဌ ကလည်း ထွက်ပြေးချင်ပြီဟု ပြော ဆို လာကြောင်း၊ ဒေသခံများ၏ ပြောင်းဖူး စိုက်ခင်းများကိုပါ အတင်းဝင်ထိုးပြီး ကုမ္ပဏီပိုင်မြေဟု ဝင်ရောက် လုပ်ကိုင်သည့်အခါ ဒေ သခံများက တုတ်၊ ဓါး ကိုင်ဆောင်မှုများပါ ဖြစ်လာကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက ပြောသည်။
ဒေါက်တာ ခွန်ဝင်းသောင်း က “သူတို့ လုပ်ပိုင်ခွင့်ရခဲ့ရင်တောင် ဥပဒေနဲ့ မညီဘူး။ သတ္တုကုမ္ပဏီဆိုတာ သတ္တုတူးဖို့ပဲ ဖြစ်တယ်။ ငှက်ပျောစိုက်ဖို့ မဟုတ်ဘူး။ ဒီလို ဥပဒေနဲ့ မညီတဲ့ ကိစ္စတခုကို ဘာဖြစ်လို့ အရေးယူဖို့ တွန့်ဆုတ်နေရတာလဲ။ ဥပဒေနဲ့ မညီဘူးဆိုရင် ကျေသားရင်သား မခွဲခြားနဲ့ လေ”ဟု ပြောသည်။
ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်မှ စတင်ကာ ကချင်ပြည်နယ်သို့ ရောက်ရှိလာပြီး အစပိုင်းတွင် ဒေသခံများနှင့် လွတ်သည့် နေရာများတွင် တစ်ရှုးငှက်ပျောများကို စတင်စိုက်ပျိုးခဲ့သော်လည်း ၂၀၁၈၊ ဇွန်လမှ စတင်ကာ ဒေသခံများ၏ မြေများထဲသို့ စတင်ဝင်ရောက်လာ သည်အခါ ပဋိပက္ခများ စတင်လာကြောင်း ယင်းဒေသမှ တာဆိုင်ကျေးရွာ ဥက္ကဋ္ဌ ဦးအောင်မူးက ဧရာဝတီသို့ ပြောသည်။
ဦးအောင်မူး က “ကျနော်ဆီကို ရောက်လာတော့ ကုမ္ပဏီဘက်မှာ အထောက်အထားရှိရင် တရားစွဲပါဆိုတော့လည်း မစွဲဘူး။ ကုမ္ပဏီ ဘက်မှာလည်း အထောက်အထား မရှိဘဲ လုပ်နေတာ။ နောက်ဆုံးကျ တောင်သူတွေနဲ့ ပဋိပက္ခ ဖြစ်လာမှာ စိုးရတယ်။ ဖြစ်လာမှာ ဆိုးတာထက်ကို ဖြစ်ချင်တဲ့ ပုံစံကို ဖြစ်နေတာ”ဟု ပြောသည်။
၎င်းက ဆက်၍ “ရွာသားတွေက တဖက်ကနေ တုတ်နဲ့ ဓါးနဲ့ ဖြစ်လာမှာကို အဲဒါကိုကျတော့ ရွာသားတွေဘက်ကို ထိန်းဖို့ ရဲစခန်းက နေ ကျနေ်ာဆီကို အကြောင်းကြားတယ်။ မဖြစ်အောင် တားပေးပါ ဆိုတော့ ကျနော်က တားပေးတယ်။ ဒါပေမယ့် ကုမ္ပဏီဘက်ကို ကျတော့ တားပေးမယ့်သူ မရှိတော့ တောင်သူတွေရဲ့ စိုက်ခင်းတွေကို ကုမ္ပဏီက ဘူဒိုဇာနဲ့ လိုက်ထိုးနေတယ်” ဟု ပြောသည်။
ကုမ္ပဏီက ဒေသခံများကို စာရွက်စာတမ်း အထောက်အထားတချို့ ပြသပြီး ၎င်းတို့ အပိုင်ဟု ပြောဆိုနေသော်လည်း ၎င်းတို့ ရရှိ ထားသည့် ပုံစံ ၁၀၅၊ ၁၀၆ တို့မှာ မြေလျှောက်ခွင့် စာရွက်စာတမ်းတချို့သာ ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ကလည်း ခွင့်ပြု မပေးသင့်သည့် ဧကများစွာကို ခွင်ပြုပေးခဲ့ကြောင်း အထက်ပါ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်က သတင်းထောက်များကို ပြောသည်။
ဒေါက်တာ ခွန်ဝင်းသောင်း က “ပုံစံ ၁၀၅ ဆိုတာ ပိုင်ဆိုင်မှုလည်း မဟုတ်ဘူး။ စာမတတ်တဲ့ ရွာသားတွေကို ဒီစာရွက်ပြပြီး လုပ်သွားတာ။ အဲဒီတုန်းက သူစိုက်ခွင့် ရတာ ဧက ၁၀၀၀ လောက်ပဲ ရှိမယ် ထင်ပါတယ်။ လက်ရှိ စိုက်နေတာရော၊ ဝယ်တာရောဆိုရင် ၂၀၀၀ ကျော်နေပြီ”ဟု ပြောသည်။
၎င်းက ဆက်၍ “ကျနော်ရဲ့ Power Point မှာ ပြောသလို (အမျိုးသား လွှတ်တော်တွင်) သြင်္ကန်အမြောက်ဆံလိုဆိုတာ ဥပဒေက ပြောသာ ပြောတယ်။ ဘာမှ မထိရောက်ဘူး။ ပြည်သူလူထုကလည်း ကျနော်တို့ကို ယုံကြည်မှု ကျဆင်းနေပြီ။ ဒေသခံတွေကဆိုရင် ဆရာတို့ NLD လက်ထက်ရောက်မှ ဒါက မြေသိမ်း နည်းတမျိုးလားလို့ မေးနေကြပြီ” ဟု ပြောသည်။
ကုမ္ပဏီ ဝင်ရောက်စိုက်ပျိုးနေသည့် မြေများထဲတွင် စစ်ဘေးရှောင်များ၏ မြေများလည်း ပါကြောင်း၊ ကချင်ပြည်နယ် တခုလုံးမှာ ငှက်ပျော ပင်လယ်ကြီး ဖြစ်နေပြီ ဖြစ်ကြောင်း၊ ယခုလို တရားဝင် မြေလျှောက်ခိုင်းပါက ဒေသခံများကိုပါ တရားဝင် အသိပေး လျှောက်ခိုင်းရမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများက ပြောသည်။
ငှက်ပျောစိုက် ကုမ္ပဏီတချို့ သည် ဒေသခံများ၏ မြေကိုသာမက သစ်တောဌာနပိုင် မြေကိုပါ ကျုးကျော် စိုက်ပျိုးသဖြင့် တရားစွဲ ဆိုပြီး ဝန်ကြီးဌာနက ၃ ကြိမ်ခန့် စာထုတ်မောင်းထုတ်သော်လည်း မသွားကြကြောင်း၊ ဦးစခုန်တိမ့်ယိမ်းသားပိုင် ကုမ္ပဏီလည်း ပါသလို ကုမ္ပဏီများ၏ နောက်ခံသည် တရုတ်ကုမ္ပဏီများ ဖြစ်ကြောင်း ဒေါက်တာ ခွန်ဝင်းသောင်းက ပြောသည်။
ကချင် ဒေသတွင် တစ်ရှုးငှက်ပျော စိုက်ပျိုးခြင်းကိုလည်း လက်မခံကြဘဲ ယင်းစိုက်ခင်များကြောင့် အိမ်မွေး တိရိစ္ဆာန်များ ထိခိုက် ခြင်း၊ ၎င်းတို့ သုံးစွဲသည့် တရုတ်နိုင်ငံထုတ် ဆေးများကို ကြောက်လန့်ခြင်းနှင့် မြေဆီလွှာများ ပျက်စီးမည်ကို စိုးရိမ်ခြင်းမျိုး ရှိ ကြောင်း ဒေသခံများက ပြောသည်။