နေပြည်တော် ကောင်စီ နယ်မြေ အတွင်း ကျူးကျော် ဝင်ရောက် နေထိုင်သူ ၉၀၀ ကျော် ရှိပြီး ၎င်းတို့ မြေနေရာ ရရှိရန် အတွက် ယခုနှစ် အတွင်း အပြီးသတ် ဆောင်ရွက်ပေးသွားမည်ဟု နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ အမြဲ တမ်း အတွင်းဝန် ဦးမျိူးအောင်က ပြောသည်။
ဦးမျိုးအောင် က “မြေကွက်တွေ ပေးမှာလား၊ အထပ်မြင့် အဆောက်အအုံ ဆောက်ပြီး ဆောင်ရွက်ပေးမလား ဆိုတာကို မူဝါဒက သီးခြား မထွက်လာသေးပါဘူး။ ဒီအစိုးရ သက်တမ်း အတွင်းမှာ ဖြစ်နိုင်ပါတယ်။ ဒီနှစ်အတွင်းမှာကို လုပ်နေပါတယ်။ မကြာခင် ထွက်လာနိုင်ပါတယ်” ဟု ဆိုသည်။
နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီး ဌာနရုံးတွင် ပြုလုပ်သည့် အစိုးရ၏ ၃ နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါ အတိုင်း မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
နေပြည်တော် ကောင်စီ နယ်မြေ အတွင်း ကျူးကျော် ဝင်ရောက် နေထိုင်သူ စာရင်းများကို ကောက်ယူရာတွင် ၉၀၀ ကျော် ရှိကြောင်း၊ ထိုသို့ စာရင်းကောက်ယူရာတွင် နေပြည်တော် ကောင်စီမှ ဦးစီး၍ စည်ပင် သာယာရေး ကော်မတီဝင်များနှင့် ကျူးကျော် စာရင်းကို ကောက်ယူခဲ့သည်ဟု သိရသည်။
၂၀၁၆ ခုနှစ်က စ၍ ကျူးကျော်များကို စာရင်း ကောက်ခဲ့ရာတွင် ၆၀၀ ကျော် ရှိသဖြင့် ယခု နောက်ပိုင်းတွင် ပို၍ တိုးလာ ကြောင်း၊ စည်ပင်သာယာရေး ကော်မတီ အနေဖြင့် မြေယာ ကိစ္စများကို ဖြေရှင်းပေးရာတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်း ဆွေးနွေးမှုများ မရှိကြောင်းလည်း ဒက္ခိဏ သီရိမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးသန့်ဇင်ထွန်း က ဧရာဝတီသို့ ပြောသည်။
ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း က “စည်ပင်သာယာရေး ကော်မတီဘက်က လုပ်နေတာ။ ဘယ်လို လုပ်နေလဲ ဆိုတော့ ကိုယ်စားလှယ်တွေနဲ့ ပေါင်းစပ် ညှိနှိုင်း တိုင်ပင်ပြီးတော့ လုပ်နေတာ မဟုတ်ဘူး။ မရှိတော့ မသိဘူး။ ဘယ်လို အကောင် အထည်ဖော်မယ် ဆိုတာလည်း မသိရဘူး” ဟု ဆက်ပြောသည်။
နေပြည်တော်၌ ကျူးကျော် ဝင်ရောက်မှုများမှာ ပုံစံ အမျိုးမျိုးဖြင့် ဝင်ရောက်နေပြီး ဒေသခံများမှ တောင်ယာ လုပ်ငန်း လုပ်ကိုင်ရင်းနှင့် ကျူးကျော်ခြင်း၊ နေပြည်တော် စီမံကိန်းနှင့် အတူ ရွှေ့ပြောင်းလုပ်သားများ ပါလာပြီး အဆိုပါ လုပ်သားများ မှ တဲထိုးပြီး ကျူးကျော်နေထိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းသာမှုကြောင့် ကျူးကျော်နေသည့် သူများ ဖြစ်ကြကြောင်း လွှတ်တော် ကိုယ်စားလှယ်များ၏ ပြောပြချက် အရ သိရသည်။
ဒက္ခိဏ သီရိမြို့နယ် အတွင်းမှ မိမိပိုင် လယ်ယာမြေပေါ်တွင် သီးနှံ ပြန်လည် စိုက်စား သဖြင့် အမှုရင်ဆိုင် ဖြေရှင်းနေရသူ ဦးသက်မင်းထွန်းကလည်း မူလပိုင်ဆိုင်သည့် လယ်ယာ မြေဧက ၃၀ ကျော် စည်ပင်က သိမ်းယူပြီး၊ ၁၅ ဧက အတွက် လျော်ကြေး ရယူထားကြောင်း၊ လျော်ကြေး ပေးစဉ်က လယ်တဧကလျှင် ကျပ် ၂ သိန်း နှုန်း၊ မြေ တဧက ကို ၁ သိန်းနှုန်း ဖြင့် ရယူခဲ့ရကြောင်း၊ ကျန်သည့် မြေဧကပေါ်တွင် တဲထိုး၍ သီးပင် စိုက်ပျိုးသဖြင့် ယခုမှာ စည်ပင်သာယာရေး ကော်မတီမှ တရားစွဲဆိုခံထားရကြောင်း ပြောပြသည်။
ဦးသက်မင်းထွန်း က “ကျနော် အခု တရားစွဲခံရလို့ ရုံးချိန်းသွားနေရတယ်။ ကိုယ့်မြေအပေါ်မှာ ကိုယ်စိုက်စားတာပါ။ အရင် တုန်းကလည်း ဒီမှာ သီးပင်စိုက်လို့ ဆိုပြီး တရားစွဲခံရတယ်။ သူတို့ပဲ အမှုကို ရုပ်တယ် ဆိုပြီး ရုပ်သိမ်းပေးတာ။ အခုက နောက်တခါ ပြန်စွဲတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
နေပြည်တော် ကောင်စီ နယ်မြေ စတင် တည်ဆောက်ခဲ့စဉ်က သိမ်းဆည်းခဲ့သည့် မြေ ဧက ခြောက်သောင်း ဝန်းကျင်ရှိပြီး ယင်းအထဲတွင် လယ်ယာမြေ ဧက ၂၃၀၀၀ ကျော်၊ သစ်တောမြေမှ စွန့်လွှတ်သည့် မြေ ဧကပေါင်း သုံးသောင်းခန့်၊ မြေ လွတ်မြေရိုင်း ဧက ၁၀၀ ခန့်နှင့် မြို့ဟောင်း ၃ မြို့ ဖြစ်သည့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့မှ ဧက ၅၀၀၀ ကို မြို့ မြေ အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
လက်ရှိ အစိုးရ လက်ထက်တွင် နေပြည်တော် ကောင်စီ နယ်မြေ အတွင်း သိမ်းဆည်းခံမြေများအတွက် တောင်သူများကို ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး ခုနှစ်အတွင်း နစ်နာကြေးငွေ ပေးအပ်မှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး သစ်တော စိုက်ပျိုးမြေ ဧက ၉၀၀ ကျော်ရှိ နစ်နာသည့် တောင်သူ ၃၈၂ ဦးအတွက် လျော်ကြေးငွေ ကျပ်သန်း ၁၁၀၀ ကျော် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
You May Also Like These Stories:
စည်ပင်ဥပဒေသစ် အသက်မဝင်သေးတဲ့ အကျင့်ဟောင်းများနဲ့ မြို့တော်
ငပလီ ကမ်းခြေ သဲသောင်ပြင်ပေါ် ဟိုတယ်များ ကျူးကျော်ထားမှု အရေးယူရန် အဆိုတင်
အမျိုးသားမြေ ဥပဒေ ပေါ်ထွက်လာရေး လွှတ်တော်၌ ဆွေးနွေးမည်
ကျူးကျော် ခြံခတ် ခြိမ်းခြောက်သူများကို အရေးယူပေးရန် ဆန္ဒဖော်ထုတ်