မြန်မာနိုင်ငံ အနှံ့အပြား၌ ၁ လတာ ကာလ အတွင်း အပူဒဏ်ကြောင့် သေဆုံးသူ ၃၀ ဦး ရှိပြီး ပဲခူးတိုင်းဒေသကြီးတွင် သေဆုံးမှုနှုန်း အမြင့်ဆုံး ဖြစ်နေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန က သိရသည်။
အပူချိန် မြင့်တက်မှုကြောင့် ဧပြီ ၁၃ ရက်မှ မေ ၁၄ ရက် အထိ ပဲခူးတိုင်း ဒေသကြီးတွင် ဆေးရုံတက် ရောက်ကုသသူ ၂၈ ဦး အနက် ၁၁ ဦး သေဆုံးခဲ့ကာ တနိုင်ငံလုံးတွင် သေဆုံးသူ ဦးရေ ၃၀ ခန့် ရှိပြီဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီး ဌာနက သိရသည်။
ပြည်သူ့ကျန်းမာရေး ဦးစီးဌာ၊ ညွှန်ကြားရေးမှူး (သဘာဝဘေး) မှ ဒေါက်တာ ခင်နန်းလုံ က “အပူဒဏ်ခံစားပြီးတော့ ဆေးရုံ တက်ရတာ၊ အပူကြောင့် အားအင် ကုန်ခမ်းပြီးတော့ သတိလစ် မေ့မြောတာတွေ ဖြစ်တာပေါ့” ဟု ပြောသည်။
ပဲခူးတိုင်းသည် ယခုနှစ် တနိင်ငံလုံး အပူချိန် အမြင့်ဆုံးထဲတွင် ပါဝင်သည်။
အပူဒဏ်ကြောင့် ရန်ကုန်တွင် ဆေးရုံ တက်ရောက် ကုသသူ ၃၇ ဦးမှ သေဆုံးသူ ၈ ဦး၊ မန္တလေးတွင် ကုသသူ ၅၃ ဦး အနက် သေဆုံးသူ ၄ ဦး၊ ဧရာဝတီတိုင်းတွင် ကုသသူ ၄ ဦးတွင် ၂ ဦး၊ မကွေးတိုင်းတွင် ကုသသူ ၁၀ ဦး အနက် ၃ ဦး၊ စစ်ကိုင်းတွင် ကုသသူ ၁၁ ဦး အနက် သေဆုံးသူ ၂ ဦး ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင် ၁ ဦး၊ ကရင်ပြည်နယ်တွင် ၂ ဦးနှင့် နေပြည်တော်တွင် ၃ ဦးမှာ ဆေးရုံ တက်ရောက် ကုသခဲ့ ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ပြောဆိုထားသည်။
မုတ်သုံအဝင် နောက်ကျမှုကြောင့် မြန်မာ တနိုင်ငံလုံး နီးပါးတွင် အပူချိန်များ မြင့်တက်လာနိုင်ပြီး အန္တရာယ်ရှိလောက်သည့် အပူချိန်ဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။
ထူးခြားသည့် နေ့အပူချိန်များ အဖြစ် ဂန့်ဂေါတွင် ၄၇ ဒီဂရီ စင်တီဂရိတ်၊ မြင်းခြံတွင် ၄၆ ၊ ချောက်တွင် ၄၆ ၊ မုံရွာတွင် ၄၅ ၊ တောင်တွင်းကြီးတွင် ၄၄ ၊ မြင်းမူတွင် ၄၆ ၊ ညောင်ဦးတွင် ၄၆ ၊ ပေါက်တွင် ၄၆ ၊ ပခုက္ကူတွင် ၄၄ နှင့် မန္တလေးတွင် ၄၄ ဒီဂရီ စင်တီဂရိတ် အသီးသီး ရှိခဲ့ကြောင်း သိရသည်။
မေလ ၁၅ ရက်မှ ၂၁ ရက် အထိ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်း တို့မှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်များတွင် အပူချိန် မြင့်တက်လာမည် ဖြစ်ကြောင်း မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် က ခန့်မှန်းထားသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကလည်း အယ်နီညို ဖြစ်စဉ်သည် ၂၀၁၉ ခုနှစ် ဩဂုတ်လ အထိ ဆက်လက် ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
အပူဒဏ်ကြောင့် ဖောယောင်ခြင်း (Heat edema)၊ မိတ်နှင့် ယားနာများထွက်ခြင်း(Heat rashes)နှင့် ကြွက်တက်ခြင်း(Heat cramps) စသည့် ရောဂါဝေဒနာများ ခံစားရနိုင်သည့် အပြင် ရောဂါပိုမိုဆိုးရွားလာပါက အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion) မူးမေ့ခြင်း (Heat syncope) သတိလစ်ခြင်း (Heat stroke) အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အရေပြား ပူ၍ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း စသည့် ရောဂါလက္ခဏာများ ခံစားရနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားသည်။
ထိုသို့ ဝေဒနာများ မခံစားရစေရန်အတွက် ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားပါက အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များဆောင်းသွားခြင်း၊ အလင်းပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ခြင်း၊ နေပူထဲမှ ပြန်လာပြီးချက်ချင်း ရေချိုးခြင်းနှင့် မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွတ်ခြင်း၊ ရေချိုးခြင်းစသည် တို့ကို ရှောင်ကြဉ်ခြင်း၊ အရက်သေစာသောက်သုံးခြင်းကြောင့် ရှောင်ကြဉ်ခြင်း၊ ရေနှင့် ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပေးရန်တို့ကိုလည်း သတိပေးထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှူရန် – အပူချိန်မြင့်တတ်မှုကို အထူးဂရုစိုက်ရန် ဒေါက်တာ ထွန်းလွင် သတိပေး
အမြန်ဆုံး ဘယ်လို မီးပေးနိုင်မလဲ (သို့မဟုတ်) မြန်မာ့ ပြည့်မြဲစွမ်းအင် အမြင်